ကွီးတွေ အကြောင်းပြောပြချင်တယ်။

TIIDE 2018 — Pushing our own upper limit — 522.

(ဒီခေါင်းစဉ်ကို သုံးမှဖေ့ဘုတ်မှာ ကျွန်တော့်ကို စောင့်ကြည့်ပြီး၊ group တွေထဲမှာ အတင်းတုပ်မယ့်လူတွေ စိတ်ဝင်စားမှာမို့ ဒီခေါင်းစဉ်တပ်လိုက်ပါတယ်။ ပြီးအောင်တော့ဖတ်နော်။ Screenshot ရင် အရှည်ကြီးရိုက်ရမှာ။ ❤️)
ကျွန်တော်စောင့်နေတဲ့ သြဂုတ်လကို ရောက်ပါပြီ။ မတ်၊ ဧပြီကတည်းက ဆရာ့ဆရာတွေကို လိုက်တွေ့၊ ကျောင်းတွေကို အကြောင်းကြား ဆက်သွယ်ပြီး၊ ၂၀၁၇ က လုပ်ခဲ့တဲ့ ICIP17, In-campus Internship Program 2017 ကို အသေးစိတ်ရှင်းပြ၊ ဆွယ်တရားဟောပြီး ပါဝင်ဖို့ စတင်စည်းရုံးခဲ့ပါတယ်။ အဲဒီနောက်တော့ ICT လောကမှာ ကဏ္ဍမျိုးစုံ ပါဝင်လုပ်ကိုင်နေကြတဲ့ ဆရာ (၈) ဦးကပါဝင်ဖို့ သဘောတူခဲ့ပါတယ်။

CU တော်တော်များများဆီကို အကြောင်းကြားထားပြီး၊ အချက်အလက်တွေ ရထားပေမယ့်၊ ဆရာတွေ အတွက်လည်း မထောင်းတာမယ့် ခရီးမျိုးဖြစ်မယ့်နေရာ၊ ကျောင်းသား အရေအတွက်လည်း သင့်တင့်တဲ့ ကျောင်းကို အဖွဲ့သဘောထားနှင့် ရွေးချယ်ကြပြီး၊ ဘယ်ကျောင်းကို၊ ဘယ်ဆရာက ကျောင်းသားဘယ်နှစ်ယောက် တာဝန်ယူမယ်ဆိုတာ ခွဲဝေသဘောတူပြီး၊ ဆိုင်ရာကျောင်းတွေကို ဆက်သွယ်အကြောင်းကြားပြီး ခရီးစဉ်နှင့် အချိန်ဇယား အသေးစိတ်တွေကို ဧပြီလကုန်၊ မေလဆန်းမှာ အတည်ပြုပြီး လုပ်ငန်းစခဲ့တယ်။

အဖွဲ့ကို အမည်ပေးဖို့တိုက်တွန်းကြလို့၊ အသင်းတွေနှင့်လည်း အပြိုင်မဖြစ်ရအောင်၊ လုပ်ငန်းသဘောလည်း ဆန်အောင်လို့ TIIDE, Technology Internship and Industry Development Enterprise လို့အမည်ပေးတယ်။ Enterprise ဆိုတဲ့အတိုင်း စွန့်စားစူးစမ်းရှာဖွေဖို့ ပါပဲ။


TIIDE ရဲ့ ရည်ရွယ်ချက် — လိုရင်းကတော့ နည်းပညာလောက ဖွံ့ဖြိုးတိုးတက်ဖို့နှင့် နည်းပညာ အလုပ်သင်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ပါပဲ

