
Introduction to Inter-personal skills (Unicode)
တစ်ချို့တွေ အရည်အချင်းပိုင်းဆိုင်ရာမှာ အရမ်းတော်ရဲ့သားနဲ့ အမှန်တကယ် ပေါက်ပေါက်မြောက်မြောက် မဖြစ်ကြဘူး ။ တစ်ချို့တွေကတော့ အရည်အချင်းပိုင်းဆိုင်ရာမှာ သိသိသာသာ မထူးချွန်ပေမဲ့ အရေးပါတဲ့ Project တွေကို တာဝန်ယူရတယ် ၊ အရေးကြီးတဲ့ နေရာတွေကနေ ကိုယ့် team အတွက် အကျိုးပြုရတယ် ။ ရုတ်တရက်ကြည့်လိုက်မယ် ဆိုရင် လူတွေဟာ အရည်အချင်း ဆိုတာကို သိပ်တန်ဖိုးမထားသလိုပဲ ။ တော်တဲ့ လူတွေဆို သိပ်နေရာ မပေးချင်ဘူး ဆိုတဲ့ သဘောလား ။ အဲလိုမျိုး ဘာကြောင့်ဖြစ်နေရတာလဲ ။ အဲဒါမျိုးတွေနဲ့ ပတ်သတ်ပြီး ကျွန်တော်သိသလောက် မြင်သလောက် ပြောရမယ် ဆိုရင် …
လူတစ်ယောက်အတွက် အရေးပါတဲ့ အရည်အချင်းတွေကို အမျိုးအစား ခွဲရင် ၂ မျိုး ၂ စား ခွဲလို့ရမယ် ၊ တစ်မျိုးက Professional Skill ဖြစ်ပြီး နောက်တစ်မျိုးကတော့ Inter-personal skill ဖြစ်တယ် ။
Professional Skill ဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ career path မှာ အမှန်တကယ် ကျွမ်းကျွမ်းကျင်ကျင်ရှိတယ် ဆိုတာမျိုး ။ ဥပမာ ကွမ်းယာရောင်းတဲ့လူဆိုရင် ထုံးစပ်တာ ကွမ်းရွက်ရွေးတာ ကွမ်းသီးရေရှည်ခံအောင် ထားတတ်တာ စာသည်ဖြင့် ဆိုပါတော့ ။ Engineer တစ်ယောက်ဆိုရင် ကိုယ်တာဝန်ယူ ဆောက်လုပ်ရမဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်းအတွက် အပတ်တကုတ် ကြိုတင်ပြင်ဆင်တာ ၊ ဘိလပ်မြေ သဲ ကျောက် စတာတွေရဲ့ အမျိုးအစားတွေကို ကိုယ်တိုင် နားလည်နေပြီး ကိုယ်နဲ့ ဆိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဘယ်လို timeline မျိုးနဲ့ တည်ဆောက်ရမယ် ကိုင်တွယ်ရမယ် ဆိုတာကို သိနေတာ အဲဒါမျိုးတွေ ဖြစ်တယ် ။
Inter-personal skill ဆိုတာကတော့ အလုပ်တစ်ခုမှာ professional skill မဟုတ်တဲ့ အရာတွေအကုန်လုံးကို သတ်မှတ်တာ ဖြစ်တယ် ။ လုပ်ငန်းခွင်အတွင်း လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး ၊ လုပ်ငန်းခွင်အတွင်း မိမိအပေါ်မှာ ထားတဲ့ ယုံကြည်မှုကို အလေးအနက်ထားခြင်း ၊ လုပ်ငန်းခွင်ပြင်ပ ကိုယ့် community ၊ အသိုင်းအဝိုင်းအတွင်းမှာ လေးစားခံရတဲ့ လူတစ်ယောက် အဖြစ် မိမိကိုယ်ကို တည်ဆောက်ရေး စတာတွေ အကုန်ပါတယ် ။
ကွမ်းယာသည် ဥပမာနဲ့ ပြောရရင် ကွမ်းယာသည်တစ်ယောက်ဟာ ကိုယ့်ဝယ်သူတွေနဲ့ သင့်တင့်လျောက်ပတ်အောင် ဆက်ဆံတက်တာမျိုး ၊ ကိုယ်နဲ့ ဆက်ဆံနေရတဲ့ ကွမ်းရွက်ရောင်းသူ ကွမ်းသီးရောင်းသူ တွေ ကြားမှာ ယုံကြည်လောက်တဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင်တာမျိုး ၊ တကယ်လို့ ကိုယ့်မှာ ဆိုင်ခွဲဘာညာ ရှိလာတဲ့အခါ ကိုယ့် လက်အောက်က အလုပ်သမားတွေအပေါ်မှာ တည်ကြည်ပြီး ညှာတာတတ်တဲ့ အထက်လူကြီးတစ်ယောက် အဖြစ် မိမိကိုယ်ကို တည်ဆောက်နိုင်တာမျိုး ။
လူတစ်ယောက်အနေနဲ့ သူများက ပိုက်ဆံပေးထားမဲ့ အလုပ်မျိုး လုပ်တော့မယယ် ဆိုရင် အဲဒီ အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်း (Professional Skills) တွေ ရှိထားရမယ် ဆိုတော ကတော့ သိသာ မြင်သာပြီးသားဆိုတော့ ဒီနေရာမှာပြောဖို့ လိုတော့မယ် မထင်ဘူး ။ (ဒါတောင် အမှန်တကယ် အခြေခံကအစ ကျွမ်းကျင်အောင် မကြိုးစား ပဲ အလွယ်တကူူ တမြည်ကောင်း ဆေးမြီးတိုတွေနဲ့ လုပ်စားနေတဲ့ Professional ယောင်တွေ ရှိနေသေးတယ်)
အဓိက ပြောချင်တာက Inter-personal skill ပါ ။ လခစား အလုပ်တစ်ခုလုပ်လာပြီဆိုရင် ကိုယ့် အောက်က လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို ဆက်ဆံရမဲ့ ၊ ကိုယ်နဲ့ level တူ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို ဆက်ဆံရမလဲ ၊ ကိုယ့်အထက်က အရာရှိ သူဌေးတွေကို ဘယ်လို ဆက်ဆံရမလဲ ၊ ကိုယ့်ကိုယ်ကို ပေါင်းသင်းဆက်ဆံရလွယ်တဲ့ လူတစ်ယောက် ၊ ခင်ဖို့ကောင်းတဲ့ လူတစ်ယောက်အဖြစ် အလုပ်ခွင်မှာ ဘယ်လို တည်ဆောက်မလဲ စတာက အစ ၊ အပြင် ကိုယ့် community ကိုရောက်သွားတဲ့အခါမှာလဲ လေးစားလောက်တဲ့ professional တစ်ယောက်အဖြစ် ဘယ်လို ရပ်တည်မလဲ … ဒါတွေဟာ လူတစ်ယောက် ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ အမှန်တကယ် အောင်မြင်ဖို့ အတွက် အဲဒီလူရဲ့ Professional Skill နဲ့ တစ်တန်းထဲထား အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်တယ် ။ (ဒါတွေကို အရေးမကြီးပါဘူးကွာ လို့ထင်တယ် ဆိုရင်လဲ မိတ်ဆွေရဲ့ လွတ်လပ်ခွင့်ရ ထင်နိုင်ပါတယ် အဲလိုဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဆက်ဖတ်နေဖို့ကို မလိုတော့ဘူး)
တစ်ချို့ တွေအနေနဲ့တော့ Inter-personal skill ကို ပေါင်းသင်းဆက်ဆံရေးလို့ပဲ အလွယ်တကူ ခေါင်းစဉ်တက်လိုက်ကြတယ် ။ အဲဒါက အပေါ်ယံဆံပြီး မပြည့်စုံပါဘူး ။ ပေါင်းသင်းဆက်ဆံရေးကောင်းရုံ တစ်ခုတည်းနဲ့ လေးစားလောက်တဲ့ လူတစ်ယောက် ဖြစ်အောင် တည်ဆောက်ဖို့ မပြည့်စုံဘူး ဆိုပေမဲ့ ပေါင်းသင်းဆက်ဆံရေးဟာ inter-personal skill မှာ ၆၀% လောက် နေရာယူ အရေးပါတယ် ။
Professional Skill အတွက် အပတ်တကုတ် ကြိုးစားအားထုတ်လို့ အတိုင်းအတာတစ်ခုအထိ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာတဲ့ လူအများစု ဟာ ပေါင်းသင်းဆက်ဆံရေး အတိုင်းအတာ တစ်ခု အထိ အားနည်းပါတယ် ။ အဲဒီတော့ Inter-personal skill ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေမှာ ပြည့်စုံရင်တောင်မှ ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့အတွက် career မှာ အောင်မြင်သင့်သလောက် အောင်မြင်မှု မရတာမျိုး တွေ ဖြစ်ကြရတယ် ။
တစ်ချို့ တစ်ချို့ ဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်ပြီး မွေးရာပါ နီးပါး အားသာကြတယ် ။ သူတို့ရဲ့ character အရ type အရကို ပေါင်းရသင်းရ လွယ်တဲ့ လူတွေ စကားပြောရဆိုရလွယ်တဲ့ လူတွေ ဖြစ်ကြတယ် ။ အဲဒါကြောင့်လဲ တစ်ချို့ inter-personal skill အားနည်းတဲ့ လူတွေက ဒီလို ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ အခြေအနေမျိုး သူတို့အနေနဲ့တော့ ဖြစ်နိုင်မှာ မဟုတ်ဘူး လို့ မသိစိတ်ထဲကနေ ဖြစ်ဖြစ် တွေးနေတတ်တယ် ။
ဒါပေမဲ့ ကျွန်တော် ဒိီ Essay အစကတည်းက သတ်မှတ်ခဲ့သလိုပဲ ဒီ ပေါင်းသင်းဆက်ဆံရေးအပါအဝင် Inter-personal skill မှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အကုန်လုံးဟာ အမှန်တကယ်တော့ skill တွေပါ ။ အဲဒါကြောင့် skill တွေရဲ့ သဘာဝအတိုင်း ကိုယ်က ဖွံ့ဖြိုးတိုးတက်လာအောင် စနစ်တကျ ကြိုးစားအားထုတ်ယူလို့ ရတယ် ။
ဒီ အချက်ကို အလေးအနက်ထားစေချင်လို့ ထပ်ပြောပါရစေ ။ ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့ လူတစ်ယောက်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင် စနစ်တကျ ကြိုးစား အားထုတ်လို့ရပါတယ် ။
စကားကို ပြီးစလွယ်ပြောတတ်တာ ၊ ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး ပြုမူဆက်ဆံတတ်တာ ၊ အော်ကလက်ငယ်သားကို ညှာတာတဲ့ စိတ်မျိုး မမွေးတတ်တာ အထက်လူကြီး အပေါ်ကို လေးလေးစားစား နေရာပေးမဆက်ဆံတတ်တာ စတဲ့ Inter-personal skill တွေ အားနည်းတဲ့ လူတစ်ယောက်ဟာ inter-personal skill အားကောင်းလာအောင် စနစ်တကျ ကြိုးစား အားထုတ်လို့ရပါတယ် ။
အဲဒီလို စနစ်တကျအားထုတ်လို့ရပါတယ် ဆိုတော့ ဘယ်ကနေစပြီး ဘယ်လို စနစ်တကျ အားထုတ်ကြမလဲ ။ ဒါကတော့ နောက်ထပ် Essay တစ်ပုဒ်အနေနဲ့ သပ်သပ်ရေးမှ သင့်တော်ပါမယ် ။
Bottom line အနေနဲ့ ပြောချင်တာကတော့
- Inter-personal skills တွေဟာ professional skills တွေနဲ့ တန်းတူ အရေးပါပါတယ် ။
- Inter-personal skills အားမကောင်းတဲ့ လူတွေ အနေနဲ့ inter-personal skill အားကောင်းလာအောင် စနစ်တကျ ကြိုးစားအားထုတ်ယူလို့ရပါတယ်
- Inter-personal skills အားနည်းနေမယ် ဆိုရင် professional skill ဘယ်လောက် အားကောင်းကောင်း ထိပ်ဆုံးအထိရောက်တဲ့ professional တစ်ယောက် ဖြစ်လို့ အရမ်းခဲယဉ်းပါလိမ့်မယ် ၊ အထူးသဖြင့် community နဲ့ တွဲပြီးလုပ်ရတဲ့ ကိတ်စမျိုးတွေကို ဦးဆောင်ရတဲ့အခါ အောင်မြင်နိုင်ခြေ အရမ်းနည်းပါလိမ့်မယ် ။