မြင့်ကျော်သူအတွက် နောက်ဆုံး မေတ္တာစာ

Thar Htet
Thar Htet
Jul 23, 2017 · 6 min read

ကိုမြင့်ကျော်သူ ကျွန်တော် တော်တော်လေး စိတ်အေးသွားမှ အကြောင်းပြန်လိုက်တယ်။ ဒီစာက တောင်းပန်စာ မဟုတ်ပါဘူး။ နောက်ကြောင်းလည်းရှင်းတယ်။ ခင်ဗျာ့နောက်ကျောလည်း ဓါးနဲ့မထိုးဘူး။ ဓါးလည်း မဆောင်ဘူး။ ဒါပေမယ့် ခင်ဗျားနဲ့ သိကျွမ်းတာ၊ စေတနာ ထားမိတာတွေတော့ နောင်တရတယ်။ public တော့ပြောရမယ်။

ရိုးရိုးသားသား ပြောချင်တာက ကိုကျော်သူအောင်ဘ ကို ကျွန်တော်ပေးလိုက်တဲ့ contact တစ်ခုကြောင့် ခင်ဗျားဖက်မှာ အလုပ်တွေပိုပြီး၊ အချိန်ကုန် ရတာကို သိရတော့ စိတ်မကောင်းပါဘူး။ အစကတည်းက ခင်ဗျားတို့ အချင်းချင်း စည်းလုံးခဲ့ရင် ခုလိုလည်း ကျုပ်ကိုလာ ရန်ထောင်နေစရာ လိုမှာမဟုတ်ဘူး။


(၁)
ခင်ဗျားတို့ နှစ်ယောက်လုံးဟာ ကျွန်တော် တူတူ ခင်မင်ရတဲ့ မိတ်ဆွေတွေပဲ။ ခင်ဗျားတို့ ၂ ယောက်ကြား ရှိကြတဲ့ ပြဿနာဟာလည်း ကျွန်တော်နဲ့ မဆိုင်တာ အမှန်ပါ။ ဒါပေမယ့် ၂ ဖက်လုံးကို သိကျွမ်းတဲ့ ကြားနေဖြစ်တဲ့ ကျွန်တော့်ကို ဖုန်းခေါ်တာ၊ စာပို့တာ၊ ရင်ဖွင့်တာဟာ လူတော်တော်များများ လုပ်နေကြပါ။ ဒါကြောင့်လည်း ဒီလို ကြားညပ်ရတာပဲ။

ကျွန်တော် ဘက်မလိုက်တတ်ဘူး။ အဲသလို ဘက်မလိုက်လို့ဘဲ ခင်ဗျားကိုယ်၌ အထင်အမြင် လွဲတာပဲ။ ။ ဘက်မလိုက်လို့ဘဲ ကျော်သူအောင်ဘက ကျွန်တော်သည် ခင်ဗျားဘက်ကို လိုက်တယ်လို့ အထင်လွဲခံဖူးတာပဲ။ သူမှ မဟုတ်ဘူး ခင်ဗျားနဲ့ လူတွေနဲ့ facebook ပေါ်မှာ၊ အပြင်မှာ ပြဿနာ တက်ကြတိုင်းလည်း ကျွန်တော်ကကြားနေမို့ ကိုယ့်အသိုင်းအဝိုင်းထဲ ခင်ဗျားကိုရော၊ ကျွန်တော့်ကိုပါ ရင်းနှီးတဲ့ လူတွေကတောင် ကျွန်တော် ခင်ဗျားဘက်ကို လိုက်တယ်လို့ အထင်လွဲကြတယ်။ လူဆိုတာ ကိုယ့်ဖက် လိုက်စေချင်သူချည်းပဲ။ ငါမှားမှား မှန်မှန် ငါ့ဘက်လိုက်မှ ငါ့မိတ်ဆွေလို့ ယူဆထားရင်တော့ မပြောတတ်ဘူး။ ကျွန်တော်အဲသလို မဟုတ်ဘူး။


(၂)
ခင်ဗျားကိုလည်း စကားနဲ့ရော စာနှင့်ပါ ရှင်းပြပြီးသားပါ။ ဒါပေမယ့် သို့လော သို့လော ထင်နေတဲ့ လူတွေသိအောင် ရေးပြရမယ်။