လက်ရှိ ကွန်ပြူတာလောကအတွက် လိုအပ်တဲ့ လုပ်သားအင်အား မလုံလောက်ပါဘူး။ အိုင်တီလောက လုပ်ငန်းခွင်ထဲကို ဝင်လာတဲ့ လုပ်သားအင်အားနည်းသလို၊ ကျွမ်းကျင်သူ ရှားပါးမှု ပြဿနာဟာ လုပ်ငန်းတိုင်းကြုံနေရတာပါ။ ကွန်ပြူတာ ဘွဲ့ရကျောင်းဆင်းတွေကို လုံလောက်တဲ့ အသိပညာ တွေ ကျောင်းကသင်ပေးလိုက်ပေမယ့်၊ အဆင့်မြင့်တန်းဖြစ်တာမို့ ဆန်းသစ်ဖန်တီးနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့်သင်လိုက်ပေမယ့်၊ သက်မွေးမှုသမားတွေလို လက်တွေ့အသုံးချနည်းကို ဂဃနဏ အကြိမ်ကြိမ်လေ့ကျင့်ခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ လက်ရှိ လုပ်ငန်းခွင်ဝင်မယ့် လူတွေကို လုပ်ငန်းခွင်ဘက်က လိုအပ်တာက၊ ချက်ခြင်း ဆောင်ရွက်ခိုင်းနိုင်မယ့် ကျွမ်းကျင်မှုတွေ လိုချင်တာပါ။

အခု CU တွေမှာ နောက်ဆုံးနှစ် ကျောင်းသားတွေကို Internship ဆင်းခိုင်းတော့ အိုင်တီလောက လိုအပ်နေတာနှင့် ကွက်တိပေ့ါ။ အလုပ်သင်ဆင်းတဲ့ အတွေ့အကြုံရပြီး၊ ကျောင်းဆင်းလို့ အလုပ်ခွင်ဝင်ရင်၊ အရင်ကလို ၆လ ၁နှစ် လေ့ကျင့်ပေးစရာမလိုတော့ဘူးပေါ့။

သို့သော်လည်း နောက်ပြဿနာ တစ်ခုက CU ကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသား/သူ ၁၅၀၀ လောက် အားလုံးကို အလုပ်သင်ခန့်ဖို့အတွက် ကျွန်တော်တို့ အိုင်တီလောက က မစွမ်းနိုင်ပါ။ ကျောင်းတွေဘက် ကြိုးစားပမ်းစား ကုမ္ပဏီတွေဆီကို ဆက်သွယ်ကြ၊ ကုမ္ပဏီတွေကလည်း သူတို့ စွမ်းသလောက် အလုပ်သင်အရေအတွက်ကို စိစစ်ရွေးချယ် ခန့်အပ်ကြ၊ စားရိတ်ကာမိအောင် လုပ်အားခပေးကြ သည့်တိုင်အောင်၊ ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှာ အခြေစိုက်ကြတဲ့ လုပ်ငန်းတွေဆီကို နယ်ပေါင်းစုံက ၃-၄ လ လာနေပြီး အလုပ်ဆင်းဖို့ရာအတွက် ကျောင်းသား/သူ နှင့် သူတို့မိဘတွေ အနေနှင့် မစွမ်းနိုင်ပါ။ စားရိတ်ထပ်ဆောင်း အကုန်မခံချင်/နိုင်သူတွေ၊ မြို့မှာ ၃-၄ လသွားနေဖို့ အိမ်က မလွှတ်တာတွေ၊ အလုပ်သင်ဝင်ဖို့ ကုမ္ပဏီက ရွေးချယ်မခံရသူတွေနှင့်၊ ကျောင်းသား/သူ အများစုအတွက် အလုပ်သင်ဝင်ပြီးဖို့ရန်ဟာ ပြဿနာကြီးတစ်ခုဖြစ်ပါတယ်။

TIIDE က ဒီပြဿနာကို ဖြေရှင်းဖို့ ကျောင်းမှာပဲနေပြီး၊ အဝေးက ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနိုင်တဲ့ အစီအစဉ်ကို ရေးဆွဲ အကောင်အထည်ဖော်ပါတယ်။


TIIDE မှာပါဝင်တဲ့ ကွီးတွေ — ကတော့ Network, System, Infrastructure လုပ်ငန်း၊ Web, Mobile Software လုပ်ငန်း၊ Game Development လုပ်ငန်းများမှသည် Cyber Security လုပ်ငန်းနှင့် Machine Learning, Artificial Intelligence လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ ကုမ္ပဏီတွေရဲ့ CEO တွေ၊ MD တွေ ကိုယ်တိုင် အချိန်ပေးပြီးရော၊ သူတို့ လုပ်ငန်းက ကျွမ်းကျင်သူတွေကိုပါ စိုက်ထုတ်ပြီးရော ပါဝင် ဆောင်ရွက်ကြပါတယ်။

  • GMIT က CEO — ကို Ravi — နည်းပညာလော့ အတွေ့အကြုံ ရင့်ကျက်ပြီး၊ Critical Thinking အလွန်ကောင်းတဲ့ ကျွန်တော်တို့ ကဆရာတင်ရတဲ့ အစ်ကိုပါ။
  • AccessSpectrum က CEO — ကိုတင်ထူးခိုင် — ကတော့ Infra Network solution တွေကို ကိုယ်တိုင်ကျွမ်းကျင်မှုရော၊ လုပ်ငန်းရဲ့ သက်တမ်းရော၊ နာမည်ပါ အခိုင်အမာရှိသူပါ။
  • Vision to Motion က CEO — ကိုအေးကျော်လှိုင် — ကတော့ Infra, Network, System ပိုင်းမှာ ကိုယ်တိုင်ကျွမ်းကျင်ပြီး၊ ငယ်ရွယ်တဲ့ အဖွဲ့ဝင်တွေကို တတ်ကျွမ်းအောင် သင်ကြားပြသဦးဆောင်ပြီး လုပ်ငန်းတွေ လုပ်နေသူပါ။

ဒီအစ်ကိုကြီးတွေ အပြင်၊ ကျွန်တော်နှင့် အသက်မတိမ်းမယိမ်း

  • Kernellix က CEO — ကိုရဲသူရသက် — ကတော့ ကျွမ်းကျင်တဲ့ White Hat Hacker တစ်ယောက်ပါ။ ပြည်ပမှာရော ပြည်တွင်းမှာပါ Cyber Security solution နှင့် Service တွေပေးနေသူပါ။
  • Studio AMK က CEO — ကိုအေးမောင်ကြည် — ကတော့ အလွန်ဝင်ငွေကောင်းတဲ့ Game နှင့် အခြား Software solution တွေရေးသားဖန်တီးပြီး၊ လူ ၄၀ လောက်ရှိတဲ့ လုပ်ငန်းကို တိုးတက်လည်ပါတ်အောင် လုပ်နေသူပါ။
  • Digital Royal Net က CEO — ကိုဘုန်းပြည့်ဦး — ကတော့ လက်ရှိ အောင်မြင်နေတဲ့ ကျောင်းတွေ၊ ကျောင်းသား/သူ နှင့် မိဘတွေအတွက် အသုံးဝင်တဲ့ TTC ကတောင် သုံးရတဲ့ E-school platform ကို ရေးသား၊ ဖန်တီး သူပါ။
  • Technomation က CEO — ကိုထူးမြင့်နောင် — ကတော့ ကွန်ပြူတာတက္ကသိုလ် ကျောင်းတက်နေကတည်းက ပထမဆုံး Myanmar လို SMS ပို့တဲ့ Mobile software ကိုရေးခဲပြီး၊ လက်ရှိမှာ တစ်ခုတည်းသော မြန်မာပြည်ထုတ် GPS Navigation စက်ကို ကိုယ်တိုင် တီထွင် ဖန်တီးရောင်းချပြီး၊ Mandalay စည်ပင်လို အဖွဲ့အစည်းအတွက် GPS Tracking solution ဖန်တီးရောင်းချသူပါ။

ဒီလိုဆရာတွေအပြင် ကျွန်တော့်ထက်ငယ်တဲ့

  • Base Technology က CEO — ကိုစွမ်းထက်အောင် — ဆိုရင် Messenger Bot solution နှင့် AI နည်းပညာတွေကို ကိုယ်တိုင်ဖန်တီးပြီး၊ ပြည်တွင်းလုပ်ငန်းတွေကို ရောင်းချနေတဲ့ ရှားရှားပါးပါး လုပ်ငန်းကို ဦးဆောင်နေသူပါ။

