E-Government ကိုကျော်၍

လူတိုင်းနီးပါး E-Government အကြောင်းကိုပြောနေကြတော့ ကိုယ့်အတွေ့အကြုံကရတဲ့ အတွေးအမြင်လေး ပြောပြချင်တယ်။

E-Government အစား Digital Transformation ကပိုမိုဆီလျော်သည်။

စကားလုံးဆိုသည်မှာ လူကထည့်သော အဓိပ္ပါယ်ပေါ်တွင် မူတည်သည့် ရည်ညွှန်းရာ အခွံသာဖြစ်သည်။ စကားလုံးပေါ်တွင် အငြင်းမပွားချင်။ E-Government စကားလုံးသည် Government ကိုချည်း အဓိက ဆုံမှတ်အဖြစ် တွေးတောမှုကို လမ်းကြောင်းပေး၏။ ဆွေးနွေးကြတိုင်း E-Government ၏ အန္တိမ ရည်မှန်းချက်ကို ရောက်ဖို့ရန် အစိုးရချည်းသာ တာဝန်ရှိသည်မဟုတ်၊ အစိုးရ ကိုသာတွန်းအားပေးရမည်မဟုတ်၊ အစိုးရကသာ ဆောင်ရွက်ရမည်မဟုတ်။ ထိုကြောင့် အစိုးရကို ဆုံမှတ်အဖြစ် တွေးတောသည့် ရှုထောင့်မှ အခြား ရှုထောင့်ကို ပြောင်းလဲကြည့်ရှုရမည်ဖြစ်သည်။

ယခုခေတ် ပြည်သူများသည် နိစ္စဓူဝ ကိစ္စများတွင် Digital နည်းလမ်းများကိ ုသုံးစွဲနေကြသည်။ ပုဂ္ဂလိက လုပ်ငန်းများသည်လည်း Digital နည်းလမ်းများဖြင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေကြသည်။ အစိုးရနှင့်ပြည်သူ့ ဝန်ဆောင်မှု ပေးသောဌာနဆိုင်ရာများ အတွင်းတွင် သမ္မတ ကအစ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အရာရှိ၊ အရာထမ်း များအားလုံးသည်လည်း အများ ပြည်သူ နည်းတူ Digital နည်းလမ်းများကို သုံးစွဲနေနှင့်ကြပြီဖြစ်သည်။

မပြောင်းလဲသေးသည်မှာ အစိုးရနှင့်၊ ဌာနဆိုင်ရာ လုပ်ငန်းများတွင် သမားရိုးကျ စာရွက်စာတမ်းများဖြင့် တံဆိပ်တုံးထုခြင်း၊ လက်ရေးနှင့် ရေးသွင်းခြင်း၊ မိတ္တူအထပ်ထပ်ကူးကာ ဖြန့်ဝေခြင်းများဖြစ်သည်။ ၎င်းတို့ကိုဆောင်ရွက်နေကြသူများကပင် အခြားနေရာများ၌ Digital နည်းလမ်းများကို သုံးနေကြပြီး၊ ရုံးလုပ်ငန်းများတွင် စာရွက်ဖြင့်လုပ်နေကြလေသည်။ လူများက အသိနှင့် နည်းလမ်းတွင် ပြောင်းလဲသွားနှင့်ပြီ။ အဆင်သင့်ဖြစ်နေကြပြီ။ လုပ်ငန်းစဉ်များမှာ ပိတ်မိပြီးကျန်နေရစ်ခဲ့သည်။

အဓိကလိုအပ်သည်မှာ အစိုးရနှင့် ဌာနဆိုင်ရာ အတွင်းမှ လုပ်ငန်းစဉ်များကို သမားရိုးကျ နည်းလမ်းများမှ Digital နည်းလမ်းများသို့ Transform (အသွင်ပြောင်း) လုပ်ကိုင်ရန်ပင်ဖြစ်သည်။ ကျွန်တော်တို့သည် လက်ရေးနှင့်ရေးသည့် စနစ်မှ၊ လက်နှိပ်စက်နှင့် ရိုက်သည့် စနစ်သို့ ဖြတ်သန်းခဲ့ပြီး၊ လက်နှိပ်စက်ခေတ်မှ ကွန်ပြူတာနှင့် စာစီသည့် ခေတ်သို့တိုင်ခဲ့ပြီ။ ကွန်ပြူတာကို စာစီရုံ၊ စာရွက် Print ထုတ်ရုံသာ သုံးသည့်ခေတ်မှ၊ ကွန်ယက်ချိတ်ဆက်ပြီး အချက်အလက်များ စီးဆင်းစေသည့် ခေတ်သို့ပြောင်းလဲရန်အချိန်ရောက်ရုံမက ကျော်လွန်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အစိုးရနှင့် ဌာနဆိုင်ရာ ရုံးလုပ်ငန်း ကိစ္စများတွင် အချက်အလက်များကို စာရွက်ပေါ်တင်ကာ လက်နှင့် ရေးသည့် စနစ်မှသည် အချက်အလက်များနှင့် လုပ်ငန်းစဉ်များကို Digital အဖြစ် Transform လုပ်ရေးသည်သာ အဓိကတွေးတောစရာ ဆုံမှတ်ဖြစ်သဖြင့်၊ Digital Transformation ဟု စကားလုံးကိုသုံးခြင်းသည်သာ ကို ဆီလျော်ပေသည်။

အစိုးရနှင့် ဌာနဆိုင်ရာများ Digital Transformation ပြုလုပ်ရန် နေရာမှာ အကြမ်းအားဖြင့်

  • ပြည်သူများအတွက် သတင်းအချက်အလက် ထုတ်လုပ်ဖြန့်ဝေရာတွင် Digital နည်းလမ်းများကို သုံးရန်
  • ပြည်သူများထံမှ သတင်းအချက်အလက် ရယူရာတွင် Digital နည်းလမ်းများကို သုံးရန်
  • ဌာနအတွင်းနှင့် ဌာနများအကြား လုပ်ငန်းဆောင်ရွက်ရာတွင် အချက်အလက်နှင့် လုပ်ငန်းစဉ်များ၌ Digital နည်းလမ်းများကို သုံးရန်

ထိုသို့ပြောင်းလဲရာတွင် နည်းဗျူဟာ အားဖြင့်

  • လုံခြုံ၊ စနစ်ကျသော၊ မြန်နှုန်းမြင့် ကွန်ရက်ကို ဌာနတွင်းနှင့် ဌာနများအကြား တပ်ဆင်ခြင်း။
  • ဌာနများကို ခေတ်မီ၊ လုံခြုံသော ကွန်ပြူတာ hardware/software များ လုံလောက်စွာ တပ်ဆင်ပေးခြင်း။
  • ဌာနဝန်ထမ်းများကို Digital နည်းပညာဆိုင်ရာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှု သင်တန်းများကို ရေတို၊ ရေရှည် စီမံကိန်းဖြင့် သင်ကြား၊ မွမ်းမံခြင်း။
  • မည့်သည့်ပြဿနာကို ဖြေရှင်းသည်ဖြစ်စေ Digital နည်းလမ်းဖြင့် ဖြေရှင်းနည်းများကိုထည့်သွင်းစဉ်းစားခြင်း။
  • ဌာနဝန်ထမ်းများကို ၎င်းတို့၏ ဆိုင်ရာ လုပ်ငန်းခွင်၌ Digital နည်းလမ်းဖြင့်ဆောင်ရွက်နိုင်သည်များကို နည်းလမ်းရှာဖွေစေခြင်း၊ အကြံပြုမှုကို လက်ခံနားထောင်ခြင်း၊ စမ်းသပ်အကောင်အထည် ဖော်ဆောင်ပေးခြင်း။
  • Digital နည်းလမ်းသို့ပြောင်းလဲရာတွင် Mobile မှအသုံးပြုသည့်စနစ်ကို ပထမဦးစားပေးတွင် မပါမဖြစ် ပါဝင်စေခြင်း။

အခြား စုံစီနဖာ ဆိုရသော်

  • အစိုးရနှင့် ဌာနဆိုင်ရာများကို Digital နည်းပညာများ ရောင်းချလုပ်ကိုင်ကြသည့် Vendor များသည်၊ Mobile ကို ပထမဦးစားပေး မပါမဖြစ် နည်းလမ်းအဖြစ် ထည့်သွင်းဆောင်ရွက်ပေးသင့်သည်။
  • Cloud နည်းပညာများ ပေါ်ပေါက်နေပြီဖြစ်ရာ၊ စားရိတ်သက်သာ၊ လုံခြုံ၊ ထိရောက်သော နည်းပညာများဖြင့် အစိုးရနှင့် ဌာနဆိုင်ရာများကို ကုန်ကျစားရိတ်သက်သာစေသင့်သည်။
  • အလွှာအသီးသီးမှ အရာရှိ အရာထမ်းများ သည် ၎င်းတို့၏ ကိုယ်ပိုင် Mobile ကိရိယာများဖြင့် တစ်ခုခု အသစ်ဆောင်ရွက်နိုင်ခြင်းကို ဝမ်းပမ်းတသာ လက်ခံကြသည်။
  • Digital နည်းလမ်းသို့ အသွင်းပြောင်းရာတွင် နည်းပညာသည် လိုအပ်ချက်၏ ၂၀% ဖြစ်ပြီး၊ လူအင်အားသည် ၈၀% ဖြစ်သည်။ သို့သော် နည်းပညာက အလုပ်၏ ၈၀% ကို ဆောင်ရွက်ပေးပြီး၊ လူများကို ၂၀% သာဆောင်ရွက်ရန်လိုလေသည်။
  • နည်းပညာကို အရမ်းမသုံးစေသင့်ပေ။ လူသည် စက်ထက်ပိုဈေးပေါသည့် အခါမျိုးတွင်၊ အလုပ်ဖန်တီးမှု အတွက် automation ကို တမင် ချန်လှပ်ထားခဲ့သင့်သည်။
  • ကနဦး Digital အသွင်းပြောင်း အကောင်အထည်ဖော်မှုများ ဆောင်ရွက်ရာတွင် ဌာနတွင်း အလွှာများစွာကို ဒေါင်လိုက်ဖြတ်သည့် ကိစ္စများထက် အလွှာ အနည်းငယ်ကိုသာ အလျားလိုက် ဖြတ်သည့် ကိစ္စများကို ဦးစားပေးကာ အောင်မြင်မှု ရလာဒ်ကို ပြသခြင်းဖြင့် စတင်သင့်သည်။ ထိတွေ့ရသည့် အလွှာနည်းလေလေ၊ ပွတ်တိုက်ဆန့်ကျင်အား နည်းလေဖြစ်သည်။
  • အစိုးရနှင့် ဌာနဆိုင်ရာ တွင်းမှ Digital အသွင်ပြောင်းမှုတွင် ပါဝင်သူများသည် မအ’ ကြပေ။ ၎င်းတို့သည် နောက်ဆုံးပေါ် App နှင့် ဝန်ဆောင်မှုများကို သုံးနေနှင့်သည်ဖြစ်ရာ၊ UI, UX မကောင်းသော၊ Bug များသော system များကို ချက်ခြင်းသိရှိခံစားနိုင်ကြသည်ဖြစ်သဖြင့်၊ ၎င်းတို့ကို first-class user အဖြစ် သဘောထားပြီး၊ အရေအသွေးမီအောင် ဆောင်ရွက်ပေးသင့်လေသည်။
  • အခြားနိုင်ငံများက E-gov ဆိုင်ရာ နည်းလမ်းများ လာရောက်ပေးကြလေ့ရှိသည်။ ၎င်းတို့၏ နည်းများသည် အများအားဖြင့် ၎င်းတို့ ယခင်အဆင့်မှ၊ ယခုအဆင့်သို့ ရောက်အောင် ဆောင်ရွက်နည်းများသည်ဖြစ်ကြသည်။ ၎င်းတို့၏ ယခုအဆင့်မှ နောက်အဆင့်သို တက်လှမ်းရာတွင် ယခင်နည်းများ ကို မသုံးကြပေ။ ကျွန်ုပ်တို့ သည် ၎င်းတို့၏ ယခင်အဆင့်မှ၊ ၎င်းတို့၏ နောက်အဆင့်သို့ တစ်ချက်တည်းနှင့် တက်လှမ်းကြရမည်ဖြစ်ရာ၊ ၎င်းတို့ပေးသည့် နည်းများကို ခြင့်ချိန်အသုံးချပြီး၊ ၎င်းတို့မသိသည့် နည်းလမ်းများကိုပါ ရှာဖွေ ဆောင်ရွက်ရန်လိုအပ်ပေသည်။

တော်သေးပြီ။

Like what you read? Give Thar Htet a round of applause.

From a quick cheer to a standing ovation, clap to show how much you enjoyed this story.