ခေါင်းဆောင် နှင့် မန်နေဂျာ
များသောအားဖြင့် ခေါင်းဆောင် နှင့် မန်နေဂျာ မှာ ခွဲခြား၍ မလွယ်ပေ။ သို့သော် ခွဲခြား၍ မလွယ် သော်လည်း ကွဲပြားခြားနားပုံကို နားလည်ဖို့ လိုသည်။
ဦးဝင်းမြင့်က ကား ၆ စီးမလို၊ ရုံးတက်ရန် ကားတစ်စီးသာ ထားခဲ့ရန်ပြောသောအခါ လူအတော်များများက တုံးလှချည်ရဲ့၊ မာစီးဒီးကားဆိုသည်မှာ နေရာတကာ မစီးသင့်၊ ကားများကို သူ့နေရာနှင့်သူ စီး၍ မပျက်စီးသင့်သည်ကို မပျက်စီးစေပဲ လဲလှယ် စီးသင့်သည်၊ ဦးဝင်းမြင့် စီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဟု မြင်ကြသည်။ နေ့စဥ် အသုံးပြုမည့်ကားကိုသာ ထားခဲ့ခိုင်းပြီး ကျန်ကားများကို ဘုံအဖြစ်ထားပြီး အခြားနိုင်ငံတော် အဆင့် ဝန်ကြီးများနှင့် ဝေငှသုံးစွဲ၍ ရသည်။ အနည်းငယ် ပို၍ခက်ခဲစွာ ခန့်ခွဲရမည်ဖြစ်သော်လည်း Uber နှင့် အခြားသော Sharing Economy အယူအဆကို သိသောသူများ နားလည် လက်ခံ၍ ရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဦးဝင်းမြင့် ထိုသို့ ကား ၆ စီး မလိုဟုဆိုသည်မှာ NLD ၏ ထိပ်တန်း အရာရှိတစ်ယောက် အနေဖြင့် အခြား ဝန်ကြီးများနှင့် လက်အောက်ငယ်သားများကို နိုင်ငံတော်ဘဏ္ဍာကို မလိုအပ်လျှင် မသုံးကြနှင့်ဟု ရိုးသားမှု အနစ်နာခံမှု စံ တစ်ခုကို သတ်မှတ်ခြင်း ဖြစ်သည်။
ဤနေရာတွင် ဦးဝင်းမြင့် လုပ်ဆောင်လိုက်သည်မှာ စီမံခန့်ခွဲမှု မဟုတ်ပဲ ခေါင်းဆောင်မှု ဖြစ်လေသည်။

ယခုတခါ စက်ဘီးစီး၍ ရုံးတက်မည့် ဒေါက်တာမျိုးအောင် ဟုခေါ်သည့် နောက်ဝန်ကြီးတစ်ယောက် ပေါ်လာတော့လည်း ကိုယ်က အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည့်အတွက် ကိုယ့်ကိုကိုယ် ပင်ပန်းအောင် မနှိပ်စက်သင့်၊ အရေးကြီးတာဝန်များကို ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်း ထမ်းဆောင်သင့်သည်၊ ောက်ပိုတွေ မလုပ်သင့်ဟု ဆိုကြပြန်သည်။ ဖြည့်တွေးပြန်လျှင်လည်း နေပြည်တော်မှ လမ်းများသည် သူ့မြို့သူ့ဇာတိမှ မြေနီလမ်းထက်စာလျှင် အင်မတန် ကောင်းနေပုံရသည်။ စက်ဘီးစီးလျှင်လည်း မနက် ညနေ အချိန်များတွင် လေတဖြူးဖြူးနှင့် ကောင်းမွန်ပြီး ကျန်းမာရေးနှင့် အင်မတန် ညီညွတ်နိုင်သည်။ နယူးယောက် မြို့တော်ဝန်က နယူးယောက်မြို့လယ်မှ ကားပါကင်များကို ဖျက်သိမ်းပြီး ဝေငှ သုံးစွဲနိုင်သော စက်ဘီးများ ချပေးသည်။ ပြည်သူအများစု သွားရလာရသည်မှာ အဆင်ပြေချောမွေ့သွားသည့်အတွက် အားလုံးကြိုက်ကြသည်။ စက်ဘီးစီးခြင်းသည် ပြဿနာ တစ်ခု မဟုတ်ပေ။ ခေတ်မှီ ခြင်းသာ ဖြစ်လေသည်။
ဝန်ကြီးအနေဖြင့် ရုံးသွားရုံးပြန် စက်ဘီးစီးခြင်းဖြင့် မလိုအပ်သော စရိတ်များ လျော့ချနိုင်သည့် အပြင် ခေတ်မှီ ကျန်းမာသော လူ့အဖွဲ့အစည်း တစ်ခုကို ဦးဆောင်သွားနိုင်သည်။
ဤသူများသည် မတ်တူးစီးသော၊ နိုင်ငံ၏ ဆင်းရဲမွဲတေမှု အခြေအနေကို အလေးထားသော ဒေါ်အောင်ဆန်းစုကြည် ၏ ခေါင်းဆောင်မှု အောက်တွင် ပေါ်ပေါက်လာသော နောက်ထပ် ခေါင်းဆောင်ကောင်းများ ဖြစ်ကြလေသည်။ စီမံခန့်ခွဲမှုကောင်းသော ကုမ္ပဏီ တစ်ခုမှ မန်နေဂျာများ မဟုတ်ကြပါ။ ထိုသူများ သိလျက်နှင့်ဖြစ်စေ မသိလျက်နှင့် ဖြစ်စေ လုပ်ဆောင်နေသည်မှာ လူမှုဝန်ထမ်း စံ တစ်ခု၊ စိတ်ဓါတ်အရည်အသွေး တစ်ခုကို ဖန်တီးနေသည့် ခေါင်းဆောင်မှု တစ်ခုသာဖြစ်သည်။
ခေါင်းဆောင်ကောင်းသည် နောက်ထပ်ခေါင်းဆောင်များကို ဖြစ်ပွားစေသသည့် သဘောတရားသာ ဖြစ်သည်။
ဤကဲ့သို့ ခေါင်းဆောင်မှုကို အလွယ်ကူဆုံး ဥပမာ ပြပါဆိုလျှင် သင့်မိဘများကိုကြည့်ပါက သိနိုင်သည်။ ပင်ပင်ပန်းပန်း အလုပ်မှပြန်လာသော သင်၏ မိဘများသည် သူတို့ မနက်ဖြန် အလုပ်လုပ်ရန် အားပြည့်နေဖို့အတွက် ထမင်းဝိုင်းတွင် အကောင်းဆုံး အများဆုံး စားမည် မဟုတ်ပေ။ သင်ပိုမို ကြီးထွားဖွံ့ဖြိုးဖို့သာ သင့်ကို အကောင်းဆုံး ကျွေးမွေးပေလိမ့်မည်။ ထိုအပြုအမူအတွက် ရှင်းလင်းချက် မလိုပေ။ မိဘသည် သဘာဝအားဖြင့် မိသားစုကို ဦးဆောင်သည့် ခေါင်းဆောင်များ ဖြစ်ကြသည်။
အရင်အဘတွေကော ဤကဲ့သို့ ခေါင်းဆောင်မှု ဆိုသည့်အရာကို လုပ်သလားဟု မေးချင်မည်။ လုပ်ပါသည်။
ဦးသိန်းစိန် ရိုးသားစွာနေမည်၊ ပင်စင်ယူလျှင် မုန့်ဟင်းခါး ရောင်းမည်ဟု ပြောခြင်းမှာ နိုင်ငံ့ ဝန်ကြီးများ နှင့် ဝန်ထမ်းများကို ရိုးသားမှုအား စံ တစ်ခုအနေနှင့် ထားရန် ဦးဆောင်ပြခြင်းသာ ဖြစ်သည်။
နဂို ခေါက်ရိုးကျိုးနေသော အမူအကျင့်များ အားသာလွန်းခဲ့သောကြောင့်၊ သူ၏ အနီးကပ် ဝန်ကြီးများက ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်၏ စံ ကို ထပ်ချပ်မကွာလိုက်၍ ဦးဆောင်ဦးရွက် ပြုသကဲ့သို့ မလုပ်ခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ခြင်းသာ ဖြစ်သည်။ ဦးသိန်းစိန် နှုးညံ့ပျော့ပြောင်းလွန်းသည် ဟုလည်း ဆိုနိုင်သည်။ သို့သော် သူ့နေရာတွင် ဝင်ကြည့်မှသာ ထိုအုပ်စုကို ခေါင်းဆောင်ရသည်မှာ မည်မျှ ခက်ခဲသည်ကို သိနိုင်ပေမည်။ အတွင်း ဖိအား ဘယ်လောက်များလည်းကိုလည်း သိနိုင်မည်။
ဤနေရာတွင် ဦးသိန်းစိန်ထက် ခေါင်းဆောင်မှုတစ်ခု၊ ခေါင်းဆောင်မှု နိုင်ငံဝန်ထမ်း စံနှုန်းတစ်ခုကို အချိန် လုံလုံလောက်လောက် ပြင်ဆင်ခွင့် ရခဲ့သော ဒေါ်အောင်ဆန်းစုကြည် အင်မတန် ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူတို့သည် ယခင် အစိုးရထက် နိုင်ငံကောင်းစားရေး လုပ်နိုင်ရန် များစွာ အဆင်သင့်ဖြစ်နေပြီဟု သတ်မှတ်လို့ ရပါသည်။ မြန်မာပြည်သူများ ဤအစိုးရသစ် လက်ထက်မှစ၍ ပိုကံကောင်းကြပါစေ။
ဓါတ်ပုံ မူရင်း — ကုမုဒြာဂျာနယ် https://m.facebook.com/story.php?story_fbid=973371739398153&id=212802105455124
ကိုးကား — https://m.facebook.com/story.php?story_fbid=1733023630266078&id=100006753733766