ဒီလို စွမ်းအားရှင် ကွီးတွေအားကိုးနှင့် ဒီအစီစဉ်ကို လည်ပါတ်နိုင်ဖို့ ကြိုးစားပါတယ်။ ဒီ ဆရာတွေဟာ အချိန်မရှိ၊ အလုပ်များတဲ့ကြားက ခရီးသွားစားသောက် စားရိတ်လည်း ကိုယ့်ဖာသာ အိတ်စိုက်၊ လုပ်အားခလည်း မရ၊ လူအပိုစိုက်ရရင်လည်း ကိုယ်ဖာသာ အကုန်အကျခံပြီး လုပ်ပေးကြတာပါ။ ကျွန်တော် သူတို့ဆီက တောင်းခံခဲ့တာက ငွေ ထက်တန်ဖိုးရှိတဲ့၊ အချိန်ထက် တန်ဖိုးရှိတဲ့ သူတို့ရဲ့ စိတ်အာရုံစိုက်ပေးဖို့ (attention) နှင့် သူတို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ပေးဖို့ (presence) တွေပါ။

TIIDE အစီအစဉ်လည်ပါတ်မှုရဲ့ အဓိကဝင်ရိုးတွေဟာ ဒီဆရာတွေရဲ့ ကိုယ်တိုင်လာရောက်ပြီး စူးစိုက်နှစ်မြှုပ် အာရုံစိုက်ဆောင်ရွက်ပေးမှုတွေပါပဲ။


TIIDE 2018 မှာ ပါဝင်တဲ့ကျောင်းတွေ — ကတော့ ကွန်ပြူတာ တက္ကသိုလ် ၂၀ ကျော်ထဲက လမ်းကြောင်းရော၊ ကျောင်းသားအရေအတွက်ပါ၊ သင့်လျော်မှုနှင့် ဆရာတွေအတွက် အဆင်ပြေမှုတွေကို စဉ်းစားပြီးရွေးချယ်ခဲ့တာပါ။ ကျောင်းတွေက

  • CU မန္တလေး (စဉ့်ကိုင်) — အလုပ်သင်အများဆုံး — ဆရာ (၅) ဦး — ကသ (၃၇၄)ဦး
  • CU တောင်ငူ — ICIP17 လုပ်ဖူးသည့်ကျောင်း — ဆရာ (၃) ဦး — ကသ (၇၁) ဦး
  • CU သထုံ — ဒီနှစ်လမ်းရေကြီးသည့်ကျောင်း — ဆရာ (၃) ဦး — ကသ (၆၄) ဦး
  • CU ထားဝယ် —ဆရာရဲ လေယာဉ်ခရီးဖြင့် — ဆရာ (၁) ဦး — ကသ (၁၃) ဦး
  • CU မြစ်ကြီးနား — ကျန်ရှိသူများ မန္တလေးသို့ လာပူးပေါင်း
  • CU မြိတ် — ကျန်ရှိ ၉ ဦးကို ရန်ကုန်သို့ခေါ်ယူ — ဆရာ (၁) ဦး — ကသ (၉) ဦး

ကြွားပြောရရင်၊ မြစ်ကြီးနားကနေ မြိတ်အထိ တစ်နံတစ်လျား ပါဝင်ကြတယ်ပေါ့။ (အယ်လယ်… 😄)

ဖြန့်ကျက်ပေးလိုက်တဲ့ ကုမ္ပဏီက ဒါရိုက်တာတွေဟာ သတ်မှတ်တဲ့ ရက်တွေ၊ အပါတ်စဉ် တွေအလိုက် ကျောင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး အလုပ်သင်တွေနှင့် တွေ့၊ သင်ကြားပြသပြီး၊ အလုပ်တွေ ပေးခဲ့ကြပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အလုပ်သင်တွေကို Video Conference၊ ဖုန်းခေါ်၊ Message ပို့၊ Online collaboration တွေသုံးပြီး၊ Learning နှင့် Skill Training တွေပေးပြီး၊ အလွန်ရိုးရှင်းတဲ့ အတွေ့အကြုံရမယ့် အလုပ်တွေကို ခိုင်းပါတယ်။ မေးတာမြန်းတာ၊ ရှင်းပြတာတွေ ပျောက်ပျက်မသွားအောင်လည်း Forum တစ်ခုလုပ်ထားတယ်။ http://ask.tiide.org မှာကြည့်လို့ရတယ်။ Training Video links တွေလည်း ရှိတယ်။

