Getting Things Done နှင့်ကျွန်တော်

The last calendar book I used back in 2010.

Getting Things Done နည်းကိုကျွန်တော် ပထမဆုံးအကြိမ်စသုံးခဲ့သည်မှာ ၂၀၀၇ တွင်ဖြစ်သည်။ တက္ကသိုလ် တတိယနှစ်၊ အချိန်ကိုကောင်းကောင်းမစီမံတတ်ဘဲ အခက်အခဲဖြစ်နေချိန်ဖြစ်သည်။

တစ်ပြိုင်နက်တည်း ၆ ဘာသာယူထားပြီး၊ ဘာသာရပ်တစ်ခုမှာ အခြေအနေအလွန်ဆိုးဝါးနေချိန်၊ ရည်းစားကတစ်ဘက်၊ World of Warcraft ကို နေ့စဉ်ဆော့တာကတစ်ဘက်၊ Freelance အလုပ်ကတစ်ဘက်နှင့် စိတ်ကူးကြည့်နိုင်ပါသည်။

နေ့စဉ်နေ့တိုင်းသည် အသစ်ဖြစ်နေသည်။ တကယ့်ကိုအသစ်စက်စက်။ ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိ၊ အစီအစဉ် ဘလာနတ္ထိ။ ကိုယ်လုပ်ချင်တာကိုလုပ်၊ လုပ်ချင်တဲ့ အချိန်မှာလုပ်။

အပြင်ပန်းတွင် ဘာမှမဖြစ်ပုံပေါက်သော်လည်း၊ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေကြောင်း တရစပ် ပြောဆိုနေသော အသံတစ်ခုကို အလျဉ်မပြတ်ကြားနေရလေသည်။

အဆင့်တွေကျ၊ သမီးရည်းစား ဆက်ဆံရေးမှာလည်း စိတ်ကျေနပ်မှုမရ၊ MMORPG ကိုလည်း မူးယစ်ဆေးလိုစွဲနေ၊ freelance အလုပ်မှာလည်း ကတိတွေပျက်၊ မသိလိုက်ဖာသာ စိတ်ဖိစီးမှုတွေများနေပြီး၊ ကောင်းကောင်းအိပ်မပျော်ပေ။

ဒီအခါမှာ အကုန်လုံးကောင်းကောင်းလုပ်နိုင်ဖို့ နည်းလမ်းရှာခဲ့ပါတယ်။ အဲဒီမှာ David Allen ရဲ့ Getting Things Done (GTD) နည်းကို စတွေ့ခဲ့တာပါပဲ။

The techniques are cool.

နည်းလမ်းတွေက အရမ်းလန်းတယ်။

ကျွန်တော်လိုက်လုပ်ကြည့်တယ်။

တစ်ချို့ အဆင့်တွေကအလုပ်ဖြစ်ပေမယ့်၊ တစ်ချို့က မဖြစ်ဘူး။

အလုပ်ဖြစ်တဲ့ နည်းက —

အကုန်လုံးကို စာရွက်တစ်ခုပေါ်ချရေးနည်းပဲ။ 
(လက်ရှိ ၂၀၁၇ မှာ ဒီနည်းကို သုံးနေတုန်းပဲ။ အလုပ်ဖြစ်နေတုန်းပဲ။)

နောက်တစ်ခုက ကိုယ်နဲ့မကွာ ယူသွားတဲ့ Calendar စာအုပ်ပဲ။ အဲဒီထဲမှာ အတန်းချိန်တွေ၊ assignment deadline တွေ၊ စာဖတ်ဖို့ သတ်မှတ်ချိန်တွေ နဲ့ ဆရာတွေရဲ့ လိပ်စာတွေ အကုန်ထည့်ပြီး မှန်မှန် ပြင်ဆင်၊ မှန်မှန် ပြန်ကြည့်တယ်။
(၂၀၁၀ ထိ လုပ်ငန်းခွင် ဝင်ပြီး၊ Google calendar စသုံးတဲ့ အထိ Calendar စာအုပ်သုံးခဲ့သေးတယ်)

အဲဒီနောက်ပိုင်းမှာတော့…

Game ဆော့ချိန်ကို ကိုယ့်ဖာသာကို parental control feature တပ်ပြီးသုံးတယ်။

ရည်းစားကို ပွင့်ပွင့်လင်းလင်းကိုယ့်အခြေအနေကို ပြောပြီး၊ ညှိနှိုင်း၊ အချိန်တွေကို အစီအစဉ်ဆွဲတယ်။

Freelance အလုပ်တွေမှာ တစ်ချို့ကို တောင်းပန်စာတွေပို့ပြီး အချိန်ပြန်ညှိဆက်လုပ်၊ တစ်ချို့ကို လက်လွှတ်ပစ်လိုက်တယ်။

ကိုယ့်ကိုယ်ကို ပြန်တည့်မတ်ရတာပေ့ါ။


ကျွန်တော်သင်ခန်းစာ ရလိုက်တဲ့ အဓိက သော့ချက်တွေက —

  • ကျွန်တော်တို့က အချိန်ကို စီမံစရာလိုပါဘူး၊ ဘာကို ဦးစားပေးမယ်ဆိုတာကိုပဲ ရွေးချယ်စရာလိုတာပါ။
  • အချိန်ဆိုတာ လူဘဝရဲ့ တစ်ခုတည်းသော အတိုင်းအတာဖြစ်ပါတယ်။ အချိန်ကို ကျွန်တော်တို့ ထိန်းချုပ်လို့မရနိုင်ပါဘူး။
  • ကျွန်တော်တို့ ထိန်းချုပ်နိုင်တာက၊ ကျွန်တော်တို့ ဘာလုပ်မလဲ၊ ဘယ်အချိန်မှာ စတင်လုပ်မလဲနဲ့၊ ဘယ်လောက်ကြာကြာလုပ်မလဲပဲ။
  • ခေါင်းထဲက ရှိသမျှ အကုန်ထုတ်ပြီး၊ စိတ်ချရတဲ့ တစ်နေရာမှာ မှတ်ထားဖို့၊ ပြီးတော့ အဲဒီမှတ်ထားရာမှာ မှတ်ထားတာတွေရှိနေတယ် ဆိုတာကို မှန်မှန် သတိပေးနေတဲ့ စနစ်တစ်ခုရှိဖို့။
  • ဘာပဲ လုပ်လုပ် ရက်သတ်မှတ်ထားဖို့။
  • မလုပ်ဖြစ်ခဲ့ရင်၊ ကိုယ့်ကိုယ်ကို နဲ့ ပြန်ပြီး ရက်အသစ် သတ်မှတ်ဖို့။
  • အခြားလူကိုရော၊ ကိုယ့်ကိုယ်ကို နဲ့ရယ်ပါ ညှိနှိုင်းတတ်ဖို့။
  • ကိုယ်လုပ်ခဲ့ပြီးသမျှကို ပြန်ဆန်းစစ်ပြီး၊ ဘယ်အထိ ပြီးမြောက်ခဲ့ပြီး၊ နောက်ဘာဆက်လုပ်မလဲ ဆန်းစစ်ဖို့။
  • ပန်းတိုင် အကြီးကြီးဟာ၊ လုပ်ဆောင်ချက် သေးသေးလေးတွေပေါင်းစည်းထားတာဖြစ်လို့၊ လုပ်ကိုင်စရာတွေကို ရှင်းလင်းသေးငယ်တဲ့ လုပ်ဆောင်ချက်တွေအဖြစ်ခွဲခြမ်းပြီး ဆောင်ရွက်ဖို့။

တွေ သိလာခဲ့တယ်။ ၁၀ နှစ်ရှိပြီ၊ တစ်ခါတစ်လေလည်း အကျင့်လေးကပျက်တယ်။ စဉ်ဆက်မပြတ်တော့ သတိပေးပြီး တည့်မတ်နေအောင်တော့ ကြိုးစားနေတာပဲ။

ခုလည်း တစ်ယောက်ယောက် အသုံးတည့်ပါစေလို့ ရေးလိုက်တယ်။ အောင်ပါစေဗျား။

Show your support

Clapping shows how much you appreciated Thar Htet’s story.