  • ခင်ဗျားတို့ iSentric နဲ့ သတင်းထွက်တော့ အဲဒီမနက်က သတင်းထောက်က ဖုန်းခေါ်တယ် ခင်ဗျားတို့ ကုမ္ပဏီ အကြောင်းမေးတယ်။
  • ဒါလည်း ဒီ startup လောကထဲမှာ ကျင်လည်နေတဲ့ လူထဲကတစ်​ယောက်ဖြစ်လို့၊ ခင်ဗျားနဲ့ လည်း ရင်းနှီးမှန်းသိလို့၊ ကျွန်တော့်ကိုလည်း ယုံကြည်ကြလို့ ဒီလိုပဲ ဖုန်းခေါ်မေးမြန်းနေကြပဲ။
  • ကျွန်တော် ခင်ဗျားတို့ညီအစ်ကို နှင့် လူချင်း စတွေ့ခဲ့တဲ့ ၈မိုင် junction က Moonbakery ကစလို့၊ ခင်ဗျားတို့ ညီအစ်ကိုနှစ်ယောက် အတွဲညီပုံတွေ၊ ၂၀၁၃ မှာ Chin Lone game ကိုကျွန်တော်နှင့် တွဲလုပ်ခဲ့တာတွေ။ (seagame ပြီးတာနှင့် zwenex logo ကို game splash screen ကနေ ဖြုတ်လိုက်ကြတယ်နော်၊ ကျွန်တော် ဘယ်လိုမှ သဘော မထားပါဘူး၊ ကြော်ငြာချိန်ကုန်တယ်ပဲ မှတ်လိုက်ပါတယ်။ ကျွန်တော့်စိတ်ကူးလေးကို အကောင်းအထည်ဖော်ပေးတာ ကျေးဇူးတင်လှပြီ) Shan Koe Mee အောင်မြင်တာတွေကို သာသာလေး ပြောပြလိုက်တယ်။
  • သတင်းထောက်က ဖုန်းခေါ်မေးတာကို မကောင်းပြောရင် ကိုယ်ပဲ သိက္ခာကျမှာပေါ့ ကျွန်တော့်မှာ ခင်ဗျားတို့နဲ့ လုပ်ငန်းသဘာဝ ခြင်းလဲမတူ၊ ပြိုင်ဖက်လည်း မဟုတ်၊ ဘာမကောင်းပြောစရာ ရှိသလဲ၊ မနာလိုရအောင်ကလည်း ဒီလောက် အသိအကျွမ်းဖြစ်ပြီး၊ အကြောင်းသိတွေချင်းကို ဘာမနာလို ဖြစ်စရာရှိသလဲ။
  • တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီ ညနေမှာ ကိုကျော်သူအောင်ဘက ဖုန်းခေါ်ပြီး၊ ခင်ဗျားတို့ချင်းကြားက ပြဿနာကို ပြောပြရင်ဖွင့်တယ်။ ကျွန်တော့်မှာ ည ၉ နာရီလောက် ညစာချက်နေတာကို ရပ်ပြီးတောင် နားထောင်ရတယ်။
  • မှတ်မှတ်ရရ ပြောလိုက်သေးတယ်၊ တိုက်ဆိုင်တယ်လို့ ဒီနေ့ မြင့်ကျော်သူအကြောင်းကို မနက်တစ်ယောက် ညနေတစ်ယောက် ဖုန်းခေါ်ကြတယ်လို့တောင် ပြောလိုက်သေးတယ်။
  • ဒါနှင့် စကားစပ်မိပြီး အဲဒီ သတင်းထောက် ဖုန်းကို တောင်းလို့ ကျွန်တော်လည်း လွယ်လွယ်ပဲ ပေးလိုက်တယ်။ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး၊ သူ့နေရာမှာ ခင်ဗျားဖုန်းခေါ်တာဆိုလည်း ကျွန်တော် ပေးလိုက်မှာပဲ။
  • သူ့ကိုတောင် နောက်ပြောင် ပြောလိုက်သေးတယ် ခင်ဗျားတို့ နှစ်ယောက်လုံး အဆင်ပြေမှ ကျွန်တော် ၂ ဖက် စားရမှာလို့ ကျွန်တော်စားရအောင် ညှိကြလို့။ ၂ ယောက်လုံး နှင့် သိနေတာကိုး။

သတင်းထောက်ရေးလိုက်တဲ့ Article ကို သောကြာနေ့က ခင်ဗျား​ဖုန်းခေါ်ပြီး ဆဲမှပဲ ရှာဖတ်မိတော့တယ်။ သူရေးတာ၊ သူမေးတာ၊ ခင်ဗျားတို့ ဖြေကြားတာတွေကတော့ သတင်းထောက်နှင့် ခင်ဗျားတို့ရဲ့ အပိုင်းပဲ၊ ကျွန်တော်နှင့် ဘာမှ မဆိုင်ဘူး။

ခင်ဗျား စွပ်စွဲပြီးပြောနေပုံကို ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော်က contact ပေးလိုက်လို့ ကျော်သူအောင်ဘ က အဲဒီ သတင်းထဲပါလာတယ်ပေါ့။ အကယ်၍ ကျွန်တော် မပေးလိုက်လို့ရှိရင်လည်း ခုချိန်မှာ ကျော်သူအောင်ဘ လည်းကျွန်တော့်ကို ခင်ဗျားလို ဆဲမလားပဲ။ contact share တာက နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ လုပ်နေကြတာပဲ။ ဆက်သွယ်မှုတိုင်းမှာ အကောင်းချည်းပဲတော့ ဘယ်ဖြစ်မလဲ။ ကနဦး ခင်ဗျားတို့ကြားက ပြဿနာကသာ အကြောင်းရင်းပါ။ အစကတည်းက သိပ်အဆင်ပြေနေကြရင်၊ စည်းလုံးကြရင် ခင်ဗျားတို့ကို မေးစရာ၊ ခင်ဗျားတို့ကလည်း အငြင်းပွားမှုကို သတင်းထောက်ကို ပြောပြနေစရာကို ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် contact ပေးမိတဲ့ ကျွန်တော့်ကို အပြစ်ဖို့နေတာဟာ rational မဖြစ်ဘူး။ contact ပေးရာမှာလည်း စကားစပ်မိလို့၊ တောင်းလို့ပေးတာပဲ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ကျွန်တော်ကတော့ စိတ်ရှင်းတယ်။


