သင်တန်းနှင့် တန်းသင် (Random Thought)

Kaung Myat Lwin
Nov 24, 2018 · 2 min read
Photo by JESHOOTS.COM on Unsplash

ရန်ကုန်မှာ သင်တန်းတွေ ပေါများလာတာနဲ့ အမျှ သင်တန်းသားတွေလည်း တိုးလာပါတယ်။ သင်တန်းသားတွေ တိုးလာလျှက်နဲ့ တချို့ အလုပ်နေရာတွေမှာ Skill မပြည့်မီတဲ့ ဝန်ထမ်းတွေလည်း တစ်ပေါက်နှစ်ပေါက် တွေ့လာစမြဲပဲ။ How-To နဲ့ Syntax ပဲ သင်ပေးတဲ့ သင်တန်းတွေကလည်း မှိုလိုပေါက်လာတာကိုး။ Bootstrap လေး အုပ်ပြပြီး Web Design သင်တန်းဆိုတဲ့ ဂျင်းတွေကလည်း ပေါ်ချက်။

တစ်လောက ကြားလိုက်ရတာ Product Company တစ်ခုက သူ့ Developer တွေကို Chat Bot လုပ်ခိုင်းတာ လနဲ့ချီကြာတဲ့အထိ Hello World တောင် မထွက်နိုင်ပါတဲ့။ အချို့ သင်တန်းသားတွေဆို certificate တွေက ကိုယ် သွားရည်ယိုချင်စရာ ကောင်းအောင်ကို များတာ၊ တကယ့် တကယ် drill ခိုင်းလိုက်ရင် တိုင်ပတ်သွားတာတွေ ရှိတယ်။

ဒီပြဿနာကတော့ မြန်မာပြည် ပညာရေးစနစ်နဲ့ နည်းနည်း ဆိုင်တယ်ပြောရမလား။ ကိုယ်တို့ ကြုံတွေ့ခဲ့တဲ့ ပညာရေးက ဖြန့်ကြက်တွေးဖို့ကို အားမပေးခဲ့ဘူး။ ဒါဆို ဒါကျက်။ မင်း အဲ့ဒါကို ပိုင်နိုင်ရင် အမှတ်များများရပြီ စာမေးပွဲ အောင်ပြီလို့ ရိုက်သွင်းခဲ့တော့ သင်တန်းတက်တဲ့သူတွေက သင်တန်း (သို့) ကျောင်းမှာ ဆရာသင်မယ် ပြီးရင် တတ်ပြီဆိုပြီး အထင်ဝင်ကုန်တယ် ထင်ရဲ့။ Spoon-fed တွေရဲ့ နောက်ဆက်တွဲက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ တကယ့် competition ထဲရောက်ရင် နောက်ဆုတ်ကုန်ကျ၊ လက်လျှော့ကုန်ကျတာချည်းပဲ။

အချို့သော သင်တန်းတွေမှာ Reasoning လုပ်နိုင်တဲ့အထိ တကယ်တတ်အောင် သင်နိုင်တဲ့ ဆရာတွေ ကိုယ်တိုင်ကလည်း စေတနာပါတဲ့ အတွက် တပည့်တွေကို ကိုယ့်ထက် ကောင်းအောင် တွန်းတင်ပေးတတ်တယ်။ သို့သော် အဲ့ဒီလို သင်တန်းတွေက အစပိုင်းမှာ ကောင်းတယ်ဆိုပြီး အသံထွက်လို့ လူသာများတာ နောက်ပိုင်းကျ “ဟာ ဘာတွေသင်နေမှန်း မသိဘူး” ဆိုပြီး လစ်ကုန်ကျတာနဲ့ သင်တန်းအဆုံးမှာ လူနည်းနည်းလေးပဲ ကျန်ခဲ့သတဲ့။ (ကောင်းပါတယ် လူစစ်ပြီးသား ဖြစ်တာပေါ့)

အဲ့ဒီတော့ တန်းသင်တာ (self-taught) ကကော ကောင်းပါ့မလားပေါ့။ ဒါကလည်း ကိုယ့်ပေါ်မှာ မူတည်တယ်။ တကယ့် အပြင်လောကမှာ ဂျင်းသင်တန်းများသလို Internet မှာလည်း ဂျင်း Course တွေရှိတယ်။ အဲ့ဒါတွေ ရှောင်တတ်ဖို့လည်း လိုသလို သင်တန်းကောင်းကောင်းမှာ တက်ရတဲ့ သင်တန်းသားနဲ့ ယှဥ်ရင် အချိန် ပိုယူပြီး ပိုပင်ပန်းရတယ်။ How to တွေ လေ့လာပြီးတဲ့ နောက်မှာ Why တွေ လေ့လာရတယ်။ နားမလည်တာတွေ ပြွတ်သိပ်နေတာကို ရှာဖတ်ရတယ်။

ဥပမာ Programming Language (Javascript) ကို ကိုယ်ကြည့်တဲ့ Course မှာ Assignment Destructuring မျိုး သုံးသွားတယ်ထားပါတော့၊ မြန်မာလို မေးရအောင်လည်း ကိုယ့်မှာ ဆရာမရှိ။ အဲ့တော့ ဖတ်ပါလေ့ MDN Docs မှာ တမေ့တမော။ ဒါမှ မကျေနပ်သေးရင် Language Specs ထိ ထပ်ဆင်းပြီး ဖတ်။ JSFiddle လို နေရာမျိုးမှာ ကိုယ့်နားလည်မှုကို ပြန်စမ်းကြည့်။ အချိန်ကတော့ ၂ ဆ (သို့) ၃ ဆ ထိ ယူရတယ်။ ဒါပေမယ့် ကောင်းကျိုးက ကိုယ့်မှာ Resources တွေများလာတယ်။ မကြုံဖူးတဲ့ ပြဿနာ မြင်ရင် ဘယ်နားသွားကြည့်လို့ရမယ် ဆိုတဲ့ Indexing Database က ဦးနှောက်ထဲမှာ အလိုလျောက် ဆောက်ပြီးသား ဖြစ်သွားတယ်။ Industry ဆိုင်ရာ စကားလုံး (Jargoons) တွေလည်း နားလည်ပြီး ဖြစ်တယ်။

သို့သော် တန်းသင်တွေမှာ ရှိတဲ့ပြဿနာ အကြီးကြီးက အချို့သော Foundation တွေ မကောင်းတာပဲ (Algorithm Analysis, Discrete Mathematics, Database Engineering etc)။ Computer Science ကျောင်းသားတွေနဲ့ ယှဥ်ရင် ကိုယ်က အဲ့တစ်နေရာမှာတော့ အောက်ရောက်နေတတ်တယ်။ ဒါမျိုးကျတော့ လိုအပ်တဲ့ အရာလေးတွေကို အားတဲ့ အချိန်လေးတွေမှာ ဖြည့်မှ ဘောင်ဝင်မယ်လို့ ယူဆတယ်။ Harvard က CS50 ကြည့်တာတို့၊ လမ်းသွားရင်း စာဖတ်သွားတာတို့တွေက အဲ့ Knowledge Gap လေးတွေကို အတိုင်းအတာ တစ်ခုထိ ဖြည့်ပေးပါတယ်။ တကယ် serious ဖြစ်တဲ့ topic ကြီးတွေကျတော့ textbook နဲ့ ထိုင်ပြီးတော့ လေ့လာမှကို ရတော့မှာပေါ့လေ။

သင်တန်းသားပဲ ဖြစ်ဖြစ် တန်းသင်သားပဲ ဖြစ်ဖြစ် ကိုယ်နှင့် သက်ဆိုင်ရာ Topics တွေကို သိပ် အဆက်ပြတ်မသွားပဲ How-To တွေ သိရင် Why ဆိုတာတွေ သိတဲ့အထိ အမြဲတန်း လေ့လာဆည်းပူးမှပဲ ကိုယ့် Industry မှာ ကောင်းမွန်တဲ့သူပဲ ဖြစ်နိုင်မှာလို့ပဲ ကောက်ချက်ချရင်း အတွေး တစ်စ အဆုံးသတ်လိုက်ပါတယ်။

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade