တန်ဖိုး


ခုတစ်လော ခေါင်းထဲမှာ အဲဒီစကားလုံးလေးကို ခဏခဏတွေးနေမိတာပါ။ ကိုယ်ကိုယ်တိုင်လည်း ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဖြစ်တော့ အတွေးတွေ တော်တော်များများ တွေးနေမိတယ်လေ။ ကဲပါလေ လိုရင်းကို သွားကြစို့။ လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကျွန်တော်တို့ ဟိုးငယ်ငယ်လေးကတည်းက သင်ကြားခြင်းခံလာရတာကတော့ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာဖို့ ဆိုတာပေါ့နော်။ ဒါကလည်း ကျွန်တော်တို့ မွေးဖွားကြီးပြင်းလာရာ လူ့အသိုင်းအ၀ိုင်း နဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး ကျွန်တော်တို့တွေ သင်ကြားခြင်းခံခဲ့ရတဲ့ စံတွေက ကွာခြားနေပါတယ်။


ဥပမာပြောရရင် လူကုံထံ အသိုင်းအ၀ိုင်းက ကလေးငယ်တစ်ယောက် သတ်မှတ်တဲ့ တန်ဖိုးနဲ့ ဆင်းရဲသား ကလေးငယ်တစ်ယောက် သတ်မှတ်တဲ့ တန်ဖိုးက တူညီမှာမဟုတ်ပါဘူး။ ဒါကို ပြောစရာလေးရှိပါတယ်။ တစ်ချို့ကပြောချင်ကြမှာပါ။ ဒါလေးများ အားလုံးသိပြီးသာပါ ကြွက်လည်း ကြွက်အထွာနဲ့ ဆင်လည်း ဆင့်အထွာနဲ့ ဆိုတာကို ဆိုပြီးတော့။ ဒါပေမယ့် ဒီမှာ ကျွန်တော် ပြောချင်တာက ရုပ်ဝတ္ထုပစ္စည်းတွေ အပေါ်မှာ သတ်မှတ်တဲ့ စံကိုပြောချင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဘ၀လေးတွေ အပေါ်မှာ ဘာက တကယ်အရေးကြီးဆုံးလဲဆိုတာကို သူတို့ကိုယ်တိုင် သတ်မှတ် ထားတဲ့ တန်ဖိုးအမြင်ကို ပြောပြချင်တာပါ။


သူကြွယ်ကြီးရဲ့ သားလေးက သူ့ရဲ့ဘ၀မှာ နေ့တိုင်း ကောင်းပါပေ့ဆိုတာတွေကို စားရ သောက်ရခြင်း ဟာ သူရဲ့ ဘ၀တန်ဖိုး မြင့်မားတယ်လို့ မဆိုသာသလို နေ့တိုင်း ထမင်းကြမ်းနဲ့ ပဲပြုတ် စားနေရတဲ့ လက်လုပ်လက်စားမိဘများရဲ့သား ဆင်းရဲသားလေးရဲ့ ဘ၀တန်ဖိုး နိမ့်ကျတယ်လို့ ကျွန်တော်တို့ မသတ်မှတ်နိုင်ပါဘူး။


ဒါပေမယ့် ကျွန်တော်တို့ ဖြစ်တည်လာရတဲ့ အသိုင်းအ၀ိုင်းပတ်ဝန်းကျင်ရဲ့ ကောင်းမွေ ဆိုးမွေတွေက ဘ၀တန်ဖိုးအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေအပေါ်မှာ အတိုင်းအတာတစ်ခုထိ လွှမ်းမိုးနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်မငြင်းလိုပါဘူး။ တစ်ခြားလူတွေနဲ့ ယှဉ်ထိုးပြီးမပြောပါဘူး။ ကွန်တော်ခုချိန်ထိ ဖြတ်သန်းလာရတဲ့ ကျွန်တော့်မိဘဆွေမျိုး အသိုင်းအ၀ိုင်းထဲမှာရှိတဲ့ ဘ၀အမြင် ဘ၀တန်ဖိုးလေးတွေကို ကျွန်တော်မြင်ရတဲ့ ကျွန်တော့်ရဲ့ တစ်ဖက်သတ် အမြင်လေးနဲ့ ချိန်ထိုးပြီး ပြောပြချင်ပါတယ်။


ကျွန်တော့်ကို ငယ်စဉ်ကတည်းက ဆုံးမသွန်သင်လာခဲ့တဲ့ ကျွန်တော့်မိဘတွေရဲ့ ဘ၀အမြင်နဲ့ ဘ၀တန်ဖိုး ကတော့ ကျွန်တော်ကိုယ်တိုင် သတ်မှတ်ထားတဲ့ ကျွန်တော့် ဘ၀တန်ဖိုးစံရဲ့ အခြေခံကောင်းလေးတွေပါ။ ကျွန်တော့်အမြင်မှာတော့ သူတို့ဟာ ရုပ်ဝတ္ထုတွေအပေါ်မှာ မြတ်နိုးတွယ်တာစိတ် သိပ်မရှိဘဲ Loving, Sharing and Caring ဆိုတဲ့ မိသားစုချစ်ခြင်းနဲ့ သံယောစဉ်အပေါ်မှာ အလေးအနက်ထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့မိသားစုလေးက ငွေကြေးချမ်းသာမှု များများစားစားမရှိပေမယ့် ချစ်ခြင်း၊ ဝေမျှခံစားခြင်းနဲ့ ဂရုစိုက်တတ်ခြင်းဆိုတဲ့ ၀ိသေသ လက္ခဏာတွေနဲ့တော့ ပြည့်စုံတယ်လို့ထင်ပါတယ်။ ဒါကြောင့် ငွေကြေးဥစ္စာထက် ချစ်ခြင်းမေတ္တာဟာ ဘ၀မှာ ပိုပြီးတန်ဖိုးကြီးတယ်ဆိုတဲ့ အမြင်ကို ကျွန်တော့်မိသားစုလေးဆီက ကောင်းမွေတစ်ခု အနေနဲ့ ကျွန်တော် ပိုင်ဆိုင်ရရှိထားတယ်လို့ ဆိုချင်ပါတယ်။


နောက်တစ်ခုကတော့ဖြင့် အသိုင်းအ၀ိုင်းကြောင့်ရခဲ့တဲ့ အမြင်လေးတစ်ခုပါ။ ကွန်တော်ဟာ ငယ်စဉ်ကတည်းက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ကလေးတစ်ယောက်ပေါ့။ အကျိုးဆက်အနေနဲ့ မနာလိုစိတ်ကလည်း ရှိပါသေးရဲ့။ ဒါတောင်အထက်မှာရေးထားတဲ့ အခြေခံကောင်းတွေ ငယ်ငယ်ကတည်းကရှိခဲ့လို့သာ တော်ပါသေးတယ်။ သူများကကိုယ့်ထက်သာသွားရင် ကိုယ့်ဘ၀က နိမ့်ကျသွားတယ်၊ သူများကကိုယ်မလုပ်နိုင်တဲ့ အရာတစ်ခုကို လုပ်လိုက်နိုင်ရင် ကိုယ့်ကိုတမင်ကျောတယ်၊ ဒါတမင်လုပ်တာ စတဲ့ အမြင်တွေက ကျွန်တော်ငယ်ငယ်က ခဏခဏဖြစ်တဲ့ ခံစားမှုတွေပါ။ အခုရောမဖြစ်ဘူလား။ ဟုတ်ကဲ့ ဖြစ်ပါတယ်။ ရံဖန်ရံခါ တစ်ပတ်ကို ခုနစ်ရက်ဖြစ်ပါတယ်။ ဒါလုံးဝကို မကောင်းတဲ့ ခံယူချက်အမြင်ဟုတ်ပါသလား ဆိုတော့ လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို motivation အနေနဲ့သုံးနိုင်ရင် အလွန်အသုံးဝင်တဲ့ အမြင်လေးပါ။ ဒီလူကိုယ့်ထက်ဘာကြောင့်သာနေလဲ၊ သူ ကိုယ့်ထက်ဘာများကြိုးစားသလဲ စတာတွေကိုသုံးသပ်ပါ။ သူ့နည်းတူမဟုတ်တောင် သူ့အမြင်နဲ့ သဘောထားတွေကို သိအောင်ကြိုးစားမယ်၊ လက်စားချေ အနိုင်ယူတဲံ့ သဘောမသက်ရောက်ဘဲ သူ့ထက်သာအောင်လုပ်မယ် စတဲ့အမြင်လေးတွေ တစ်နည်းအားဖြင့်ဆိုရင် ဒီမခံချင်စိတ်ကလေးက ကိုယ့်ဘ၀တန်ဖိုးကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ၁၀၀% ယုံကြည်ပါတယ်။


နောက် ကျွန်တော်မကြိုက်တဲ့ အမြင်တစ်ခုရှိပါတယ်။ ဘ၀တန်ဖိုးနဲ့ သိပ်တော့မဆိုင်ဘူးပေါ့။ ဒါပေမယ့် အပေါ်ကပြောခဲ့တဲ့ မခံချင်စိတ်နဲ့လူတွေရောရောနေတဲ့ အမြင်ပေါ့။ လက်စားချေစိတ် နဲ့ အနိုင်ယူလိုစိတ် တို့ပေါ့။ ဒါကိုခွဲခြားလို့သိစေချင်ပါတယ်။ လူပီသတဲ့၊ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် ဒီစိတ်တွေကို အတက်နိုင်ဆုံး ဖျောက်ဖျက်နိုင်ဖို့လိုပါတယ်။ နားကိုက်လို့ ပါးရိုက်တယ်၊ မျက်လုံးတစ်ဖက်အတွက် မျက်လုံတစ်ဖက် စတဲ့ အမြင်တွေ ခံယူချက်တွေကိန်းအောင်းနေတဲ့ နှလုံးသားပိုင်ရှင်တစ်ယောက်အဖို့ ဘ၀မှာတန်ဖိုးရှိရှိ နေနိုင်ဖို့ လွယ်မယ်လို့မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာဘ၀ရဲ့ ပျော်ရွင်မှု ဆိုတာပျောက်ဆုံးနေပြီး နာကြဉ်းမှုတွေနဲ့ပဲပြည့်နေလို့ပါ။


သမ္မာကျမ်းစာ မှာကတော့ ဘယ်ဖက်ပါးကိုအရိုက်ခံရရင် ထပ်ရိုက်လို့ရအောင် ညာဖက်ပါးကိုပါထိုးပေးလိုက်ပါတဲ့။ ဒီနေ့ထိ ကျွန်တော် မလုပ်နိုင်သေးပါဘူး။ သေချာတာကတော့ ကျွန်တော့် ဘယ်ဖက်ပါးကိုရိုက်ရင် သူ့ရဲ့ ညာဖက်ပါးရော ဘယ်ဖက်ပါးရော ရောင်ကိုင်းသွားအောင်ထိုးပစ်မှာပါ။ စိတ်ကိုအတက်နိုင်ဆုံး ဖြူအောင်ထားဖို့၊ ကိုယ့်ကိုယ်ကို နှိမ့်ချစွာနေတတ်ဖို့၊ သည်းခံစိတ်ကို အချိန်တိုင်းထားနိုင်ဖို့ ကျွန်တော်တို့အများကြီး ကြိုးစားရဦးမှာပါ။


ဟိုတစ်လောက Karate Kid ဆိုတဲ့ရုပ်ရှင်ကားကို ပြန်ကြည့်မိပါတယ်။ အဲဒီကားထဲက ဇာတ်ကွက်တစ်ကွက်က ကျွန်တော်တို့ရဲ့ လူ့တန်ဖိုးလျော့ကျစေနိုင်တဲ့ လုပ်ရပ်တစ်ခုကို ထင်ဟပ်ပြထားပါတယ်။ Karate ဆရာတစ်ယောက်က သူ့တပည့်တွေကို training ပေးနေတဲ့ အတောအတွင်းမှာ ပြောတဲ့စကားပါ။ “ညှာတာမှုမရှိရဘူး၊ သနားစိတ်မမွေးရဘူး၊ ကိုယ့်ရန်သူ ဖြစ်နေရင် မြေပေါ်မှာ လဲနေရင်တောင် သက်ညှာမှုမထားရဘူး” တဲ့။ ကဲ…ကျွန်တော်တို့ရော ခုချိန်ထိဖြတ်သန်းလာရတဲ့ ဘ၀မှာ အဲဒီလိုစိတ်ထား ဘယ်နှခါမွေးဖူးပါသလဲ။ ဘယ်နှခါ အဲလို ကျင့်ကြံဖူးပါသလဲ။ မိမိရန်သူကို ချစ်ပါဆိုတဲ့ ဆုံးမစကားကို ကျွန်တော်တို့ လက်ခံနိုင်ပါရဲ့လား။ သေသေချာချာ စဉ်းစားကြပါ။