(3)
သောကြာနေ့က ကျွန်တော့် team နဲ့ တစ်စားပွဲတည်း ထိုင်အလုပ်လုပ်နေတုန်း၊ ခင်ဗျား ရုတ်တရက်ဖုန်းခေါ်တော့ ကျွန်တော် ဝမ်းသာ သွားတယ်၊ ခင်ဗျားတို့ australia မှာ business class ကစီး၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်နေတာမြင်တော့၊ ခင်ဗျားတို့ အဆင်ပြေပြီဆိုရင် ခင်ဗျားအားရင် အလုပ်မလုပ်တဲ့ ခင်ဗျားရဲ့ API တော့ရတော့မယ်၊ ကျွန်တော့်အပ်ထားတဲ့ အလုပ်လေးတော့ ပြီးတော့မယ်၊ ပိုက်ဆံကျန်တာလေးရပြီ၊ နေရာကျပြီမှတ်တာ။ ရုတ်တရက်ကြီး အော်ကြီးဟစ်ကျယ် ငေါက်ငမ်း ပြောဆိုတော့၊ ကျွန်တော့် ကွန်ပြူတာပေါ်က speaker ဖုန်းပေါ်မှာ ခင်ဗျားပြောဆိုတာကို တစ်ရုံးလုံးကြားတယ်။ ရုတ်တရက်ဆိုတော့ အားလုံးလည်းလန့်သွားတယ်။ ဒေါသလည်းဖြစ်ရတယ်။

ခင်ဗျားမေးတဲ့ ကိစ္စက သတင်းထောက်ရဲ့ contact ကိုကျွန်တော်ပေးသလားဆိုတော့ ကျွန်တော့်မှာ တစ်နေ့နေ့ လူတွေနဲ့ ဆက်ဆံတာ များလို့ ဘယ်သူဘယ်ဝါ ရယ်၊ ဘယ်သူကို ဘယ်သူနှင့် ချိတ်ဆက်ပေးမှန်း မမှတ်မိလို့ Chat log ကိုပြန်ရှာကြည့်ရတယ်။ ပြန်ရှာလို့တွေ့တော့၊ ဟုတ်တယ် ကျွန်တော်ပေးလိုက်တာလို့ ရိုးရိုးပဲ ပြန်ဖြေလိုက်တာပဲ။ ဒီအခါမှာ ခင်ဗျား ပေါက်ကွဲပြီး နောက်ကျောကို ဓါးနှင့်ထိုးပါတယ်တွေ ဘာတွေပြောတော့၊ ပထမ အံ့သြသွားတယ်၊ ဘာတွေလဲပေါ့။

အဲဒီအချိန်ထိကို ဘာတွေလာပြောနေမှန်းကို မသိဘူး။ ခင်ဗျားကို ဘာဖြစ်လို့လည်းဆိုတာ chat ထဲမှာ တော်တော်မေးမှ အဲဒီ Article ကို ရှာဖတ်ပြီးမှ၊ ခင်ဗျားဘာတွေဖြစ်နေလည်းကို သဘောပေါက်တော့တယ်။ chat ထဲမှာလည်း ခင်ဗျားကို ရှင်းပြပြီးပြီ။

အဲဒီနောက် FB မှာ ခင်ဗျား ကျွန်တော့်ကို Tag လုပ်ပြီး မိုက်မိုက်ရိုင်းရိုင်းတွေ စွပ်စွဲရေးတယ်။ ပြီးတော့ ချက်ခြင်းပဲ unfriend လုပ်သွားတယ်။ အဲဒါကို မြင်ပြီးတဲ့နောက် ကျော်သူအောင်ဘ လည်း ဘာဖြစ်လို့ ကျွန်တော့်ကို အရမ်းကာရော လာတောင်းပန်နေသဲ မသိဘူး။ အဲဒီမတိုင်ခင်က ခင်ဗျားတို့ ဘာတွေ ပြောကြဆိုကြ၊ အငြင်းပွားကြသလဲ ကျွန်တော် မသိဘူး။ ခင်ဗျားတို့ ကိစ္စ ခင်ဗျားတို့ပဲ ဖြေရှင်းရမှာပဲ၊ ကျွန်တော်ကတော့ ၂ ယောက်လုံး အဆင်ပြေစေချင်တယ်။ ဒါ စေတနာ အမှန်ပဲ။


(4)
ခင်ဗျား ရင့်ရင့်သီးသီးတွေ ပြောဆိုတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ရေးသားတွေကို တွေ့တော့ ပထမ အံ့သြသွားတယ်၊ နောက်တော့ ဒေါသဖြစ်တယ်၊ စိတ်ဆိုးတယ်။ ဘာကြောင့်ဆိုတာထက် ငါ့ကို အဲသလို ပြောရဆိုရသလားဆိုပြီး။ ရင်းနှီးသူတွေကလည်း မေးကြမြန်းကြနဲ့ ဒါကြီးက တအုံနွေးနွေးနဲ့ စိတ်ရှုပ်စရာဖြစ်နေတာ့ အလုပ်ပျက်တယ်။ ဒါကြောင့် စိတ်ကို ရှင်းရှင်းလင်းလင်း၊ ဖြစ်သမျှကို ပြန်သုံးသပ်ပြီးတော့၊ ဒီစာရှည်ကြီးကို ရေးလိုက်ရတာပဲ။ ကျုပ်သိပ်စိတ်ရှုပ်မခံဘူး။

