အကြောင်းကြောင်းကြောင့် ဝေးကွာနေတဲ့ နှလုံးသားတွေကို ပြန်ဆုံစည်းစေမယ့် Daddy You, Daughter Me

မိသားစုမှာ အမေနဲ့အဖေဆို ဘယ်သူ့ကို ပိုခင်တွယ်ကြပါသလဲ။ 
အဖေနဲ့ စိမ်းစိမ်းကားကား ဖြစ်ဖူးပါသလား။
အဖေက တချိန်လုံး ဖုန်းဆက်၊မက်ဆေ့ပို့၊မျက်စိဒေါက်ထောက်ကြည့်နေတာမျိုး ကြုံဖူးပါသလား။
အဆူခံရတဲ့အချိန်မယ် အဖေသာ ငါ့နေရာဝင်ကြည့်၊သိပ်ကောင်းမှာပဲ ဆိုတာမျိုး တွေးကြည့်ဖူးပါသလား။
နှစ်ယောက်စလုံးကို ချစ်တာမှန်ပေမယ့် အထူးသဖြင့် သမီးမိန်းကလေးတွေဆိုရင် မသိစိတ်က အဖေကို စိမ်းနေသလို ဖြစ်တတ်ကြတယ်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။

ဧပြိလမှာ ထွက်ရှိထားတဲ့ တောင်ကိုရီးယားရုပ်ရှင် Daddy you, Daughter Meက ဂျပန်မိသားစုဝတ္ထုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားပါတယ်။

အထက်တန်းကျောင်းသူ ဒိုယွန်းဟာ သူမရဲ့ဖခင်ကို စိမ်းကားနေသူတစ်ဦးပါ။ ဖခင်ဖြစ်သူကလည်း သူ့ကို ဘာကြောင့် စိမ်းကားနေမှန်း မသိတော့ တခါတခါ အမြင်မတော်တာ ဝင်ပြောမိတယ်။ အဲ့မှာအဖေနဲ့သမီးနဲ့ အဖုကလေးတွေဖြစ်လာတာပဲ။ အဲ့အချိန် ကောင်မလေးရဲ့အဖိုးနေတဲ့နယ်ဘက်ကို ညဘက်ကြီး ကိစ္စတခုကြောင့် မိသားစုလိုက်ရောက်သွားပြီး အိမ်ပြန်မယ့်အချိန်မှာ အဖေနဲ့သမီးနှစ်ယောက်တည်းကားမောင်းပြန်ရမယ့်ကိန်းဆိုက်လာတယ်။သူ့အဖိုးအိမ်နားမှာကုက္ကိုပင်ကြီးတစ်ပင်ရှိသတဲ့။ မတည့်အတူနေသားအဖနှစ်ယောက်ဆိုတော့ ဒိုယွန်းက သူ့အဖေနဲ့သူ စိတ်ချင်းလဲသွားရင် ကောင်းမှာပဲဆိုပြီး ကုက္ကိုပင်နားမှာ ရေရွတ်မိတယ်။ သူတို့သားအဖကားပေါ်ရောက်သွားတဲ့အချိန် အဖိုးဖြစ်သူက လှမ်းအော်ပြောလို့ ကုက္ကိုပင်ကြီးမှာ ကိုယ်ဖြစ်ချင်တာပြောရင် တကယ်ဖြစ်လာတယ်ဆိုတာ သူကြားလိုက်တယ်။ ဘာမှမဖြစ်သလို အိမ်ပြန်လာရင်းလမ်းမှာ ကားမောင်းနေတုန်း သားအဖနှစ်ယောက်စကားများနေကြတဲ့အချိန် ကားကြီးတစ်စီးနဲ့တိုက်မိပြီး နှစ်ယောက်စလုံး ဆေးရုံရောက်သွားရော။ ဒါပေမဲ့ နိုးလာတဲ့အချိန်မှာ ဒိုယွန်းရေရွတ်လိုက်သလို စိတ်နှစ်ခုက နေရာလဲသွားတဲ့အခါ? အဖေကသမီးဖြစ်၊ သမီးကအဖေဖြစ်သွားတဲ့အချိန် ဘယ်လိုဖြေရှင်းကြမလဲ၊ ဒီလိုအလှည့်အပြောင်းကရော ပျောက်ကွယ်သွားမလား၊တသက်လုံးဖြစ်သွားမလားဆိုတာကိုတော့ ပျော်ပျော်ပါးပါး ကြည့်ရှုကြရပါမယ်။

သာမန်မိသားစုထဲမှာမှ ကုမ္ပဏီဝန်ထမ်း ဖခင်နဲ့ သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူရဲ့ အကြား သဘာဝကျကျ ပဋိပက္ခတွေ၊ငြူစူတာလေးတွေ၊သံယောဇဉ်တွေ၊ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးပါ။ 
အထက်တောင် အထက့်အဖေနဲ့သိပ်မတည့်တော့ ဒီကားကြည့်ရင် အဖေ့ကို သတိရမိတယ်။ တစ်အိမ်တည်းနေကြတုန်းကဆို မကွိုင်တဲ့နေ့မရှိသလောက်ပဲ 😁။ 
မိသားစုကားလေးကို ဒရာမာအရမ်းမချိုးထားပဲ ပေါ့ပေါ့ပါးပါး ကြည့်နိုင်မယ့်ကားလေးပါ။
IMDB မှာ Rating 6.9 ရထားတယ်ဆိုတော့ မဆိုးဘူးလို့ ပြောရမှာပါ။
ဒီကားကြည့်ပြီးရင် အပြင်မှာ ကိုယ်နဲ့ကိုယ့်အဖေရော ဘယ်လိုတွေလဲဆိုတာ ပြန်စဉ်းစားမိစေမယ့်ကားလေး ထင်လို့ ညွန်းပေးလိုက်ရပါတယ်နော်။

Daddy You, Daughter Me official poster (Credit to original uploader)