စီမံခန့်ခွဲမှု ထိရောက်စေရန်...ရှင်းလင်းတိပသိရှိရမည်။
လုပ်ငန်းထဲတွင် လုပ်ကိုင်နေသူအားလုံး သည် မန်နေဂျာများ ဖြစ်ကြသည်။
“Management” (စီမံခန့်ခွဲမှု) ဆိုသည်မှာ မန်နေဂျာရာထူး ရှိသူများအတွက်ချည်းသာမဟုတ်ပေ။ လုပ်ငန်းထဲတွင် လုပ်ကိုင်နေသူအားလုံး သည် မန်နေဂျာများ ဖြစ်ကြသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြရသည်။
အလုပ်တွင်စေရန်၊ အချိန်မပုပ်စေရန်၊ ဆောင်ရွက်ချက်များ ထိရောက်စေရန် တစ်ဦးချင်းစီအနေဖြင့် နားလည်သိရှိထားရမည့် အချက်များရှိသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များသော်လည်းကောင်း၊ လက်အောက်ငယ်သားများ သော်လည်းကောင်း တွေဝေခြင်း၊ မလိုအပ်တာတွေ ဆောင်ရွက်မိနေခြင်း မှရှောင်ရှားရန် နည်းလမ်းရှိသည်။
အောက်ဖော်ပြပါ မေးခွန်းများကို မိမိကိုယ်ကို အရင်မေးမြန်းပြီး၊ မိမိကိုယ်တိုင် ကျေနပ်လောက်သည့် အဖြေရသည်ထိ ဆန်းစစ်သင့်သည်။ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများကို လည်း မေးမြန်းပြီး၊ ၎င်းတို့ကိုလည်း တွေးတော စေသင့်သည်။ ၎င်းအဖြေများကို တိတိပပ သိရှိမှသာ လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။
ဆန်းစစ်ရမည့် မေးခွန်းများမှာ
(၁) ကိုယ့်ကို ဘာအတွက် လစာ ပေးထားသလဲ။
(၂) ကိုယ်က လုပ်ငန်းအတွက် ဘာတွေကိုသူမတူအောင် လုပ်ဆောင်ပေးနိုင်သလဲ။
(၃) ကိုယ်အခု ဘာလုပ်နေတာလဲ။ ဘယ်လိုလုပ်နေတာလဲ။
(၄) ကိုယ် ဘာတွေ ယူဆထားသလဲ။
(၅) အခု လုပ်နည်းထက် ပိုကောင်းတဲ့ နည်းလမ်းရှိသလား။
(၁) ကိုယ့်ကို ဘာအတွက် လစာပေးထားသလဲ။
အလုပ်ခွင်တွင် မည်သူမျှ အခမဲ့လုပ်သည်မဟုတ် လုပ်ခရကြသည်။
လုပ်ခနှင့် ထိုက်တန်သော လုပ်ငန်းဆောင်တာ ဝတ္တရားများရှိကြသည်။ မိမိအား မည့်သည့် တာဝန်အတွက် လစာပေးထားသည်ကို စဉ်းစား သတိပြုရမည်။ ကိုယ်လုပ်နေတာတွေသည် တာဝန် ကျေရဲ့လား၊ ဝတ်ကျေတန်းကျေပဲလား၊ ပိုမို လုပ်ပေး နေတာလား၊ မဆိုင်တာတွေ ချည်းလုပ်နေသလား အစဉ်အမြဲ ဆန်းစစ်ရမည်။
(၂) ကိုယ်က လုပ်ငန်းအတွက် ဘာတွေကို သူမတူအောင် လုပ်ဆောင်ပေးနိုင်သလဲ။
လုပ်ငန်းခွင်တွင် တစ်ဦးနှင့် တစ်ဦး လုပ်ငန်းဆောင်တာများ မတူကြပေ။
မန်နေဂျာသည် စီမံခန့်ခွဲမှု ကိစ္စများကို ဆောင်ရွက် ပေးနေသလို၊ သန့်ရှင်းရေး သမားသည်လည်း သန့်ရှင်းရေး ဆောင်ရွက်နေသည်။
တစ်ဦးချင်းစီ၌ တာဝန် ကိုယ်စီရှိကြသည်။ ကိုယ်လုပ်ပေး နိုင်သော အရာသည် သူမတူ ကွဲပြားမှ သာ တန်ဖိုးရှိပေမည်။ ထို့ကြောင့် ကိုယ်က လုပ်ငန်းအတွက် သူမတူတဲ့ ဘာတွေများ ဆောင်ရွက်ပေးနိုင်သလဲ စဉ်းစားပါ၊ ၎င်းကို အားထားပြီး များများ ဆောင်ရွက်ပေးရမည်။
(၃) ကိုယ်အခု ဘာလုပ်နေတာလဲ။ ဘယ်လိုလုပ်နေတာလဲ။
နေ့စဉ်နှင့်အမျှ ကိုယ်ဘာတွေ လုပ်နေသလဲ ပြန်ဆန်းစစ်ပါ။
အထက်က မေးခွန်းနှစ်ခု (၁ နှင့်၂) ၏ ဆန်းစစ်ချက် အဖြေနှင့် လိုက်ဖက်ပါသလား။
ကိုယ်လုပ်ရန် ကြိုးစားနေသော အရာသည် ကိုယ့်ကို လစာပေးထားရတဲ့ အကြောင်းလား၊ ကိုယ်အကောင်းဆုံး သူမတူ ဆောင်ရွက် ပေးနိုင်တဲ့ အရာလား ပြန်မေးပါ။ ၎င်းကို ပြီးမြောက်အောင်လုပ်ဆောင်ရာမှရော၊ ဘယ်လို လုပ်နေသလဲ၊ နည်းလမ်းမှန်ရဲ့လားကိုလည်း ဆန်းစစ်ပါ။
(၄) ကိုယ် ဘာတွေ ယူဆထားသလဲ။
လုပ်ဆောင်ကြရာတွင် ဟုတ်လိမ့်မည်၊ မှန်လေ့မည်ဟု အလိုလို ယူဆချက်များ ရှိတတ်သည်။
ဥပမာ စီမံကိန်း ရေးဆွဲပြီး၊ တာဝန်ပေးရာတွင် လူတိုင်း နေ့စဉ် အလုပ်ဆင်းမည်ဟု ယူဆထားပြီး အချိန်ခန့်မှန်းပါက၊ တာဝန်ခံများ ခွင့်ယူခြင်း၊ အကြောင်းကြောင်းကြောင့် နှောင့်နှေးခြင်းများ ဖြစ်ခဲ့သော် လွဲချော်ပေလိမ့်မည်။
ထို့ကြောင့် အလုပ်လုပ်ရာတွင် ကိုယ်ကမှန်တယ်ထင်ထားသည်များသည် ယူဆချက်များလားဟု ဆန်းစစ်ရမည်။ ယူဆချက်ဖြစ်ပါက မှန်မမှန် မည်သို့ဆန်းစစ်မည်၊ ယူဆထားသည့်အတိုင်း ဖြစ်မလာခဲ့သော် ဘယ်လိုလုပ်မည်ကို စဉ်းစားရမည်။
(၅) အခု လုပ်နည်းထက် ပိုကောင်းတဲ့ နည်းလမ်းရှိသလား။
လုပ်ဆောင်ရာတွင် နည်းလမ်း တစ်ခုတည်းရှိသည် မဟုတ်ပေ။
အချိန်၊ အင်အား၊ ကိရိယာ၊ လူအား သည် အမြဲပြောင်းလဲနေလေရာ၊ ယခင် လုပ်နေကျ နည်းထက် ပိုကောင်းသော နည်းလမ်း ရှိမရှိ ကို စဉ်ဆက်မပြတ် ဆန်းစစ်နေရမည်။ ပိုကောင်းသော နည်းလမ်းရှိက၊ သုံးသင့်လေသည်။
မည်သည့်ကိစ္စကိုမဆို ဆောင်ရွက်တော့မည် ဆိုလျှင်
ဘာတွေလုပ်မလို့လဲ။ ဘယ်လိုလုပ်မလို့လဲ။ ဒီထက်ကောင်းတဲ့နည်းရှိလား။
ကိုယ့်ကိုယ်ကို အောက်ပါမေးခွန်းများဖြင့် ဆန်းစစ်ပြီး မှ အစီစဉ်ချဆောင်ရွက်သင့်သည်။ ၎င်းတို့၏ အဖြေကို မိမိကိုယ်တိုင် သဲသဲကွဲကွဲ၊ တိတိပပ ဖြေနိုင်သည်အထိ ဆန်းစစ်ရမည်။
(၁) What are you trying to do? ကိုယ်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
(၂) How are you trying to do it? ဘယ်နည်းနဲ့ လုပ်ဖို့ ကြိုးစားနေတာလဲ။
(၃) Is there any better way to do it? ပိုကောင်းတဲ့ နည်းလမ်းရှိသလား။
ပိုကောင်းသော နည်းဆိုသည်မှာ၊ အချိန်ကုန်၊ ငွေကုန်၊ လူပမ်းသက်သာပြီး အလုပ်ပိုမို ပြီးသော နည်းလမ်းကို ဆိုလိုသည်။ သို့မှသာ အမြတ်ထွက်မည်။
—
“Clarity” သည်လွန်စွာအရေးကြီးသည်။
ရှင်းရှင်းလင်းလင်း၊ တိတိပပ ရှုမြင်တွေးတောရန် အလွန် အရေးကြီးသည်။ သို့မှသာ ဆောင်ရွက်ချက်သည် ထိရောက်ပေလိမ့်မည်။