ခင်ဗျား ကျွန်တော့်ကို ရင့်ရင့်သီးသီး၊ ကြမ်းကြမ်းတမ်းတမ်း ရေးတာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး၊ မနာဘူး၊ ကိုယ်မှ မဟုတ်တာ။ ဒါက FB မှာ လူတိုင်းကို ခင်ဗျား လုပ်နေကြပဲ။ ဒီတစ်ခေါက် ကျွန်တော့် အလှည့်ကျတယ်ပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျား Messenger ထဲမှာပြောတာတွေထဲမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ ကျွန်တော် မကျေနပ်တာတွေကို တော့ပြောပြရမယ်။

(4.1)
ခင်ဗျားက ဆိုတယ် “You will want to make KTAB enemy than me”.

ကျွန်တော့်မှာ ဘယ်သူကိုမှ ရန်ငြိုးဖွဲ့စရာ၊ ရန်သူဖြစ်စရာလည်း မရှိဘူး။ ခင်ဗျားလည်း ကျွန်တော့်ရန်သူမဟုတ်သလို၊ ကျော်သူအောင်ဘ လည်းကျွန်တော့်ရန်သူမဟုတ်ဘူး။ ဒီစကားကို ပြောတာကိုက ခင်ဗျားဖက်ကို ဘက်လိုက်စေချင်ပုံပဲ။ ကျွန်တော် ဘက်မလိုက်ဘူး။ ခင်ဗျားလည်း ကျွန်တော်နဲ့ enemy မဖြစ်ချင်နဲ့။ ကျွန်တော်က ပြိုင်ပြီး မိုက်မှာ မဟုတ်ဘူး။

(4.2)
ခင်ဗျားက ကျွန်တော်ခင်ဗျား နောက်ကျောကိုဓါးနဲ့ ထိုးတယ်ဆိုတယ်။

ဒါမျိုးလုပ်ချင်ရင် လုပ်ဖို့ရခဲ့တဲ့အခွင့်ရေးတွေ မနည်းပေါ့။ လုပ်ချင်ရင် ခင်ဗျားသိလိုက်မှာတောင်မဟုတ်ဘူး။ (ဒီအကြောင်းတွေ အကျယ်မပြောတော့ဘူး) သတင်းထောက် contact ကို “ကျော်သူအောင်ဘက ကျွန်တော်ပေးတာလို့ပြောတယ်” လို့ခင်ဗျားဆိုပြီး ကျွန်တော့်မေးတော့၊ ကျွန်တော်လည်း ရိုးရိုးပဲ ဟုတ်လို့ဟုတ်တယ်ဖြေတယ်။ ဘယ်လို စိတ်ထားမှမရှိလို့ မလိမ်တာပေါ့။

(4.3)
ခင်ဗျားက “မီးဝင်မွေးတယ်” ပြောတယ်။

ကျွန်တော် မီးမွေးချင်ရင် အထက်ကလိုပဲ နောက်ကျောဓါးနှင့် ထိုးဖို့အခွင့်ကတည်းကလုပ်လိုက်မှာပေါ့၊ မီးမွေးစရာတောင် မလိုဘူး။ မီးခြစ်လည်းမကိုင်ဘူး။ အမှန်ပြောရရင်၊ ဒီအသိုင်းအဝိုင်းထဲမှာ ခင်ဗျားနောက်ကွယ်မှာ ခင်ဗျားမသိလိုက်ဘဲ ကာပေးလိုက်ကြတာတွေရှိတယ်။ ကျွန်တော်မှ မဟုတ်ဘူး။ အဲသလို ကာပေးခဲ့ရတာတောင် ခုလိုဆက်ဆံခံရပုံနဲ့ ဆို မတန်ပါဘူးဗျာ။

(4.4)
ခင်ဗျားက article တစ်ခုလုံးကို ကျွန်တော် orchestrate လုပ်တယ် စွပ်စွဲတယ်။

အဲသလို လုပ်နိုင်တဲ့ အဆင့်မှာရှိရင် အလုပ်ရှုပ်ခံလို့ ခင်ဗျားတို့ အကြောင်းတောင် ထည့်ရေးမှာ မဟုတ်ဘူး။ ကိုယ်ရဖို့ချည်းပဲ ရေးခိုင်းနေတော့မှာပေါ့။ ဒီစကားဟာလည်း အဲဒီ media site က သတင်းထောက်နှင့် အယ်ဒီတာကို သွယ်ဝိုက်ပြီး စော်ကားတာပဲ။

(4.5)
ခင်ဗျားက ဆိုတယ် “သိပ်စေတနာ ပါလွန်းရင် မြင့်ကျော်သူဆိုတဲ့ကောင် ငါဆူပေးမယ်ပဲ ဖြစ်သင့်တယ်”။

ဒီလိုဆိုရအောင်၊ ခင်ဗျားနဲ့ ကျွန်တော်က ငယ်ပေါင်းကြီးဖော်လည်း မဟုတ်၊ ဆွေမျိုးလည်းမဟုတ်၊ ကျေးဇူးခံကျေးဇူးစားလည်းမဟုတ်၊ ဝေလင်းထွန်းတို့ အောင်ဇင်သန့်တို့လို့ နင်ပဲငဆ ငါတွေ မအေတွေနဲ့ ကိုင်တုတ်ရလောက်အောင် ရင်းနှီးတာလည်း မဟုတ်။ အပြန်အလှန်လေးစားမှုနှင့် ရင်းနှီးကြတာပဲရှိတာ။ အဲဒီအချိန်က ကျွန်တော်တောင် project ကိစ္စကို ပြောဖို့ ခင်ဗျားကို ဆက်သွယ်လို့မရဘူး။ ဒီစကားမျိုးက ခင်ဗျားနှင့် ကျော်သူအောင်ဘ တို့ ‘အစ်ကိုကြီး’ လို့ခေါ်တဲ့ ဘဲကြီးကတော့ ပြောပေးနိုင်လိမ့်မယ်။ ကျွန်တော်က ပြောရအောင် ဘာမို့လို့လဲ။

(4.6)
ခင်ဗျားက ဆိုတယ် “ဂျာနယ်လစ်နဲ့ ခင်ဗျား ဆက်ဆံရေးကဘာလဲ၊…၊ ကြိတ်ကြံတာလား”။

သောကြာနေ့က ခင်ဗျား ဖုန်းခေါ်ပြီးဆဲမှ၊ သူ့ကို FB မှာ လိုက်ရှာပြီး Add ရတယ်။ ကြိတ်ကြံရအောင် ခင်ဗျားက ဘယ်လောက် ကြီးမြတ်နေလို့လဲ။ ခင်ဗျားပျက်စီးတော့ ကျွန်တော်က ဘာရမှာလဲ။ သူကရော ဘာရမှာလဲ။ ခင်ဗျား အောင်မြင်ရင်တောင် ကျွန်တော့်မုန့်စားရဦးမှာ။ ကျွန်တော့်မှာ လူတစ်ယောက်ကို မုန်းနေဖို့ အချိန်မရှိဘူး၊ ဘဝကတိုတိုလေး၊ မွေးထားတဲ့ ကလေးတွေကြီးဖို့ တော်တော်လုပ်ရဦးမှာ။ ခင်ဗျားကို မကောင်းကြံဖို့ အချိန်မရှိပါဘူးဗျာ။ ခင်ဗျားအကြောင်းတောင် မတွေးဘူး။ ခုလို ဘလိုင်းကြီးလာဆဲမှ အရှုပ်ထုပ်က ခေါင်းထဲ ရောက်လာရတာ။

(4.7)
ခင်ဗျားက ဆိုတယ် “ခင်ဗျားသာ သူများကို နောက်ကွယ်ကနေ ကိုယ်ပျောက်ဆော်နေတာ” လို့ဆိုတယ်။

ဒီစကားကို မြင်တော့ မှတ်မှတ်ရရ တစ်ခု ကိုသွားသတိရတယ်။ “PyawKyi” ဆိုတဲ့ anonymous chat app လေး လုပ်တုန်းက။ အဲဒီထဲမှာ ဘယ် user ဘာပြောပြော nick ကလွဲရင် ဘာမှ trace မကျန်တော့ ဘယ်သူမှန်းမသိနိုင်ဘူး။ “PyawKyi” စကတည်းက admin လုပ်တဲ့ ကိုယ့်ချည်း ဝိုင်းဆော်ခံရတာပဲ။ ကိုယ်လုပ်ထားတဲ့ system ကိုယ်တိုင် မနိုင်ဘူး၊ ခံပေါ့။ အဲဒီထဲမှာ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားနှင့် နာမည်တူ “myint” ဆိုတဲ့ nick နဲ့ တစ်ယောက်က တော်တော်ရိုင်းရိုင်းစိုင်းစိုင်း တွေရေးပို့တယ်။ ဘယ်လောက် ပြောပြော ကျုပ်မနာတော့၊ မှတ်မှတ်ရရ ကိုယ်နှင့်သိတဲ့ လူ ၃၊ ၄ ယောက်ကိုပဲ ပြောပြဖူးတဲ့ စကားကို အဲသည်လူက သုံးပြီးနှိပ်ကွပ်တယ်။ “မင့်မိန်းမကတောင် မင့်မယုံလို့ သူ့ပိုက်ဆံကို မင့်လုပ်ငန်းထဲ မထည့်ဘူး မှလား” ဆိုတဲ့ စကား။ ဒီစကားကို ခင်ဗျားအပါမှ ၃ ယောက်လောက်ကိုပဲ ကျွန်တော် နောက်ပြောင်ပြီး ပြောဖူးတယ်။ မှတ်မှတ်ရရ၊ “PyawKyi” ကိုဘာလို့လုပ်တာလဲ၊ ဘာရမှာလဲ လို့ ဆွေးနွေးကြတုန်းက။ ခင်ဗျား ကို စွပ်စွဲတာ မဟုတ်ဘူးနော်၊ တိုက်ဆိုင်တာကို ပြောပြတာ။ ခင်ဗျားကို မကောင်းကြံချင်တဲ့ လူတစ်ယောက်ယောက်က နာမည်တူ nick ကိုသုံးတာဖြစ်မှာပါ။ ကျန်တဲ့ကောင်တွေကို သတိထားရမယ်။ (Server log backup တွေရှိသေးတယ်။ အချိန်ရရင်၊ ပြန်ဆင်ပြီး screenshot လေးထုတ်ချင်သေးတယ်။)

ဆိုတော့ကာ…ကျုပ်ကိုယ်ခန္ဓာနဲ့က သူများနောက်မှာ ကွယ်နေလည်း မြင်နေရမှာဘဲ။ ဒါကြောင့် ကျွန်တော်က ကိုယ်ပျောက် မဆော်ဘူး၊ ကိုယ်ထင်ပြပြီးဒဲ့ပဲ ပြောတတ်တယ်။ ဆော်တော့မဆော်တတ်ဘူး၊ မိဘတွေက ငယ်ငယ်ကတည်းက အဲသလို သင်မထားဘူး။

(4.8)
ခင်ဗျားက ကိုRavi နှင့် သူရလှိုင် ပါရှိတဲ့ FB Group ထဲမှာ “သေဖို့သာ ပြင်ထားတော့” လို့ ကျွန်တော့်ကို ဆိုတယ်။

ကျွန်တော်က လူဖြောင့်စိတ်တို၊ ဒဲ့သမား။ ဒါပေမယ့် ကြောက်တတ်တယ်။ ခုလို ကျွန်တော့် အသက်ကို ခြိမ်းခြောက်တာ ကို အတည်ပဲမှတ်တယ်။ စိုးရိမ်တယ်။ အဲသည်တော့ စကားပြောဆင်ခြင်ပါ။ နောက်တစ်ခေါက် ခြိမ်းခြောက်ရင် ကျွန်တော် ရဲကို တိုင်မယ်။

(4.9)
ခင်ဗျားက ဆိုတယ် “why do i even become friend with such unworthy person?”

ဒီစာကြောင်းလေးက အဓိပ္ပါယ် တစ်မျိုးပေါက်တယ်။ မှန်ပါ့။ ကျွန်တော်ဟာ ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ဖို့ မတန်ပါဘူးဗျာ။ ကျွန်တော့်အတွက် မတန်တာ။ ဒီလို ဒေါသကြီး၊ စော်ကားမော်ကား ပြောတတ်တဲ့ ခင်ဗျားနှင့် ​ဝေးဝေးနေခဲ့ရမှာ။ ပြီးတော့ ဘာတဲ့ “ရှက်စမ်းဘာ”။ ကျွန်တော် လိပ်ပြာလုံတယ်၊ ခင်ဗျား ပြောတာ၊ ရေးတာတွေနှင့် ခင်ဗျားပဲ အရှက်ရမှာ။

ကျန်တာတွေတော့ ထားလိုက်ပါတော့။


(5)
ကျွန်တော်က ရိုးရိုးပဲ ရှင်းရှင်းပဲပြောမယ်။ သူများကိုလည်း မစော်ကားဘူး၊ ကိုယ့်လည်း အစော်ကား မခံဘူး။ ခင်ဗျားရဲ့ Post ဟာ ကျွန်တော့် မိဘအသိုင်းအဝိုင်းနှင့် မိတ်ဆွေတွေ ကျွန်တော့်အတွက် စိုးရိမ်ပူပန်စေတယ်။ ခင်ဗျား FB မှာ လူတိုင်းနှင့် ရန်ဖြစ်ပေမယ့်၊ ကျွန်တော့် အသိုင်းအဝိုင်းက အဲသလို လုပ်ကြတဲ့လူတွေ မဟုတ်ကြ၊ မမြင်ဖူးကြဘူး။ မေးတိုင်းလည်း ဖြေရပေါင်း မနည်းတော့ဘူး။ သူတို့က ကျုပ်ကို မယုံလို့မဟုတ်ဘူး၊ ခင်ဗျားနှင့် ဘာလို့ ပါတ်သက်ရသလဲကို မေးပြီး ကျုပ်ကိုချည်း အပြစ်တင်ကြတာ။ ကျွန်တော်ခင်ဗျားကို အားလုံးနှင့် တန်းတူ ခင်မင်ပါတယ်။ လူတိုင်းမှာ ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိတာပေါ့။ ကျွန်တော်ကတော့ လူတိုင်းနဲ့ တည့်အောင်လို့ ကောင်းတာတွေကိုပဲ ကြည့်ပေါင်းတယ်။

ကျွန်တော် အချိန်ယူပြီး မေတ္တာထား စဉ်းစား ကြည့်တယ်။ ကျွန်တော်နှင့် ခင်ဗျားနှင့် သိကျွမ်းတဲ့ တောက်လျှောက်မှာ ကျွန်တော့်အကြောင်းကို သိရက်နှင့် contact တစ်ခုလေး ပေးတဲ့ ကိစ္စကို ပုံကြီးချဲ့ပြီး ရမ်းရမ်းကားကား ခင်ဗျား ပြောတဲ့၊ ရေးတဲ့ စကားတွေကို ကြည့်ရတာ ခင်ဗျားစိတ်ထဲမှာ မလုံခြုံမှုတွေ၊ မကျေနပ်တာတွေသိပ်များနေတယ်၊ ဒေါသတွေပြည့်နေတယ်လို့ကျွန်တော် ခံစားမိတယ်။ ဒီစကားလုံးတွေဟာ ခင်ဗျားရဲ့ ဝန်းကျင်မှာ၊ စိတ်ထဲမှာ၊ နိစ္စဓူဝ ပြည့်နှက်နေတယ် ထင်ပါတယ်။ ကျွန်တော့်ကို စွပ်စွဲပြောဆို နေတာမျိုးတွေကို ခင်ဗျားများ အပြောခံနေရသလား။ ခင်ဗျားရဲ့ မသိစိတ်မှာ ကိုယ့်ကိုယ်ကို အဲဒီစကားတွေ ပြောနေ၊ အပြစ်တင်နေသလား။ အခြား တစ်ယောက်ယောက်ကို အဲဒီစကားတွေ ပြောချင်ပေမယ့် ကျွန်တော့်ကို အခန့်သင့်သလို ပုံချလိုက်တာလား၊ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဗျာ။

ခုချိန်မှာ ခင်ဗျား ပျော်နေရမှာ။ အနာဂါတ်ကို ဖန်တီးဖို့ အင်အားတွေပြည့်နေရမှာ၊ ပြဿနာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရမှာ။ ဒါပေမယ့် ခင်ဗျားစကားတွေမှာ negative energy တွေချည်းပဲ။ ဖတ်မိတဲ့ လူကို စိတ်ညစ်ညူးစေတယ်။ ခင်ဗျားပြောဆို၊ရေးသားပုံကို အဲသလိုမြင်ရတာ ကျွန်တော် စိတ်မကောင်းဘူး။ ခင်ဗျားလုပ်ငန်းက ကြီးလာတော့မှာ၊ ခေါင်းဆောင်မယ့်လူအနေနဲ့ ဒီစိတ်မျိုး၊ ဒီပြောဆိုပုံမျိုးတွေ မဖြစ်သင့်ဘူး။

ဒီအသိုင်းအဝိုင်းထဲမှာ ခင်ဗျားအတွက် မိတ်ကောင်းဆွေကောင်း​တွေရှိခဲ့ပါတယ်။ အရင်ကသိကျွမ်းခဲ့တဲ့ အမာခံတွေက ခင်ဗျားရဲ့ အပြုအမူတွေကြောင့် တဖြည်းဖြည်း ခွာလာကြတယ်။ အခု ကျွန်တော်လည်း ခင်ဗျားနဲ့ ဝေးဝေးနေတော့မယ်။ နီးနီးနေရင် ပူလောင်တယ်။ ဘာပဲလုပ်လုပ် မျက်တောင် တစ်ဆုံးပဲ မကြည့်နဲ့ဗျာ နောင် ၁၀ နှစ်လောက်ကို မျှော်မှန်းပြီးကြည့်ဗျာ။ ခင်ဗျားတို့ ညီအစ်ကို ၂ ယောက်ရဲ့ combination က အရမ်းကောင်းတယ် အောင်မြင်ဦးမှာ၊ စိတ်ကောင်းထား၊ လောဘလျော့၊ ဒေါသလျော့၊ ဒီထက် ပိုအောင်မြင်မယ်။ ခင်ဗျားတို့ အောင်မြင်တာကို ကျွန်တော် မနာလို မဖြစ်ဘူး၊ လက်ရှိအသိုင်းအဝိုင်းထဲက ဘယ်သူမှလည်းမနာမလို မဖြစ်ဘူး၊ ဥပမာ ကောင်း၊ စံပြ ဖြစ်စေချင်ကြတယ်။

(အခုကို ဒီလောက် အရှည်ကြီးထိုင်ရေးလို့ ကျုပ်မိန်းမကတောင် မပြီးသေးဘူးလား ရှည်လိုက်တာ ကိုယ့်စော်ကားတဲ့လူကို ဘာလို့ အဲသလောက် အရေးလုပ်နေရသလဲဆိုတယ်။ I told her that this is the last for you.)

ထပ်ပြောရဦးမယ် ဒီစာက ခင်ဗျားကို တောင်းပန်တာမဟုတ်ဘူး။ ကျွန်တော်လည်း မမှားဘူး။ လာလာမေးတဲ့ လူတွေ၊ gossip လုပ်နေတဲ့ လူတွေ အချိန်ကုန်မခံရအောင်ရယ်၊ ကျွန်တော် ပြောပြချင်တာတွေ စိတ်ထဲက ရှင်းသွားအောင်ရယ် ရေးလိုက်တာ။ အချိန်ကုန်ပါ့။

ခန္ဓာကျန်းမာ၊ စိတ်ချမ်းသာပြီး၊ လောဘ၊ ဒေါသ၊ မောဟ ကင်းကင်း၊ အေးချမ်းတဲ့ဘဝမှာ အစစအရာရာ အောင်မြင်ပါစေဗျာ။ ကျွန်တော်တော့ ခင်ဗျားကို ဥပက္ခောပြုလိုက်ပြီ။ အဲဒါမှ အေးချမ်းတယ်။

P.S (Messenger chat log ရဲ့ screenshot တွေကို ခင်ဗျားနှင့် ကျွန်တော်ရဲ့ privacy ကို အလေးထားလို့ မတင်တော့ဘူး။ မရှိဘူးလို့လည်းတော့ မထင်နဲ့နော။ ဘဝမှာ အမှတ်တရလေးပေါ့ဗျာ။)


oh yeah about business;

ကျုပ် Team ကို efficient မဖြစ်ဘူးလို့ ခင်ဗျားဆိုတယ်။ ကျွန်တော့် average skills နှင့်လူတွေက နှေးတော့ နှေးလိမ့်မယ်၊ မှားကောင်းမှားကြမယ် ဒါပေမယ့် Ooredoo တို့ CityExpress တို့ UNDP တို့ စသဖြင့်ကို development ရော service ရော ပေးနေတာ ချောနေတာပဲ နှစ်ပေါက်နေပြီ။

ကျွန်တော်တို့လုပ်ငန်းက အမြတ်ကြီးလည်း မစားဘူး၊ ဈေးလည်း မကိုင်ဘူး၊ သူများ ရင်းနှီးမြှုပ်နှံမှုနှင့်လည်း သူဌေးမလုပ်ဘူး၊ လက်တွေ့ဘဝမှာ တန်ဖိုးမဲ့တာတွေလည်း မရောင်းဘူး၊ အရည်မရ အဖတ်မရတဲ့ content တွေလည်း မရေးဘူး၊ ပေါ်ပင် အလုပ်တွေလည်း မလုပ်ဘူး။ အတတ်ပညာနဲ့ အလုပ်လုပ်တာ။ သမ္မာအာဇီဝ အလုပ်နဲ့ ထမင်းစားတာ။ ကျွန်တော့်တို့ လက်ရည်ကို မကြိုက်ရင် အစကတည်းက မခိုင်းနဲ့။ ကြီးကြီးသေးသေး၊ ဈေးနည်းနည်း၊များများ customer တိုင်းကို တန်းတူ ဆက်ဆံတယ်။

ခင်ဗျားတို့ ‘အစ်ကိုကြီး’ ခေါ်သူရဲ့ ကုမ္ပဏီအတွက်ရေးပေးထားတဲ့ App ရော Web ရော system ၁၀၀% ကပြီးနေပြီ၊ အရင်က payment ကို API ပေးမယ်ဆိုပြီး၊ Telco ကပိတ်လိုက်လို့ API မရလို့ SMS နှင့် လုပ်ပါဆိုလို့ ၄၀% ပြင်ရေးလိုက်ရတယ်။ အဲဒါလည်းပြီးနေပြီ။ April ကတည်းက ရရမယ့် ဒုတိယ အသုတ် payment ကို invoice တင်ထားတာ ခုထိမရသေးဘူး။ သူ့ မန်နေဂျာက FB မှာ selfie တွေသာတင်တာ၊ Messenger ကိုလည်း မပြန်ဘူး၊ ဖုန်းလည်း မကိုင်ဘူး။

ခင်ဗျားရဲ့ အပ်ထည်ကို ရေးထားတဲ့ App ရော Web ရောလည်း 99.99% ပြီးနေပြီ၊ ခင်ဗျား ပေးထားတဲ့ API တွေထဲမှာ ၃ ခုက ပြောတဲ့အတိုင်း အလုပ်မလုပ်ဘူး၊ ခင်ဗျားကိုလည်း အကြောင်းကြားပြီးသား။ အဲဒါကို ခင်ဗျားက ပြင်ပေးရမှာမို့၊ ခင်ဗျား မအားလို့စောင့်နေရတာ။ ခင်ဗျားလည်း ခရီးတွေသွား၊ ကားတွေဆင်၊ FB မှာသာ လူနဲ့ ရန်ဖြစ်ဖို့ အချိန်ရတာ၊ ဒါလေး ၃ခုကို မပြင်ပေးဘူး။ ကျွန်တော်သဘောက အဆုံးသတ်လိုက်ချင်ပြီ။ ဒုတိယ payment အတွက် invoice မှာ ၃၀ တောင်းတာလည်း ခင်ဗျားတို့က ၂၀ ပဲချေတယ်။ ဒါလည်း ခင်ဗျားကို လူချင်းတွေ့တော့ ပြောပြပြီးသား၊ သိပြီးသားပါ။

ခင်ဗျား ကျွန်တာ့်ကို ပြောပုံဆိုပုံ ကိုကြားပြီးတဲ့၊ ရေးပြီးရမ်းကားတာကို မြင်ပြီးတဲ့ ကျွန်တော့် team ကို ခင်ဗျားအလုပ်ကို ဆက်လုပ်ပေးဖို့ ဘယ်လိုမှတွန်းလို့ရမှာ မဟုတ်တော့ဘူး။ morale ထိခိုက်တယ်။

ဒီလို သောက်ပြောခံရပြီးမှတော့ အဲဒီ ၂ ခုလုံးကို ကျွန်တော် အဆုံးပဲ မှတ်လိုက်တော့မယ်။ Source Code လည်းယူသွားကြတော့။ ငွေလိုချင်လည်း ပြန်အမ်းလိုက်မယ်။ ပူလောင်တယ်။ စိတ်ပင်ပန်းတယ်။ အချိန်ကုန်တယ်။

Thar Htet

Written by

Thar Htet

A Software Engineer turned Entrepreneur, running a Software Company in Myanmar serving Web, Mobile and Cloud solutions to Consumer, Businesses & Public.

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade