Data Literacy အကြောင်းတစေ့တစောင်း

Cing Don Nuam
Oct 29, 2019 · 2 min read
ဆရာရန်နောင်အုတ် တက်ရောက်သူများအားသင်တန်းပေးနေစဥ်

Data Literacy သင်တန်းပေးကြမယ်ဆိုတော့ကျွန်မကို မေးခွန်းတွေအများကြီးမေးလာကြပါတယ်။ အမေးအများဆုံးကတော့ Data Literacy Training ဆိုတာဘာလဲဆိုတဲ့မေး ခွန်းပေ့ါ။

အနီးစပ်ဆုံး ဖြေရမယ်ဆိုရင်တော့ ဒေတာကိုအခြေခံပြီး သုံးသပ်မှုတွေ၊ ဆုံးဖြတ်ချက်တွေဘယ်လိုချမှတ်ရမလဲဆိုတာကို သင်ကြားပေးတာ၊ ကိုယ့်မှာရှိနေတဲ့အချက်အလက်တွေကို အခြားသူတွေစိတ်ဝင်စားလာအောင်၊ လွယ်ကူစွာနားလည်သဘောပေါက်လာအောင် visualization တွေ ပြုလုပ်တဲ့အခါ ဘယ်လို tool (သို့) website တွေသုံးလို့ရတယ် ဆိုတာကို သင်ပေးတာ လို့ပဲပြောရပါလိမ့်မယ်။ အမှန်မှာတော့ data literacy ဆိုတာ ဒီ့ထက်အများကြီးကျယ်ပြန့်ပါသေးတယ်။

ဒီ(၃)ပတ်ကြာသင်တန်းဟာ ကမ္ဘာ့ဘဏ်နဲ့အခြား အဖွဲ့အစည်းများစွာရဲ့ ထောက်ပံ့မှုနဲ့စီစဥ်ခဲ့တာဖြစ်ပြီး ကျွန်မတို့သင်တန်းက သင်ကြားပေးတာဟာ အမှန်တော့ အခြေခံအဆင့်ပဲရှိပါသေးတယ်။ တက်ရောက်သူ စုစုပေါင်း (၂၃)ကတော့ နောက်ခံအမျိုးမျိုးကနေလာကြတာပါ။ မီဒီယာပိုင်းကစလို့ သုတေသနနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းကအဆုံးပါဝင်ခဲ့ကြပါတယ်။ သင်တန်းဆရာ ကိုရန်နောင်အုတ်ရဲ့အကူအညီများစွာကြောင့်လည်း သင်တန်းအပေါ်စိတ်ဝင်စားမှုတိုးလာခဲ့ပါတယ်။

သင်တန်းမစခင်ဘယ်လိုပြင်ဆင်ခဲ့သလဲ။

သင်တန်းမစခင်ကတည်းကကျွန်မတို့ဘက်က လျှောက်ထားသူတဦးချင်းစီကို စီမံကိန်းအသေးလေးတခု ပြုလုပ်ရပါမယ်ဆိုပြီး ကတိကဝတ် (commitment) တောင်းပါတယ်။ ပြီးတော့ သူတို့ commit လုပ်ထားတဲ့စီမံကိန်းအကြောင်းကို Application form မှာ အတိုရှင်းပြစေပါတယ်။ လျှောက်ထားသူ အယောက် (၁၃၀) မှာ (၂၃)ယောက်ကိုပဲ ဖန်တီးရာ (Phandeeyar) နဲ့ ကမ္ဘာ့ဘဏ် (World Bank) က အတူတူစီစစ်ပြီးရွေးချယ်ကြတာပါ။ Certificate Program လို့အမည်ခံထားတဲ့အတိုင်းသင်တန်းအပြီးမှာ certificate ပေးမှာဖြစ်တဲ့အတွက် တက်ရောက်သူ (၂၃)ဦးဟာ သင်တန်းမှန်မှန်လာရမဲ့ commitment လည်းရှိပါတယ်။ ဒီ့အတွက် တက်ရောက်သူများဆီကနေ supervisor မှသင်တန်းကို (၃)ပတ် တက်ရန် ခွင့်ပြုပါတယ်ဆိုတဲ့အကြောင်း agreement များလည်းတောင်းခဲ့ပါတယ်။ သင်တန်းတက်ရောက်လိုသူများအတွက် information website တခုလည်းအမြန်တည်ဆောက်ခဲ့ပါတယ်။ ဒီ website: https://datalit.weebly.com/ ကိုသွားကြည့်လို့ရပါတယ်။

သင်တန်းကဘာတွေသင်ပေးလဲ။

ကျွန်မတို့သင်ကြားခဲ့တဲ့ခေါင်းစဥ် (၄)ခုကိုတခုချင်းစီအနည်းငယ်ရှင်းပြပေးပါမယ်။

  1. From Evidence to Stories: ဒီခေါင်းစဥ်မှာကတော့ ဒေတာကိုအခြေခံပြီး ပြည်သူလူထုအတွက်အကျိုးရှိတဲ့ ဆောင်းပါးတွေ၊ သုတေသနစာတမ်းတွေကိုဘယ်လိုရေးသားကြမလဲဆိုတာကို အလေးထားသင်ပေးပါတယ်။ အထူးသဖြင့်ဂျာနယ်လစ်တွေအတွက်ရည်ရွယ်ပြီးသင်ပေးတာဆိုရင်လည်းမမှားပါဘူး။ Open Data (လွတ်လပ်စွာအခမဲ့အသုံးပြုနိုင်တဲ့ဒေတာ)ကို ပိုမိုနားလည်စေပြီး ဒီလိုမျိုး open data တွေဟာ နိုင်ငံတနိုင်ငံရဲ့မူဝါဒများကို ဖော်ဆောင်ရာမှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲဆိုတဲ့ဆွေးနွေးမှုများလည်းပြုလုပ်ခဲ့ကြပါတယ်။
  2. Finding Data and Data Formats: ယုံကြည်စိတ်ချရတဲ့ဒေတာတွေကိုရှာတဲ့အခါဘယ်လောက်ခေါင်းခဲစရာကောင်းလဲဆိုတာကိုသုတေသနလုပ်ဖူးသူများသိကြမှာပေ့ါ။ ဒါကြောင့်ဒီ session မှာဆိုရင် ဒေတာတွေကိုဘယ်လိုရှာဖွေကြမလဲ။ ဒေတာရလာပြီဆိုရင် ရလာတဲ့ဒီဒေတာတွေဟာ စနစ်တကျသန့်ရှင်းထားပြီးပြီလား။ ကိုယ်လိုချင်တဲ့ Format ပုံစံမှာရှိရဲ့လားစသဖြင့် အထပ်ထပ်အခါခါသင်ပေးပါတယ်။ ဥပမာ — ကိုယ်လိုချင်တဲ့ ဒေတာတော့ရှိပါရဲ့၊ သူက CSV format မဟုတ်ဘဲ PDF formatမှာရှိနေတဲ့အခါ PDF ပေါ်မှာရှိနေတဲ့ဒေတာကို CSV format အဖြစ် ဘယ်လို ပြောင်း (convert) ကြမလဲဆိုပြီးသင်ပေးတာမျိုးပေါ့။ သုတေသနတိုင်းမှာအရေးကြီးဆုံး အပိုင်း ဖြစ်တဲ့ Hypothesis (အယူအဆ) နဲ့ မေးခွန်းတွေကို ဘယ်လိုထုတ်ကြမလဲဆိုတာကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
  3. Understanding Data: ကိုယ်သုံးနေတဲ့ဒေတာကိုနားလည်သဘောပေါက်ဖို့လဲအင်မတန်အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်သုတေသနရဲ့အားနည်းချက် အားသာချက် တွေကို သိရမှာဖြစ်တယ်။ ဒီခေါင်းစဥ်အောက်မှာတော့ ဒေတာကို ဘယ်လို သန့်ရှင်းရမလဲ (data cleaning)၊ ကိုယ်သုံးနေတဲ့ ဒေတာကိုဘယ်ကရသလဲ (data source) စသည်အပြင် အခြေခံကိန်းဂဏန်းတွက်ချက်ပုံ နဲ့ statistics အနည်းငယ်ကိုသင်ပေးပါတယ်။ သည့်အပြင် ဒေတာတွေကိုအသုံးပြုတဲ့အခါ လိုက်နာသင့်တဲ့ကျင့်ဝတ် (ethic) တွေကိုလည်းရှင်းပြခဲ့ပါတယ်။
  4. Visualizing Data: အလွယ်ဆုံးပြောရရင် ဒေတာတွေကို ပုံဖော်တဲ့ session ပေ့ါ။တက်ရောက်သူတော်တော်များများရဲ့စိတ်ဝင်စားမှုရတဲ့ session တခုဆိုရင်လည်းမမှားပါဘူး။ ဒီ data visualization ခေါင်းစဥ်မှာတော့ infographic တွေ၊ interactive visualization တွေကိုသုံးပြီး ကိုယ်ပေးချင်တဲ့သတင်း (message) ကို ထိရောက်စွာဘယ်လိုပေးကြမလဲ ဆိုတာကို သင်ကြားပေးခဲ့ပါတယ်။ ဥပမာ — စာအရှည်ကြီး (သို့) ရှုပ်ထွေးတဲ့ကိန်းဂဏန်းတွေကို ရေးမဲ့အစား နားလည်လွယ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ပုံတွေ (infographic) (သို့) သင်ပုန်း (dashboard) တွေတည်ဆောက်စေပါတယ်။ ဒီsession မှာ အသုံးပြု ရတဲ့ tool/software/website တချို့ကတော့ DataWrapper၊ Tableau၊ Flourish၊ Piktochart၊ Timeline js စသဖြင့် အမျိုးမျိုးရှိပါတယ်။