နောက်ပြီး မရှိတာထက် မသိတာခက်တဲ့။ လူတစ်ယောက်ဟာ သိတတ်မှုရှိရင် သူ့ရဲ့တန်ဖိုးဟာ အလိုလိုနေရင်း တက်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါတွေဟာ မပြောပဲသိနေရမယ့် လူ့ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ တာဝန်ဝတ္တရားတွေကို ဆိုလိုတယ်လို့လည်းထင်ပါတယ်။ Bus ပေါ်မှာ ရဟန်း၊ သီလရင်၊ သက်ကြီးရွယ်ကြီး၊ ကိုယ်ဝန်ဆောင်၊ ဒုက္ခိတ တွေကို နေရာမဖယ်ပေးမိတာ ဘယ်နှခါရှိလဲ၊ ကိုယ်ဝတ်တဲ့ အ၀တ်ကို ကိုယ်မလျှော်ဘဲ မိဘလျှော်ရတာ ဘယ်နှခါရှိလဲ၊ လမ်းပေါ်တွေ့တဲ့ အမှိုက် ကိုယ်ကောက်ရင်ဖြစ်ရက်နဲ့ ဒီတိုင်းကျော်သွားမိတာ ဘယ်နှခါရှိလဲ၊ စသည် စသည်ဖြင့် ကိုယ်ပျက်ကွက်ခဲ့တဲ့တာဝန်တွေ ကိုယ်ပြုခဲ့တဲ့ မသိတတ်မှုတွေကို ပြန်လည်သုံးသပ်ပြီ လုပ်သင့်တာကိုလုပ် မလုပ်သင့်တာကိုမလုပ်ပဲ သိတတ်တဲ့လူတွေဖြစ်အောင် အများကြီး ကြိုးစားရဦးမှာပါ။


ဒီသိတတ်တာနဲ့ ဆက်စပ်ပြီး ခေါင်းထဲကို နောက် ခေါင်းစဉ်တစ်ခုက လက်ကနဲ ၀င်လာပါတယ်။ ကျေးဇူးတရားပါ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ကျေးဇူးနဲ့မကင်းပါဘူး။ အနည်းလေးတော့ မိဘရဲ့ မွေးကျေးဇူး ကျွေးကျေးဇူးရှိပါတယ်။ ဆရာတွေ ဆရာမတွေလည်းပါတာပေါ့လေ။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတော့ မုန့်ဖိုးပေးတဲ့ ဘိုးဘိုး၊ ဘွားဘွား၊ ဦးလေး၊ အဒေါ်တွေ၊ ယုတ်စွအဆုံး ရေတစ်ခွက်လောက်လှူထားတဲ့ လမ်းဘေးရေအိုးစင်ပိုင်ရှင်တောင် ကျေးဇူးရှင်မြောက်ပါတယ်။ အဲဒီကျေးဇူးတွေကို ပြန်မဆပ်နိုင်ရင်တောင် ကျေးဇူးသိတတ်တဲ့ လူဖြစ်ရင် လူပီသတဲ့လူဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။


နောက်ကိစ္စက အလုပ်နဲ့ အချိန်နဲ့ပတ်သတ်တဲ့အရာပါ။ ကျွန်တော်တို့ လူငယ်တော်တော်များများဟာ အကျိုးမရှိတဲ့အလုပ်တွေနဲ့ အချိန်ကုန်လေ့ရှိပါတယ်။ အလုပ်ကိုလည်း ပေါ့တီးပေါ့ပျက်လုပ်တတ်တာကိုလည်း တွေ့ရပါတယ်။ အချိန်လေးစားမှုမှာဆိုလည်း သုညရလေ့ရှိပါတယ်။ ဒါတွေကို ဘယ်မှာသွားတွေ့လည်းဆိုတော့ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာ အများဆုံးတွေ့ရပါတယ်။ အားလုံးက ပွဲပြီးမှပြီးရော၊ ကိုယ့်နာမည်ဘယ်လိုကျန်ခဲ့မှာကို မတွေးကြတော့ပါဘူး။ အနီးကပ်မှ ဖုတ်ပူမီးတိုက်လုပ်တဲ့ ဆရာ၊ ဆရာမတွေလည်း အပြစ်မကင်းပါဘူး။ ဒါပေမယ့် ရတဲ့အချိန်အတွင်းမှ ကိုယ်က အကောင်းဆုံလုပ်ပြနိုင်ခဲ့လားဆိုတာ ကိုယ့်ပေါ်မှာပဲတည်တယ်လို့ ထင်ပါတယ်။ အလုပ်ကိုလေးစားတတ်မှ တန်ဖိုးရှိမှာပါ။


အရေးကြီးဆုံးဖြစ်လို့ ကျွန်တော်နောက်ဆုံးမှပြောချင်တဲ့ အရာကတော့ ဘာသာတရားပါ။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဟာ ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ဘာပဲဖြစ်နေဖြစ်နေ မိမိဘာသာတရားရဲ့ အဆုံးအမနဲ့ ဓလေ့ထုံးတမ်း ယုံကြည်မှုကို မစွန့်ပစ်သင့်ပါဘူး။ အသက်နဲ့ထပ်တူ တန်ဖိုးထားရပါမယ်။ မိမိရဲ့ကိုးကွယ်ယုံကြည်မှုကို စွန့်လွှတ်ခြင်းဟာ မိမိရဲ့တန်ဖိုးကို အဖတ်ဆည်မရအောင်လုပ်တာနဲ့ တူတူပဲလို့ ကျွန်တော်မြင်ပါတယ်။ အားလုံးယုံကြည်ခြင်းခိုင်မြဲသော ဘ၀တွေ ပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။


အားလုံးကိုပြန်ခြုံငုံရရင် ကျွန်တော်တို့ အတွက်အရေးကြီးဆုံးက တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစာချင်တဲ့စိတ်က အခရာပါ။


ပညာအရာမှာတန်ဖိုးရှိဖို့လား၊ ဥစ္စာအရာမှာတန်ခိုးကြီးဖို့လား၊ စာရိတ္တရောင်ဝါထွန်းလင်းဖို့လား၊ လူမှုဝန်းကျင်မှာဆရာကြီးတစ်ဆူဖြစ်ဖို့လား၊ အာဏာပါဝါတွေရဖို့လား၊ အစစ အရာရာမှာ သူများထက်သာဖို့လား စတဲ့ မတူညီတဲ့ တန်ဖိုးသတ်မှတ်မှုတွေ အများကြီးထဲကနေပြီးတော့မှ ကိုယ်တိုင်သတ်မှတ်ထားတဲ့ ဘ၀တန်ဖိုးကို ကြိုးစားတည်ဆောက်လိုစိတ်ကို မွေးနိုင်ဖို့လိုအပ်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒီစာကို ကျွန်တော်ရေးနေတဲ့ အချိန်မှာ ကျွန်တော်သတ်မှတ်ထားတဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက်ရဲ့စံကို ပြောပြချင်ပါတယ်။


မိမိရှင်သန်နေတဲ့ နေ့တိုင်းအတွက် ဘုရားနဲ့ မိဘကို ကျေးဇူးတင်ပါ။ မိမိအသုံးချနေတဲ့ ပညာအတွက် မိမိဆရာသမားကို ကျေးဇူးတင်ပါ။ ကျေးဇူးတရားကို မမေ့ပါနဲ့။ မိမိကိုယ်ကိုနဲ့ မိမိအလုပ်အကိုင် အသက်မွေးဝမ်းကျောင်းပညာကို လေးစားပါ။ လူတိုင်းအပေါ် ချစ်ခြင်းမေတ္တာ တရားရှိပါစေ။ ကိုယ်ချင်းစာစိတ် မွေးပါ။ ကောင်းသော မခံချင်စိတ်ရှိပါစေ။ အမြဲတမ်းခေါင်းငုံ့မခံပါနဲ့။ လူ့ကျင့်ဝတ် ကိုစောင့်ထိန်းပါ။ ဟီရိသြတ္တပတရား လက်ကိုင်ထားကြပါ။ ဒါတွေဟာလူတိုင်းလုပ်နိုင်တဲ့ အလုပ်တွေလို့ ယုံကြည်ပါ။ မိမိဘ၀ကို မိမိပျော်သလိုသာဖြတ်သန်းပါ။ ဒါပေမယ့် ကိုယ်စိတ်ချမ်းသာဖို့အတွက် သူများစိတ်ဆင်းရဲရမယ့် အပြုအမှုကို ရှောင်ပါ။ မိမိရှင်သန်ရာ ပတ်ဝန်းကျင်ကို အကျိုးရှိစေမယ့် အလုပ်ကို လုပ်ပါ။ မိမိ ပတ်ဝန်းကျင် အကျိုးပျက် နာမည်ပျက်မည့် အလုပ်ကို ရှောင်ပါ။ ဒါတွေပြည့်စုံ ရင် ပညာ နဲ့ ဥစ္စာ၊ ဂုဏ် နဲ့ အဆင့်အတန်း မရှိလည်း ကျွန်တော့် အမြင်မှာ တန်ဖိုးရှိတဲ့လူ၊ လူပီသတဲ့ လူဖြစ်ပါတယ်။


အားလုံး မိမိတန်ဖိုးနဲ့ မိမိ ပြည့်စုံနိုင်ကြပါစေ………

တာရာဗိုလ်

(၂၀.၁၀.၂၀၁၁၊ ကြာသပတေးနေ့၊ နံနက် ၁၁း၀၉)