ခေါင်းဆောင်ကောင်းတို့ လျှောက်သောလမ်း …
ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ မွေးကတည်းက ခေါင်းဆောင်မျိုးနွယ်ပါဆိုပြီး မွေးဖွားလာကြတာ မဟုတ်ပါဘူး။
တဆင့်ပြီးတဆင့် ကြိုးစားယူပြီးတော့ပဲ ဦးဆောင်နိုင်သူ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုပြီး ဖြစ်လာကြတာပါ။ ခေါင်းဆောင်မှူဆိုတာ လေ့လာသင်လို့ရပါတယ်။ သူတို့ဟာ ဒီနေရာကို ဘာအရင်းအနှီးမှ စိုက်ထုတ်ခြင်းမရှိပဲ ရလာကြတာ ရောက်လာကြတာ မဟုတ်ပါဘူး။ ဒါဆို သူတို့ရဲ့ အရင်းအနှီးတွေက ဘာတွေဖြစ်မလဲ။စိတ်ဝင်စားစရာပါပဲ။
(၁) ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်ကြဘူး။
ဘဝမှာ ငွေဆိုတာ လူတိုင်းအတွက် အရေးကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ငွေတစ်ခုတည်းအတွက်ချည်း အလုပ်လုပ်နေကြတာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ခေါင်းဆောင်ကောင်းတွေဟာ ကိုယ့်အတွက်ကော ကိုယ့်လူတွေအတွက်ကော ဘာကြောင့်ငွေက အရေးကြီးနေလဲဆိုတဲ့အဖြေကို ရှာလေ့ရှိကြပါတယ်။
လူတိုင်းလူတိုင်းဟာ ရည်ရွယ်ချက်မျိုးစုံနဲ့ အလုပ်လုပ်နေကြတာပါ။ တချို့က ရာထူးအာဏာအတွက် အလုပ်လုပ်ကြတယ်။ တချို့က ဂုဏ်သတင်းကျော်ဇောဖို့ အလုပ်လုပ်ကြတယ်။ တချို့ကြတော့ လူအထင်းကြီးခံရဖို့ အလုပ်လုပ်ကြတယ်။ အဲတချို့ကြတော့ ငွေအတွက်ပေါ့။ ဒါပေမယ့် ဒီနေရာမှာ သတိထားရမှာက လူတစ်ယောက်ဟာ ရည်ရွယ်တစ်ခုတည်းအတွက် ဘယ်တော့မှ အလုပ်လုပ်လေ့ မရှိကြဘူးဆိုတာကိုပါပဲ။ သူတို့ရဲ့ အလုပ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က တစ်ခုဒါမှမဟုတ် တစ်ခုထက်ပိုနေနိုင်ပါတယ်။ ဒီလိုပဲ သူတို့ရဲ့မျှော်လင့်ထားချက်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
ခေါင်းဆောင်ကောင်းတွေဟာ ကိုယ့်လူတွေ ဘာအတွက်အလုပ်လုပ်ကြလဲဆိုတာ သိအောင်လုပ်ပြီး သုတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖြည်းဆည်းနိုင်အောင် တတ်နိုင်သမျှ ကူညီလေ့ရှိပါတယ်။ တနည်းအားဖြင့် ဒါဟာ ခေါင်းဆောင်တွေဟာ ငွေတစ်ခုတည်းအတွက် အလုပ်လုပ်လေ့ မရှိကြဘူးဆိုတာရဲ့ သက်သေပဲဖြစ်ပါတယ်။
(၂) ဘယ်တော့မှ ဆင်ခြေပေးလေ့ မရှိကြဘူး။
ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့အမှားတွေ အားနည်းချက်တွေနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ဆင်ခြေပေးလေ့ မရှိကြဘူး။ တစ်ဖက်စောင်းနင်းပုံစံနဲ့ ကာကွယ်လေ့မရှိကြဘူး။ ဆင်ခြေဆိုတာ ပျော့ညံ့သူ အရှူံးသမားတွေရဲ့ လက်သုံးစကား လက်နက်တစ်ခုလို့ သူတို့ယုံကြည်ထားကြတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုလဲ ပွင့်လင်းရိုးသားကြသလို တခြားသူတွေ အပေါ်မှာလည်း ပွင့်လင်းရိုးသားကြတယ်။ လိမ်ညာမှူ ဟန်ဆောင်မှူ ဖုံးကွယ်မှူဆိုတာ သူတို့မှာ မရှိဘူး။ ဒါတွေဟာ သူတို့ရဲ့ အစွမ်းထက် လက်နက်တွေ မဟုတ်ကြဘူး။ ဆင်ခြေပေးခြင်း တပါးသူကိုအပစ်ဖို့ခြင်းနဲ့ သူတို့ကိုယ်သူတို့ တည်ဆောက်လေ့ မရှိကြဘူး။
လူပျော့လူညံတွေမှာတော့ သူတို့မှာ အမြဲတမ်း ဆင်ခြေဆိုတာ ရှိနေတတ်တယ်။ ဆင်ခြေတွေနဲ့ပဲ ကိုယ့်ရဲ့ အားနည်းချက် အမှားတွေကို ဖုံးကွယ်ပြီး အမြဲတမ်းကိုယ်လွတ်ရုန်းလေ့ ရှိကြတယ်။ တစ်ခုခုဆို တခြားသူကိုလက်ညိုးထိုးအပစ်တင် ကြံဖန်အကြောင်းရှာပြီး ခေါင်းရှောင်နေလေ့ရှိတယ်။ အားလုံးဟာ သူတို့မသိသလိုပဲ။ အချိန်တန်တော့ ဒီမသမာမှူတွေက ဘူးပေါ်သလိုပေါ်ပြီး ကိုယ့်မျောက်ကို ကိုယ်မနိုင်တဲ့ပုံစံမျိုး ဖြစ်တတ်ကြတယ်။ ခေါင်ဆောင်ကောင်းတွေကတော့ ဒီလိုမဟုတ်ဘူး။ သူတို့ဟာ ကိုယ့်လူတွေကို ဆင်ခြေမပေးရစေဖို့ အစွမ်းကုန်ကူညီပေးတယ်။ ကိုယ့်လူတွေမှာ ဆင်ခြေပေးတတ်တဲ့ အလေ့အကျင့်ကို မွေးမြူခွင့် ရှင်သန်ခွင့် လုံးဝမပေးဘူး။ ပြီးတော့ ဒီအတွက် သူတို့မှာ အပြည့်အဝတာဝန်ရှိတယ်လို့ ခံယူထားကြတယ်။
(၃) အလုပ်ကို တာဝန်အရဆိုတာထက် ပိုလုပ်ကြတယ်။
အောင်မြင်သူ ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့အချိန် လုပ်အားတွေနဲ့ပတ်သက်လာရင် ကိုယ့်လက်အောက် ငယ်သားတွေအပေါ်မှာ အမြဲတမ်း တာဝန်အရဆိုတာထက် ပိုနေလေ့ရှိကြတယ်။ ကိုယ့်လူတွေအတွက် အမြဲတမ်း မိုင်ပိုသွားပေးလေ့ရှိကြတယ်။ ဆန်ပေးလို ဆီရတယ် တစ်ကျပ်ပဲပေးလို့ တစ်ကျပ်ဖိုးပဲလုပ်မယ်ဆိုတာမျိုး သူတို့မှာ မရှိဘူး။ လုပ်သမျှတွေကို အကောင်းဆုံးဆိုတာတွေနဲ့ပဲ အဆုံးသတ်စေလေ့ ရှိတယ်။
ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့တာဝန်ဝတ္တရားတွေကို ဦးလည်မသုန် ထမ်းရွက်လေ့ရှိကြတယ်။ သူတို့ရဲ့တာဝန်တွေကို ခေါင်းပေါ်တင်ထားတတ်ကြသလို တာဝန်အရဆိုတာကိုလည်း အမြဲတမ်း ဖျောက်ကွယ်ထားလေ့ရှိကြတယ်။ သူတို့မှာ ကိုယ့်လူတွေအပေါ်မှာလည်း တာဝန်အရဆိုတာမရှိသလို ကိုယ့်အထက်လူတွေတွေကိုလည်း သူတို့စိတ်ထဲမှာ ကိုယ်တွေအပေါ် တာဝန်အရဆိုတာထက်ပိုနိုင်အောင် စွမ်းဆောင်နိုင်လေ့ရှိကြတယ်။ သူတို့ဟာ တာဝန်အရဆိုတဲ့ဘောင်ကိုကျော်လွန်ပြီး အထက်အောက် လွမ်းမိုးနိုင်သူတွေ ဖြစ်ကြတယ်။
(၄) အမြဲတမ်း စံပြကောင်းဖြစ်အောင်ကြိုးစားတယ်။
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတာဟာ တော်တော်အကြီးတန်ရုပ်ဆိုးလှတဲ့ ဦးဆောင်မူမျိုးပါ။ လူတွေဟာ ကိုယ်ဘာပြောလဲဆိုတာထက် ကိုယ်ဘာလုပ်လဲဆိုတာကိုကြည့်ပြီးတော့ ပဲ ကိုယ့်ရဲ့အနေအထားကို အကဲဖြတ်လေ့ရှိကြတာပါ။ ဒီလိုတဖက်သတ်ဆန်လှတဲ့ ဦးဆောင်မှူမျိုးဟာ ကိုယ့်ကိုခေါင်းဆောင်းကောင်းတစ်ယောက်တော့ ဖြစ်စေမှာ မဟုတ်ပါဘူး။ကိုယ်ဟာ စံပြကောင်းတစ်ယောက်ဖြစ်ချင်ရင် ခေါင်းဆောင်ကောင်းဖြစ်ချင်ရင် ကိုယ့်လူတွေအပေါ်မှာ အပြောနဲ့အလုပ်ညီဖို့ လိုပါတယ်။ အခုတမျိုး တော်ကြာတစ်မျိုးဖြစ်နေလို့ မရပါဘူး။ ကိုယ့်ရဲ့ ပြုမူနေထိုင်ပြောဆိုမှူတွေ စဉ်းစားတွေခေါ်ပုံတွေက ကိုယ့်ကို စံသတ်မှတ်နေကြတာပါပဲ။
(၅) ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဖြစ်နိုင်သူလို့ ယုံကြည်တယ်။
ဘာပဲလုပ်လုပ် အောင်မြင်ဖို့ဆိုရင် အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှူ အပြည့်အဝရှိနေဖို့ပါပဲ။ ဘာပဲလုပ်လုပ် ငါလုပ်နိုင်တယ်ငါဖြစ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေရမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှူမရှိတဲ့လူတစ်ယောက်ကို တခြားသူတွေကလည်း ဟုံကြည်လိမ့်မှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းတွေဟာ ကိုယ့်ကိုယ်ကိုလဲယုံကြည်ကြသလို ကိုယ့်လူတွေကိုလည်း အပြည့်အဝ ယုံကြည်လေ့ရှိပါတယ်။အောင်မြင်သူ ခေါင်းဆောင်ကောင်းတွေဟာ အောင်မြင်မှူနဲ့ ယုံကြည်မှူကြားက ဆက်နွယ်မှူတွေကို ကိုယ့်လူတွေ နားလည်လက်ခံလာအောင် စွမ်းဆောင်နိုင်လေ့ ရှိကြတယ်။
အားလုံးအဆင်ပြေကြပါစေ။
|မြတ်သု - Breakfast Coach
29/08/17
Visit us @ https://www.facebook.com/feedwithbreakfast/
Please Share & Like if you are committed.