TIIDE အစီအစဉ်လည်ပါတ်မှုမှာ ထိန်းကွပ်ဘောင်ခတ်မှုရဲ့ အဓိကကတော့ ဆရာတွေ အဝေးရောက်နေချိန်မှာ အဖွဲ့အလိုက် အပါတ်စဉ် သတင်းပို့ရတဲ့ အနီးကပ်ကြီးကြပ်ပေးသူ Supervisor ဆရာမတွေပါပဲ။ ဆရာမတွေဟာ သင်ကြားရေးတစ်ဖက် အချိန်လုပြီး ကြီးကြပ်ပေးကြပါတယ်။


TIIDE ရဲ့ ကုန်ကျစားရိတ် — ကတော့ အိတ်စိုက်ပါ။

ကုမ္ပဏီဘက်က ဆရာတွေ သွားလာ၊ နေထိုင်၊ စားသောက်၊ အသေးသုံး စားရိတ်အားလုံး ကိုယ့်ဖာသာကိုယ် အိတ်စိုက်ရပါတယ်။ ကျောင်းသားများလို့ ဆရာမနိုင်ရင် ကိုယ့်ဝန်ထမ်းကိုယ်ခေါ်လာရပါတယ်။ ကျောင်းဘက်ကလည်း ခန်းမ၊ နေရာ၊ စက်ကိရိယာတွေ အပြင်၊ တတ်နိုင်သလို ကြိုပို့၊ နေ့လည်စာခင်း ကျွေးမွေး၊ တည်းဆိုရန် စီစဉ်ပေးတာတွေ စိုက်ထုတ်ပေးပါတယ်။ Supervisor ဆရာမတွေ သတ်မှတ် စိုက်ထုတ်ပေးပါတယ်။ ကျောင်းသား/သူတွေကတော့ အဓိက ဆက်သွယ်ရေး မပြတ်ဖို့၊ မိုဘိုင်းဖုန်းဘေ စိုက်ကြပေ့ါ။ တစ်ခါတစ်လေ လည်း နေ့လည်စာလိုက်ကျွေး၊ ကော်ဖီ ဝယ်တိုက်တာတွေ ဘာတွေ စိုက်ထုတ်ပါတယ်။


အခက်ခဲတွေ — ကတော့ ပြောပြရင် အများကြီးပါ။ ငှက်မသိတော့ ဆက်ရက် ချိုးထင်ဆိုသလို၊ ပွဲဦးထွက် Messenger ထဲမှာ အထင်မှားပြီး ငါတွေ၊ မအေတွေနှင့် ကိုင်တုပ်ခံရပါလေရော။

ခက်တာတွေပြောရရင်၊ အဝေးကလုပ်လို့ အလုပ်ဖြစ်ပါ့မလားလို့ သံသယ ဝင်ကြတာ။ ကျောင်းမှာ အလုပ်သင်တွေ သုံးဖို့ ကွန်ပြူတာ အလုံအလောက်မရှိသေးတာ။ ရှိတဲ့ စက်တွေက တစ်ပုံစံတည်း မဟုတ်တာ။ မီးမမှန်သေးတာ။ အင်တာနက် မမြန်သေးတာ။ နေရာ တွေ ဝေးရင် ခရီးထောက်တာ။ ရေကြီးလို့ လမ်းမပေါက်တာ။ စာပို့လိုက်ရင် ဖတ်ပြီး အကြောင်းမပြန်တာ။ ကျောင်းသားသဘာဝ အတိုင်း အချိန်နီးမှ ကပ်လုပ်တာ။ တော်ပါရက်နှင့် အပျင်းကြီးကြတာ။ ရည်မှန်းချက် ကြီးကြီးမထားကြသေးတာ။ နားလည်မှု လွဲကြတာ။ အဝေးက သင်ရတာမို့ ခုတ်ရာတစ်ခြား ရှရာ တစ်လွဲဖြစ်ကြတာ။ အားကုန် စိုက်မထုတ်ဘဲ နောက်ဆုံးနှစ်လည်းဖြစ်၊ ဆရာတွေလည်း စောင့်ကြည့်တာမဟုတ်လို့ အလေလိုက်နေကြတာ။ စသည်ဖြင့်….

ကုမ္ပဏီက ဆရာတွေ ပြန်စုမိရင် စကားပြောဖြစ်ကြတယ်။ အလုပ်မကြိုးစားတဲ့သူ၊ ပျင်းတဲ့သူ၊ ရေသာခိုတဲ့သူ၊ ပြဿနာ ရှာတဲ့သူ၊ မလေးစားတဲ့လူ၊ ကျောင်းပြီးရင် ဈေးရောင်းမယ့်သူ၊ အလယ်တန်းပြလုပ်မယ့်သူ၊ စာရင်းကိုင်လုပ်မယ့်လူ စသည်စသည်တို့ကိုတွေ့ရင် စိတ်ပျက်ကြတဲ့အကြောင်း၊ မူရင်းရည်မှန်းချက်ဖြစ်တဲ့ Industry ဖွံ့ဖြိုးဖို့အတွက် ကျောင်းက မွေးထုတ်လိုက်တဲ့ လူတိုင်း လုပ်သားအင်အားထဲကို မရောက်တာ၊ တစ်ခြားနည်းနှင့် အသက်မွေးမယ့် ကျောင်းသား/သူ ကို ဘာလို့ အချိန်ကုန်ခံပြီး အလုပ်သင်ပေးရလဲဆိုတာ တွေ ဆွေးနွေးဖြစ်ကြတယ်။ ဘယ်လောက်ပင် စိတ်ပျက်ကြစေ၊ ညီအစ်ကိုတွေကတော့ ဆုံးဖြတ်ကတိ ပေးထားတဲ့အတိုင်း၊ အချိန်ပေး၊ အာရုံစိုက်၊ ကိုယ်တိုင်လိုက်ပြီး ဆောင်ရွက်ပေးကြပါတယ်။

ကျောင်းသား/သူတွေ အလုပ်သင်ဝင်ရာမှာ မတတ်တာ၊ မသိတာ အပြစ်မဟုတ်ကြပါ။ မသိချင်၊ မတတ်ချင်တာ ဟာသာခက်တာပါ။ အစွမ်းကုန်ကြိုးစားအားထုတ်မှု မပြုပဲ အလုပ်ကို ပေ့ါပေါ့ဖော့ဖော့ လုပ်ကြတာသာခက်တာပါ။ စူးစမ်းလိုစိတ်မရှိကြတော့ လက်ရှိ Director တွေကို တိုက်ရိုက် မေးမြန်းသင်ယူခွင့်ရတာကို တန်ဖိုးမသိကြတော့၊ အလုပ်ခိုင်းရင် လုပ်လိုက်မယ်၊ ဆူရင်တွန်းရင် လုပ်လိုက်မယ်၊ ဘာတွေကို သိလိုစိတ်နှင့် မေးမြန်းမယ်၊ နည်းပြခိုင်းမယ် ဆိုတဲ့ လူမျိုး ၁၀ ယောက် ၁ ယောက်ပဲ တွေ့ရတယ်။

TIIDE မှာ လက်ရှိ director ပုဂ္ဂိုလ်တွေကို program ပြီးတဲ့နောက် သီးခြား ဆက်သွယ်ရင် စကားပြန်ပြောချင်မှလည်း ပြောလိမ့်မယ်။ သူတို့နှင့် လူချင်းလည်း တွေ့ဖို့ ခဲယဥ်းမယ်။ လုပ်ငန်းအရ မပါတ်သက်ဘဲ သင်ပေးပါဆိုရင်လည်း အခွင့်အခါသင့်ဖို့ ခက်ခဲမယ်။


နောက်တစ်နှစ် ဆိုရင်တော့… နောက် တစ်နှစ်အတွက် နောက် ၈ လလောက်နေမှ စဉ်းစားတာပေါ့။ ညီကိုတွေကတော့ နောက်နှစ်အတွက်လုပ်ဖြစ်ရင် စုပုံရှင်း ကျန်တဲ့ ကျောင်းသား/သူတွေကို အကုန် လက်မခံဘဲ စိစစ်ပြီးမှရွေးချယ်ဖို့ပြောပါတယ်။ ကျွန်တော့် ဆန္ဒက အလုပ်သင်မရတဲ့ ကျောင်းသား/သူတိုင်း အခွင့်အရေးရစေဖို့ စုပုံရှင်းကို ပဲ ကြိတ်မှိတ်လုပ် ပေးချင်တယ်။ ဒါပေမယ့် တစ်ယောက်တည်းနှင့် စကေးမချဲ့နိုင်ဘူးလေ။ ဒီနှစ် အစီအစဉ်ကတော့ အထိုက်အလျောက် အောင်မြင်တယ်ပေ့ါ။

တစ်ယောက်တည်း TIIDE (တိုက်) လို့မရတာမို့ ဒီကွီးတွေကို ပဲ အားကိုးရမှာပါ။ ခုကတည်း ဘိုကင်ချိတ်ထားရမယ်။ စာရင်းတော့ ဝင်ထားပါ၊ နောက် (၈) လနေမှ ဆုံးဖြတ်ပေ့ါဘာညာသရကာ၊ ညာတာပါတေးနှင့် စည်းရုံးထားရမယ်။ ဟဲဟဲ။ 😅


ကျွန်တော့်ရဲ့ ပုဂ္ဂလ အမြင် — လေးလည်းပြောပြချင်တယ်။ ကျွန်တော့်မှာ TIIDE ကို စီမံပေးတဲ့ မန်နေဂျာ တစ်ယောက်လည်း ငှားထားသလို၊ ကျွန်တော့်ကုမ္ပဏီရဲ့ အကောင်းဆုံး programmer တွေကိုလည်း ခေါ်လာပေး၊ နည်းပြပေးခိုင်းပါတယ်။ တစ်ယောက်တည်း မနိုင်ဘူးလေ။ ကျွန်တော့် Team အဖွဲ့ဝင်တွေအားလုံးဟာ ဒီ အစီအစဉ် လည်ပါတ်မှုမှာ ချောဆီတွေပါပဲ။ သူတို့မရှိရင်လည်း ကျွန်တော် မအောင်နိုင်ပါ။

ကျောင်းသားတွေကို စာကျက်နည်း၊ လေ့လာနည်းတွေ ပြပေးချင်တယ်၊ အနီးကပ်ရှိရင် သိပ်ကောင်းမယ်။ နည်းပညာလောကမှာ ရေရှည်ရပ်တည်ဖို့က သင်ယူနည်းကို တတ်ဖို့ပဲ။ အခုကတော့ နည်းနည်းနှင့် ကြဲကြဲ ဝိုင်းရတော့၊ လက်တွေ့ ရလာဒ်ရမယ့်၊ အများအတွက်လည်း လွယ်မယ့် အလုပ်မျိုးတွေ ရွေးခိုင်းရတယ်။ HTML, CSS တွေ Bootstrap တွေ မခိုင်းချင်ဘူး၊ ဒါတွေက ကိုယ့်ဖာသာ တတ်သင့်တဲ့အရာတွေ ဖြစ်နေပြီ။ လိုအပ်ချက်က AI အလွန်ခေတ်အတွက် ပြင်ဆင်ရတော့မှာ၊ ကွမ်တမ် ခေတ်ကိုကူးတော့မှာ။ စူးစမ်းလိုစိတ်နှင့် သင်ယူနိုင်စွမ်းကောင်းဖို့က အသက်ပဲ။

အလုပ်သင်တွေ ဘယ်လိုပဲဖြစ်ကြပါစေ၊ တော်ပါစေ၊ ညံ့ပါစေ၊ ကြိုးစားပါစေ၊ အပျင်းထူပါစေ ကျွန်တော်တို့ဟာ နည်းပညာလောကကို၊ နိုင်ငံတော်ကို ဒီကျောင်းဆင်းလူငယ်တွေနှင့် တည်ဆောက်ရမှာ၊ သူတို့အားကိုးနှင့် ကျွန်တော်တို့ ရှေ့ဆက်ရမှာ၊ ဒါ့ကြောင့် အလုပ်သင် ကျောင်းသား/သူတွေဟာ ကျောက်သံပတ္တမြား အရိုင်းတုန်းတွေပါပဲ၊ အချောကိုင် ပုံသွင်းတတ်ရင် တတ်သလို ဖိတ်ဖိတ်တောက် တန်ဖိုးရှိလာကြမှာပဲ။ ဒီအတွက် ကျွန်တော်တို့ စဉ်ဆက်မပြတ် ကြိုးစားပြီး ပေးနေရမယ်။

အထက်က ဆရာ (၈) ယောက်အပြင် အခြားရင်းနှီးတဲ့ ဆရာတွေကို စည်းရုံးတုန်းက မှတ်မှတ်ရရ ရယ်စရာလေး ပြောဦးမယ်။ အရမ်းတော်တဲ့ ညီလေး တစ်ယောက်ကို စည်းရုံးတော့ သူကပြောတယ်၊ သူတော့ မအားလပ်လို့ မပါနိုင်ဘူး၊ ပြီးတော့ ကိုသာထက်ဟာ နောက်ကွယ်က ဘာအကျိုးအမြတ်တွေ ရနေလို့ ဒီ အစီစဉ်ကို လုပ်နေသလဲဆိုတာ သူသိချင်တယ်တဲ့။ သူဆိုလိုတာက၊ ကျွန်တော်က ဒါကို စီစဉ် သူတို့က အိတ်စိုက်ပါပေးရပြီး၊ သူတို့ကို ပေးမသိတဲ့ အကျိုးအမြတ်တွေ ကျွန်တော် ကြိတ်ယူနေသလားပေါ့။

ကျွန်တော် စဉ်းစားကြည့်တယ်။ အနှောင်အဖွဲ့ကင်းတဲ့ မျှော်လင့်ချက်ကင်းတဲ့ စေတနာ သန့်သန့်နှင့် လုပ်ပေးတာကို သံသယဖြစ်ခံရလောက်အောင်ပဲ ဒီခေတ်ကြီးဟာ ညစ်နွမ်းနေပြီလား။ ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက် ချပြထားပြီး၊ မှန်ကန်စွာလုပ်ဆောင်နေတာတောင် သံသယဖြစ်စရာ ခေတ်ကြီးဖြစ်နေပြီလား။ ရိုးသားမှုဆိုတာကို ဘယ်မှာမှ မရှိဘူးလို့ လက်ခံယုံကြည်ရလောက်အောင် လူမှုအသိုင်းအဝိုင်းဟာ ပျက်ယွင်းနေကြပြီလား။ ဒီလိုဖြစ်လို့ ကျွန်တော်တို့ဟာ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနေကြရမှာလား။

ကျွန်တော်အတွက် ဘာရသလဲလို့ ပြန်စဉ်းစားကြည့်တော့… ကုသိုလ်တွေရတယ်ဗျ။ အဲဒီတော့ အားလုံးပဲ ဖတ်မိကြသမျှ၊ အမျှ၊ အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်တော်…။သာဓု၊ သာဓု၊ သာဓု။

၃၁ ရက်နေ့ဆို Program စခန်းသိမ်းပါပြီ။ ကျွန်တော်ရဲ့ ၃နာရီခွဲသော အိပ်ချိန်ကိုဖဲ့ကာ ဤစာဖြင့် TIIDE 2018 မှာပါဝင်ခဲ့သူများအားလုံးကို ဂုဏ်ပြုအပ်ပါသည်။ အောင်မြင်ကြပါစေ။

Like what you read? Give Thar Htet a round of applause.

From a quick cheer to a standing ovation, clap to show how much you enjoyed this story.