သင်တန်းအပြီးနောက်ဆက်တွဲဘာတွေပြုလုပ်ခဲ့သလဲ။

သင်တန်းကနေထွက်လာတဲ့ စီမံကိန်းအချို့ ကို ဖန်တီးရာမှာ စက်တင်ဘာ (၃၀) ရက်နေ့ကကျင်းပတဲ့ Data Fair ပွဲ မှာပြသခဲ့ပါတယ်။ ပြသခဲ့တဲ့စီမံကိန်းထဲမှ အချို့ကတော့ဘုန်းကြီးကျောင်းပညာရေးနဲ့ပတ်သက်ပြီး ပြုလုပ်ထားတဲ့ dashboard၊ National Ceasefire Agreement (NCA) လက်မှတ်ထိုးပြီးနောက် ပဋိပက္ခတွေသိသိသာသာလျော့နည်းသွားရဲ့လားဆိုတာကိုပုံဖော်ထားတဲ့ infographic နဲ့သတင်းဆောင်းပါး (data-driven article)၊ မြန်မာနိုင်ငံရဲ့ကျောက်စိမ်းသွင်းကုန်ပို့ကုန်ကိုပြသတဲ့ dashboard၊ (၂၀၁၅)တုန်းကမဲပေးတဲ့သူပမာဏနဲ့သူတို့တတွေမဲပေးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်ကိုဖော်ပြတဲ့ mapping dashboard စသဖြင့်ပါဝင်ခဲ့ပါတယ်။

စက်တင်ဘာ(၃၀)နေ့က Data Fair မှ ပုံရိပ်တခု

သင်တန်းကိုဘယ်လိုသဘောရခဲ့လဲ။

Data Literacy သင်တန်းဟာ ကျွန်မတို့မျှော်လင့်ထားတာထက်ပိုပြီးအောင်မြင်ခဲ့တဲ့ သင်တန်းဆိုရင်လည်းမမှားပါဘူး။ ပါဝင်သူအားလုံးတတ်အားသမျှကြိုးစားအားထုတ်ခဲ့တာကိုလည်းသိသိသာသာမြင်တွေ့ခဲ့ရလို့စီစဥ်တဲ့ကျွန်မကိုယ်တိုင်လည်းအလွန်အားရခဲ့ပါတယ်။ တက်ရောက်သူအချို့ဆိုရင် Training ပြီးသွားပေမဲ့ ကျွန်မတို့ကိုလိုအပ်ရင်လိုအပ်သလိုအခုထိ အကူအညီတောင်းကြ၊ အားကိုးကြတဲ့အတွက်လည်း ဝမ်းသာရပါတယ်။

လျှောက်ထားသူ အယောက် (၁၃၀) ရှိတဲ့အပြင်၊ Data Fair ကို တက်ရောက်သူ အယောက် (၉၅) ဝန်းကျင်လောက်ရှိတာကိုကြည့်ခြင်းအားဖြင့် Data Literacy သင်တန်း အပေါ်လူတွေရဲ့စိတ်ဝင်စားမှုများပြားတယ်ဆိုတာကို တွေ့မြင်ခဲ့ပါတယ်။ ကျွန်မကိုလည်း သင်တန်းစုံစမ်းသူတွေရှိကြောင်း၊ cohort နောက်တဖွဲ့ကိုဘယ်တော့ခေါ်မလည်းဆိုတာကို မေးသူတွေရှိကြောင်း မိတ်ဆွေတွေလာပြောကြလို့ ဝမ်းသာရတယ်။

သင်တန်းတက်ရောက်သူများ၊ Phandeeyar နှင့် World Bank မှကိုယ်စားလှယ်များ အမှတ်တရ

လက်ရှိအစီအစဥ်ကဘာတွေလဲ။

လက်ရှိData Literacy နဲ့ပတ်သက်ပြီးအစီအစဥ်ကတော့ Training အတိုလေးတွေတောင်းဆိုတဲ့အဖွဲ့အစည်းများကို training တွေကြိုးစားပေးနေပါတယ်။ အခုလို (၃)ပတ်ကြာသင်တန်းကတော့လက်ရှိမှာ လာမှာမဟုတ်သေးပါဘူး။ အများဆုံးတပတ်ကြာသင်တန်း လာမဲ့ အစီအစဥ် တော့ရှိပါတယ်။ မကြာမီလာမည် မျှော်ပေါ့နော်…

Data Literacy နဲ့ Data Journalism သင်တန်းများတောင်းဆိုလိုရင်ကျွန်မ email: nuam@phandeeyar.org ကို အချိန်မရွေးမေးလ်ပို့ပြီးစုံစမ်းနိုင်ပါတယ်။

Cing Don Nuam

Written by

Amateur writer, I love reading, writing, drinking coffee, playing ping pong and swimming. ❤

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade