“ကြယ်”

ဆရာမ “Maya Angelou” ရဲ့ “I know why the caged bird sings” ဆိုတဲ့ စာအုပ်ဖတ်ရင်း မျက်စိတွေ ဝါးလာတယ်။ တစ်နေကုန် အခန်းထဲမှာ စာအုပ်တွေ ထိုင်ဖတ်နေရင်း လူလည်း နည်းနည်း ငြီးစီစီ ဖြစ်လာတာရယ် ကြောင့် အိမ်ရှေ့က ခုံလေးပေါ် ခေါင်းလေးမှီရင်း ထုံးစံအတိုင်း ကြယ်တွေကို ငေးကြည့်နေမိတယ်။ 
ဒီညလေးက အင်မတန်လှပပါတယ်။ လလေးကလည်းသာ လေပြေလေးတွေလည်း တိုက်နဲ့ တော်တော်ကို နေလို့ကောင်းနေတယ်။ အဲ့ဒါနဲ့ ကောင်းကင်ကြီးကို တော်တော်ကြာကြာ မော့ကြည့်နေမိတယ်။ 
ညကောင်းကင်ကို ကြာကြာကြည့်လေလေ ကြယ်တွေကို ပိုပို မြင်ရလေလေပဲ။ မထင်မရှားတဲ့ ကြယ်သေးသေး မှိန်မှိန်လေးတွေကိုတောင် မြင်နေရတယ်။

Photo credit

ကြယ်တွေကို ကြည့်နေရတဲ့ အချိန်ဟာ ကိုယ့် အတွက်တော့ စိတ်ချမ်းမြေ့ စရာ အကောင်းဆုံး အချိန်တွေပါပဲ။ လူတွေပြောပြောနေတဲ့ အသက်ရှူ မှားလောက်အောင် လှတယ် ဆိုတာ အစက ဘာမှန်း မသိခဲ့ပါဘူး။ အခုတော့ ဒီကြယ်လေးတွေကို ကြည့်နေရတဲ့ အချိန်၊ သူတို့ကို မြင်နေရတဲ့ အချိန်တွေက အင်မတန် ငြိမ်းချမ်းပြီး အသက်ရှူ ဖို့မေ့လောက်အောင် ကိုယ့်အတွက် သိပ်လှလွန်းတယ်။ စိတ်ကူးယဉ်ဆန်တာပဲလား၊ ခံစားတတ်လွန်းနေတာပဲလားဆိုတာတော့ မသိပေမယ့် ကြယ်တွေက ကို်ယ့်အတွက် အင်မတန် အရေးပါတဲ့ အရာဆိုတာတော့ အသေအချာပါပဲ။

ကိုယ်ဟာ ကြယ်တွေကို ဘယ်တုန်းက စပြီး ရူးသွပ်ခဲ့တာလဲ ဆိုတာတော့ မသေချာပေမယ့် ငယ်ငယ်လေးကတည်းက ကြယ်တွေက လောက ကြီးထဲမှာ အလှဆုံး အရာလို့ ထင်ခဲ့တာတော့ မှတ်မိနေသေးတယ်။ 
တစ်ခါတစ်လေ ခရီးသွားရင်း Highway လမ်းမပေါ် ကား ခဏ ရပ်တော့ ကောင်းကင်ကြီးကို မော့ကြည့်မိတဲ့ အခါ ကိုယ့် ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် မှင်သက်ခဲ့တာတွေလည်း မှတ်မိနေသေးတယ်။ အဲ့ဒီ အချိန် ကိုယ့်စိတ်ထဲမှာ ရပ်နေတဲ့ နေရာကနေ တစ်လှမ်းမှ မခွာချင်အောင် ဖြစ်ခဲ့ရပါသေးတယ်။ ဒီနေရာလေးမှာ တစ်သက်လုံး နေရရင် ကောင်းမှာပဲလို့ ဆုတောင်းခဲ့ဖူးရလောက်အောင် ကိုယ်ဟာ အဲ့ အချိန်ကတည်းက မသိမသာ ရူးသွပ်ခဲ့တာတော့ အမှန်ပါပဲ။

အရင်တုန်းကတော့ ကြယ်တွေဟာ ကမ္ဘာ့ အပြင်မှာ ရှိတယ်ဆိုရုံလောက် က လွဲရင် ကျန်တာတွေ မသိခဲ့ပါဘူး။ အခု Internet ခေတ်ကြီးမှာ ကြယ်တွေက ဘာလဲ၊ ကို်ယ်နေတဲ့နေရာနဲ့ ဘယ်လောက် အကွာမှာ ရှိတာလဲ၊ ဘယ်လိုအရာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာလဲ ဆိုတာကို လွယ်လွယ်နဲ့ သိနိုင်နေပြီလေ။

Photo credit

ကိုယ်က ကြယ်တွေကို ချစ်တယ်။ သူတို့အကြောင်းကို သိချင်တယ်။ 
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့ အခါ အဲ့ ကောင်မလေး အကြောင်းကို သိချင်သလိုပဲ ကိုယ်လည်း ကြယ်တွေနဲ့ ပက်သက်တဲ့ အရာအားလုံးကို သိချင်လာတယ်။

သိချင်လွန်းလို့ စပ်စုတယ်၊ ရှာတယ်၊ ဖတ်တယ်၊ မေးတယ်၊ လေ့လာတယ်။ အခုဆို အများကြီး မဟုတ်တောင် နည်းနည်းတော့ သိလာပြီ။ သူတို့အကြောင်းကို စပ်စုရတာ ပင်ပန်းစရာမကောင်းဘဲ ပျော်စရာ ကောင်းလာတယ်။

ကိုယ်မြင်နေရဲ့ ကြယ်တွေက ဘယ်လိုပဲ Illusion ဖြစ် ဖြစ်၊ ကိုယ်နဲ့ အလင်းနှစ် ဘယ်လောက် အေ၀းကြီးမှာ ရှိနေနေ၊ သူတို့ အကြောင်းတွေက ကိုယ့်ကို အမြဲ အံ့အားသင့်စေလို့ ပိုပိုပြီး ရူးသွပ်လာတယ်။ 
Universe, Planets, Stars, Constellations, Nebula, Galaxy, Milky Way အဲ့ဒါတွေဟာ ကိုယ့်ကို ရူးသွပ်အောင် ဖန်တီးနေသလိုပဲ။

ကိုယ်ဟာ ထူးဆန်း တဲ့ အရာတွေကို ကြိုက်တယ်။ ကြယ်တွေက ထူးဆန်းတယ်၊ အံ့အားသင့်စရာကောင်းတယ်၊ အဲ့အတွက် ကိုယ်က ဘာလို့ သူတို့ကို အဲ့လောက်ထိ ရူးသွပ်နေလဲ ဆိုတာ အံ့သြစရာ မရှိပါဘူး။ 
အဲ့ဒီ ကြယ်တွေကြောင့်ပဲ Science ကို ပိုပြီး စိတ်၀င်စားလာတယ်။ လေ့လာတတ်လာတယ်။ အဲ့သလိုနဲ့ Astronomy ဆိုတာနဲ့ သိခွင့်ရပါလေရော၊ နောက် Astrophotography ဆိုတဲ့ သိပ်လှ၊ သိပ် အံ့သြစရာကောင်းတဲ့ အနုပညာ ဆိုတာနဲ့ ကိုယ်ဟာ နီးစပ်ခွင့် ရခဲ့သေးတယ်။ အင်မတန် အံ့အားသင့်စရာကောင်းပါတယ်။ ကိုယ့် အတွက် တော့ Astrophotography ဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်နေပြီဆိုတာ ငြင်းလို့မရပါဘူး။

နောက်ပိုင်း ကိုယ့်ရဲ့ Gallery ထဲမှာ ကြယ်ပုံတွေက တော်တော်များများ နေရာယူလာတယ်။ ကြယ်တွေ ခေါက်ပြီး စုတယ်။ ကြယ် Sticker တွေ၀ယ်စုတယ်။ Universe အကြောင်းစာအုပ်တွေ ၀ယ်တယ်၊ ငှားဖတ်တယ်။ အဲ့သလောက်ထိအောင် ရူးသွပ်ပါတယ်။

နောက်တစ်ခုက Northern Lights တွေပေါ့။ အဲ့ဒီ Aurora တွေကလည်း ကိုယ့်ကို ဆွဲဆောင်နေပြန်ရော။

Photo credit to Star Walk

ကို်ယ်အသွားချင်ဆုံး နေရာလေးတစ်ခုကတော့ Iceland ပဲ။ အဲ့ဒီမှာဆို ကြယ်တွေစုံအောင် မြင်ရတယ်။ Aurora Borealis တွေကို လည်း မြင်ရတယ်။ 
ကိုယ့်ဘေးနားမှာ Shiba ဆိုတဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ သူနဲ့ ကို်ယ်နဲ့ ညအချိန် Iceland မှာရှိတဲ့ တောင်ကုန်းလေးတစ်ခုပေါ် သွားတယ်။ အဲ့ဒီမှာ Astrophotography တွေ ရိုက်တယ်။ နောက် အဲ့နေရာလေးမှာ လှဲပြီး ဟိုး အပေါ်က ကြယ်တွေရယ်၊ Aurora တွေရယ်ကို ညလုံးပေါက်ကြည့်မယ်။

ဒါ ကိုယ့်ရဲ့ အိမ်မက်ပါ။ ကိုယ် မက်ဖူးသမျှ ထဲမှာ အလှပဆုံး အိမ်မက်လေးတစ်ခုပါ။ အဲ့အိမ်မက်လေးကို အကောင်အထည်ဖော်နိုင်အောင်လည်း ကိုယ် ကြိုးစားမှာပါ။ 
ဘာပဲပြောပြောပါ ကိုယ််အရမ်းချစ်ရတဲ့ ကြယ်လေးတွေနဲ့ နီးစပ်နေတယ်လို့ ခံစားလို်က်ရရင်ပဲ ကိုယ့်ဘ၀ဟာ ပြီးပြည့်စုံနေပါပြီလေ။

Photos credit !

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.