ကလောက်ဆရာကြီးနှင့် သူ၏ယူဇာများ

ရယ်စရာ သင်ခန်းစာလေးပြောပြမယ်

AWS တွေ AZURE တွေ GCloud တွေတတ်တဲ့ ကလောက် ဆရာကြီးပေါ့။ Presentation ပြတာတွေဘာတွေ အံတိုနေပြီ။ ဒါနဲ့ လူ ၁၀၀ လောက်ကို Website ဝင်ဖို့ on-boarding လုပ်တယ်ပေါ့။ လူ ၁၀၀ ကလည်း အခန်းတစ်ခုထဲမှာ ဖုန်းတွေ၊ လက်တော့ တွေနဲ့ အသင့်ပေါ့။ ဒါနဲ့ ဆရာကြီးက Google Form တစ်ခုကို URL အတိုလေး ခုတ်ပြီး၊ slide ကြီးနဲ့ ပြတယ်ပေါ့။ ဒီလိပ်စာကို ဖွင့်ပြီး ဖြည့်ကြပါပေါ့။

စကား မဆုံးခင်မှာ တားမနိုင်ဆီးမရ ဖုန်းအလုံး ၁၀၀ ထုတ်ပြီး၊ တစ်ပြိုက်နက်တည်း URL ကို ဓါတ်ဖမ်းကြပါတယ်။ ပြီးတာနဲ့ လက်ထောင်ပြီး ဆရာမရဘူးဆိုပြီးအော်ပါရော။ တစ်ယောက် မဆုံးသေးဘူး နောက်တစ်ယောက်၊ နောက်တစ်ယောက်၊ မရဘူး၊ မရဘူးတွေချည်း ဖြစ်ကုန်ပြီး ပွက်လောရိုက်ကုန်ရော။

ဆရာကြီးလည်း၊ လာပြီ လာပြီကျွန်တော်ကြည့်ပေးမယ်ဆိုပြီး အနားကပ်သွားတော့ သူတို့မရတာက ဝိုင်ဖိုင် ချိတ်မရတာ၊ ဖုန်းမှာ အင်တာနက်ဖွင့်တာ အိမ်မှာတက်တယ် ဒီမှာ မတက်ဘူးဆိုတာ၊ Google ရဲ့ search box နှင့် URL လိပ်စာဘား မကွဲတာ၊ URL အတိုခုတ်ထားတာကို စာလုံး အကြီးဆို အသေးရိုက်တာ၊ Gmail ဖွင့်မရတာ စသည်ဖြင့် ရှင်းလိုက်တာ၊ ကလောက်ဆရာကြီးလည်း ကွန်ပြူတာပြင်ဆိုင် ဖွင့်ရမလောက် အလုပ်များလေသတတ်။

၁ နာရီလောက် ဖြေရှင်းအပြီးမှာ Google From ထဲကို အားလုံး ရိုက်လို့ရပါတော့တယ်။

လာပါပြီ။ Form ထဲကို ထည့်လိုက်ကြတာ နာမည်တစ်မျိုးတည်းနှင့် ၅ ခါဖြည့်တာ၊ gmai.com တို့ hmail.com တို့ gmail.co တို့ Gmail က password မေ့သွားလို့ နောက်တစ်ခု ထပ်ဖွင့်ပြီး ပေးမယ်ဆိုတာတစ်မျိုး။ ဖုန်းနံပါတ်က အခုနက ပြန်သွားတဲ့ တစ်ယောက်ဖြည့်သွားတာ၊ ကျွန်တော်မသိလို့ Form ထဲမှာ ပြန်ကြည့်ပေးပါဆိုတာတစ်မျိုး။ မရိုးနိုင်သော ပျော်စရာ အဖြစ်အပျက်များ အပြီးမှာတော့ အကောင့်တွေပွင့်ပြီး။ Password တွေ ပြင်ကြတော့ Reset Password မှာ email လိပ်စာဖြည့်ပြီး၊ ခလုတ်ကို ၅ခါလောက် double click လိုက်လို့ Email ၁၀ စောင်ဝင်လာပြီး ဘယ်ဟာကို ဖတ်ရမှန်းမသိတာ။

ဒါနှင့်ပဲ ကလောက်ဆရာကြီးဟာ ဝက်ခြံထဲက ဆိုင်းဆရာလို၊ လက်မလည်အောင် နှိပ်အပြီး၊ ကျွေးတဲ့ မုန့်တောင် မစားလိုက်ရဘဲ ပြန်လာခဲ့ရပါလေရော။ မပြီးသေးဘူး ညကျတော့ Email နဲ့ တစ်ယောက်လာသေးတယ်။ Password reset ဖောင်မှာ Password နှစ်ခု ညီအောင် ရေးပါဆိုတာကို အပေါ် box မှာ Email ဖြည့်ပြီး အောက်မှာ password ဖြည့် လို့မရတာကို login လုပ်ရပါဘူးဆိုပြီး Email ပို့တယ်။ Email တစ်ခုလုံးကို Subject line ထဲမှာ အပြည့်အစုံ တစ်ခုလုံးရေးထည့်တာမျိုးကို ဖြေရှင်းပေးရပါသေးသည်။


ရယ်လည်းရယ်ပါ။ သင်ခန်းစာကတော့ ဘာကိုမှ ကြိုတင်ယူဆချက်ထား၍မရပါကြောင်း။ ကလေးကို သင်သလို သင်ရန် ပြင်ဆင်ထားသင့်ပါကြောင်း။

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.