ICIP17 အပိုင်း (၁) - အားလုံးထဲက တောင်ငူ

ရေးမယ်ရေးမယ်နှင့် နေ့ရွှေ့ညရွှေ့လုပ်နေရာက ရေးဖြစ်လိုက်ပါသည်။ နှောင့်နှေးနေရတဲ့ အကြောင်းက ရေးတဲ့ပုံစုံကို အကောင်းဆုံးဖြစ်စေချင်လို့ နည်းလမ်းတွေစဉ်းစားရင်းနှင့် အလုပ်မဖြစ်ရတာပါပဲ။ တစ်ခါခါ သိပ်တွေးလွန်းရင် အလုပ်မတွင်ဘူး၊ အကောင်းဆုံးဖြစ်အောင် စဉ်းစားနေရင် မလုပ်ဖြစ်ဘူး။ ယခုတော့ နေ့ရက်အလိုက်၊ အဖြစ်အပျက်အစီအစဉ်အလိုက်ပဲ ဇာတ်လမ်းပုံမဖော်၊ အပိုဆာဒါးတွေ မပါဘဲ၊ လိုရင်းတိုရှင်းရေး လိုက်ပါတော့မယ်။ ပထမပိုင်းပေါ့။

Interns များလက်ခံခြင်း

  • UIT ကျောင်းက ကျောင်းသား/သူ ၆ ဦးကို Field Study ၁ လ လေ့လာဖို့ခေါ်ယူဖူးပါတယ်။ ဒီကဆက်စပ်ပြီး UIT ကျောင်းက Internship အတွက် မတ် ၂၀၁၇ မှာ UIT ကျောင်းက ကျောင်းသား/သူ ၁၀ ဦးကို လူတွေ့မေးမြန်းပြီး ၄ ဦးကို Zwenexsys ရဲ့ interns များအဖြစ်လက်ခံခဲ့ပါတယ်။
  • မုံရွာက ဒေါ်နိုင်နိုင်မော်က ဖိတ်ကြားလို့၊ စစ်ကိုင်းတိုင်း ထွေအုပ်ဝန်ထမ်းများ A+ သင်တန်းဆင်းပွဲမှာ E-government အကြောင်းဟောပြောရှင်းပြဖို့ အသွား မန္တလေး ကွန်ပြူတာ တက္ကသိုလ်ကို ဝင်ဖြစ်ပါတယ်။
  • ကျောင်းက ဆရာမများနှင့် မိတ်ဖွဲ့ဖြစ်ရာက နောက်ထပ် ကျောင်းသား ၂ ဦးကို Intern များအဖြစ် လက်ခံခဲ့ပါတယ်။
  • ဒါနှင့်ပဲ မေလ ကစလို့ ဇူလိုင်လကုန်ထိ ရုံးမှာ ကျောင်းသား/သူ ၆ ယောက်ကို ၃ လစာ အလုပ်ပေးဖို့၊ သင်ကြားပေးဖို့ ပြင်ဆင်ရပါတယ်။
  • Intern တိုင်းက အချိန်ပြည့် ဝန်ထမ်းများနည်းတူ တာဝန်နှင့် စည်းကမ်းများကို လိုက်နာရပါတယ်။ အခြေခံ လစာ ကျပ် ၁၅,၀၀၀၀ ပေးပါတယ်။
မန္တလေး ကွန်ပြူတာ တက္ကသိုလ်

Internship အတွက် ပညာရှင်များအစည်းအဝေး

  • မတ်လကုန်လောက်က MCPA ကအစည်းအဝေးဖိတ်လို့ ၂၈ ရက်နေ့က MCPA ကိုသွားရောက်ခဲ့ပါတယ်။
  • MCPA ရဲ့ EC အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဦးမင်းဦးက ရှင်းပြရာမှာ ကွန်ပြူတာတက္ကသိုလ်များက MCIA ကို အကူအညီတောင်းရာမှ MCPA ကပါ ပါဝင်ကူညီဖို့ဖြစ်လာရကြောင်းသိရပါသည်။
  • လိုရင်းမှာ မြစ်ကြီးနားက စလို့၊ မြိတ် အထိ UCS (University of Computer Studies) ကျောင်းက ပဥ္စမနှစ် ကျောင်းသားတွေအတွက် Internship ပေးဖို့ရာမှာ အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းကြဖို့ပါ။
  • ကျောင်းပေါင်း ၁၆ ကျောင်းက ကျောင်းသား ၁,၀၀၀ ကျော်အတွက် အလုပ်သင်၊ လုပ်ငန်းခွင် ရှာဖွေခြင်းဟာ မလွယ်ကူလှပါ။
  • ကျွန်တော်အဖို့ လက်ရှိတွင် UIT နှင့် Mandalay UCS က ကျောင်းသားပေါင်း ၆ ယောက်ကို လက်ခံပြီးချိန်မှာ နောက်ထပ်လက်ခံဖို့ဟာမှာ နေရာထိုင်ခင်း၊ အထွေထွေ အသုံးစားရိတ်နှင့် လစာငွေ ပေးဖို့ရာ အခက်ဖြစ်ပါတယ်။
  • စာရင်းရှိ ကျောင်းသားတွေထဲမှာ ရန်ကုန်လာနိုင်သူ၊ မန္တလေး လာနိုင်သူနှင့်၊ ခရီးသွားဖို့ရာ မတတ်နိုင်သူတွေရယ်လို့ အစုတွေကွဲနေပါတယ်။ လာနိုင်သူများအတွက်ပင် အလုပ်ပေးနိုင်မည့် ကုမ္ပဏီများ အလုံအလောက်မရှိပါ။ ထိုသူများသည်လည်း မလာနိုင်သူများနှင့် သိပ်မကွာလှပေ။
  • ကျောင်းမှ မထွက်ခွာနိုင်သူများအတွက် Internship ပေးဖို့ နည်းလမ်းရှာဖွေဖို့ ဆွေးနွေးကြရပါတယ်။ Internship မပြီးလျှင်ဘွဲ့မရပါ။
  • IT Industry ရဲ့အခြေအနေကလည်း UCS ကျောင်းများမှ ကျောင်းဆင်း ၁,၀၀၀ ကျော်ကို အလုပ်ခန့်ဖို့နေနေသာသာ၊ internship ပင် လုံလောက်စွာပေးနိုင်ခြင်းမရှိသည်ကို သိရသဖြင့် စိတ်မကောင်းပါ။
Internship ကျောင်းသား စာရင်း

နည်းလမ်းရှာကြခြင်း

  • ဆွေးနွေးရာတွင် အများ၏ သဘောမှာ ရန်ကုန်က နေ၍ web cast ဖြင့် ကျောင်းသားများကို အဝေးမှ လိုအပ်သည်များကို live video lecture ဖြင့် သင်ကြားပေးရန်ဖြစ်သည်။
  • ကျွန်တော်က၎င်းကို သဘောမတူပါ။ ၅ နှစ်ခန့် lecture ရိုက်ခံခဲ့ရသော ကျောင်းသားများအတွက် Internship ဆိုသည်မှာ လက်တွေ့လုပ်ကိုင်သည့် လုပ်ငန်းခွင့် အတွေ့အကြုံကို ရယူရမည့်အချိန်သာဖြစ်ရမည်ဟု ယုံကြည်သည်။ ဒါနှင့် ကျွန်တော် ယုံကြည်သော နည်းလမ်းတစ်ခုကို တင်ပြပါသည်။ မေးခွန်းပေါင်းများစွာ မေးခံရသည်။
  • နည်းလမ်းမျိုးစုံကို အခြေတင် ငြင်းခုံ၊ အကြိတ်အနယ် ဆွေးနွေးကြ၊ အရွှန်းဖောက်ကြ၊ နှင့်ဆွေးနွေးရာ လိုရင်းမရောက်ကြ။
  • ကျွန်တော့်ကို ကျောင်းတစ်ကျောင်း သတ်သတ်မှတ်မှတ်ပေးပါရန်နှင့် ၎င်းကျောင်းကို အပြီးအစီး တာဝန်ခံဆောင်ရွက်ပါမည့်အကြောင်း အရေးဆိုခဲ့ပါသည်။

ကျွန်တော်တင်ပြသော နည်းလမ်းမှာ

  • ၃ လအစီအစဥ်ဖြစ်သဖြင့် ၁၂ ပါတ် အချိန်ရပါသည်။ ကျောင်းသားများသည် ကျောင်းတွင် အလုပ်ချိန်အတိုင်း နေ့စဉ် တက်ရောက် ၍ အလုပ်လုပ်ရမည်။
  • ကျောင်းတစ်ကျောင်းကို MCPA အသင်း၏ EC တစ်ဦးစီ၏ ကုမ္ပဏီက တာဝန်ယူ၍ Internship ပေးမည်။
  • ကျောင်းသားများကို အစုဖွဲ့ပြီး တစ်ဖွဲ့ခြင်းကို ကြိုက်နှစ်သက်ရာ project တစ်ခုအဖြစ် Product တစ်ခု တည်ဆောက်စေမည်။
  • ကုမ္ပဏီက boss က project ၏ director အဖြစ်ဖြင့် အဖွဲ့အားလုံးကို ညွှန်ကြားမည်
  • ကျောင်းမှ ဆရာ/ဆရာမ တစ်ဦးကို အဖွဲ့တစ်ခုခြင်းစီ၏ supervisor အဖြစ်ဖြင့် ကြီးကြပ်မည်။
  • ၁ ပါတ်စီတွင်ဆောင်ရွက်ရမည့် assignment ကိုညွှန်ကြားပေးမည်။ ၎င်း assignment တစ်ခုခြင်း ၁၂ ပါတ်စာ ကိုပြီးအောင်ဆောင်ရွက်ခြင်းဖြင့်၊ နောက်ဆုံးတွင် တည်ဆောက်လိုသော Product ပြီးသွားမည်။
  • Project ကို Director ကပေးခြင်းမဟုတ်ဘဲ၊ အဖွဲ့အလိုက် စိတ်ကူးရှာ၊ ဈေးကွက်ရှာ၊ ဖောက်သည်ရှာ၊ စမ်းစစ် ပြီးအကောင်အထည်ဖော်စေမည်။
  • Director က ၁၂ ပါတ်တွင် ၂ ပါတ်၊ ၃ ပါတ် တစ်ကြိမ် အဖွဲ့နှင့် လူတွေ့ ဆွေးနွေးလမ်းညွှန်မည်။
  • အဖွဲ့များသည် ဆိုင်ရာ Supervisor နှင့် အပါတ်စဉ် တွေ့ရမည်။
  • ဆက်သွယ်ရေး၊ သင်ကြားရေးများကို ခေတ်ပေါ် နည်းပညာများဖြင့် online မှ တစ်ဆင့်ဆောင်ရွက်မည်။ အပါတ်စဉ် သတင်းပို့ရမည်။
  • ဤနည်းမှာ ရုံးတွင် ခေါ်၍ အလုပ်ခိုင်းခြင်းနှင့် သိပ်မကွာလှပေ။ Director သည်ကျောင်းသားများ ရှိရာ ကျောင်းသို့ ၅ ကြိမ်ခန့်သာ သွားရောက်တွေ့ဆုံရန် လိုအပ်လေသည်။
  • Internship လိုအပ်ချက်လည်း ပြီးသွားမည်။ အဖွဲ့အလိုက်လည်း အလုပ်လုပ်သဖြင့် အကောင်အထည် ပြနိုင်မည်။ ပြင်ပ လုပ်ငန်းရှင် director ၏ ညွှန်ကြားမှု၊ ဆက်သွယ်မှု အတွေ့အကြုံလည်း ရသွားမည်။ လုပ်ငန်းရှင်အတွက်လည်း နေရာ၊ ငွေကြေး သိပ်အကုန်မကျ မများလှတော့ပေ။

ထိုသို့တင်ပြသော အခါ၊ ကျွန်တော်အား ကျောင်းသားအများဆုံးသော ၃၀၀ ကျော်ရှိသည့် မန္တလေးကို ယူပါလားဟု (အတည်လော၊ အရွဲ့တိုက်၍လော မသိ) ပြောသည်။ ကျွန်တော်က ကျောင်းသား ၃၀၀, ၃ ယောက်တစ်ဖွဲ့၊ အဖွဲ့ ၁၀၀၊ project ၁၀၀ ပြီးနိုင်မည်ဖြစ်ကြောင်း ပြောပြသည်။

ကျောင်းသား များကို မည်သို့ project ပေးမည်နည်းဟု မေးရာ၊ ကျွန်တော်က project ပေးမည်မဟုတ်ကြောင်း project ရှာခိုင်းမှာ ဖြစ်ကြောင်း၊ customer ရှာခိုင်းမှာ ဖြစ်ကြောင်း။ ကျောင်းသားများသည် ကျွန်တော်၏ အလုပ်သင်ဝန်ထမ်းဖြစ်သဖြင့် ထို project များနှင့် customer များကို ကျွန်တော်ပိုင်မည်ဖြစ်ကြောင်း ပြောပြသည်။ မန္တလေး ကျောင်းကို ရပါက ၃ လအတွင်း project ၁၀၀၊ customer ၁၀၀ ရမည်ဖြစ်ကြောင်း။ ကျွန်တော့်အတွက် အလွန် တန်ကြောင်းပြောပြသည်။

ထိုအခါ သူတို့က ကျောင်းသားများ၏ project များကို ကျွန်တော် မပိုင်သင့်ကြောင်း၊ ကျောင်းသားများသာရသင့်ကြောင်း။ ကျွန်တော်က ထိုသို့မဟုတ်က intern အဖြစ်လက်ခံ၍ မဖြစ်ကြောင်း၊ အကယ်၍ ကျွန်တော်က အလုပ်ပေးကာ ခိုင်းပါကလည်း ထိုသို့သာ ကျွန်တော်ပိုင် ရမှာဖြစ်ကြောင်း၊ ဝန်ထမ်းက မပိုင်ကြောင်း စသည်ဖြင့် ပျော်ရွှင်စွာ ဆက်လက် ငြင်းခုံကြလေတော့သည်။

သဘောတရားအားဖြင့် မှန်သောလည်း။ အမြင်ကတ်ကတ်နှင့် ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ ကျောင်းသားများလုပ်ကိုင်မှု၏ ရလာဒ်များကို ပိုင်ဆိုင်လိုစိတ် စိုးစင်းမျှ မရှိပါ။ လုပ်အားခ မပေးဘဲနှင့် ခိုင်း၍ရသော လုပ်အားကို အမြတ်ထုတ်လောက်အောင် ကျွန်တော်၏ စိတ်ဓါတ်မနိမ့်ကျပါ။ ဘယ်လိုအခြေအနေရှိမှန်း မသိသော ကျောင်းသားများ လုပ်ဆောင်သည့် ရလာဒ် မည်သို့ထွက်မည်ပင် မခန့်မှန်းနိုင်ပါ။ ကျွန်တော်က ပိုပိုသာသာ တွက်ဆခြင်းသာ ဖြစ်ပါသည်။

ထိုနေ့ အစည်းအဝေးပြီးဆုံးပြီး၊ နောက်အစည်းအဝေးများတွင် ကျွန်တော့်အား မခေါ်တော့ပေ။ ဤသို့ဖြင့် သင်္ကြန် ကိုကျော်လွန်သွားလေတော့သည်။


အားလုံးထဲက တောင်ငူ

  • သင်္ကြန်ပြီးနောက် ဦးမင်းဦးအား ဖုန်းခေါ်ဆို ဆက်သွယ်ပြီး အခြေအနေကို မေးမြန်းဖြစ်ပါသည်။
  • နယ်ပယ်စုံမှ ကျောင်းသားများကို ရန်ကုန်ခေါ်ကာ ၁ လ သင်တန်း ပေးမည်ဖြစ်ကြောင်း၊ ကျန် ၂ လကို ကျောင်းသို့ပြန်ကာ project လုပ်စေမည်ဖြစ်ကြောင်း ပြောပြပါသည်။
  • သို့သော် တောင်ငူ ကျောင်းတွင် ရန်ကုန်သို့ လုံးဝ မလာနိုင်သော ကျောင်းသား ၁၀၀ ခန့်ရှိကြောင်း ၎င်းတို့ အတွက်ကိုမူ လူလွှတ်၍ သင်တန်းပေးမည်ဖြစ်ကြောင်း ပြောပြရာ၊ ထို ကျောင်းကို ကျွန်တော့်အား ပေးပါရန်နှင့် ကျွန်တော်တင်ပြထားသော အစီအစဉ်ကို စမ်းသပ်အကောင်အထည်ဖော်ခွင့်ပြုရန် တောင်းခဲ့ပါသည်။
  • ဦးမင်းဦးက လိုလိုလားလားပင် သဘောတူပြီး၊ ကျောင်းအုပ်ဆရာမကြီး၏ ဖုန်းခေါ်ပြောပြ၊ ဖုန်းနံပါတ်ကိုပေးပါသည်။
  • ထိုမှစကာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ အိအိလှိုင် ကို သွားရောက်တွေ့ဆုံ၊ ရှင်းလင်းတင်ပြ၊ သဘောကျ၊ အသေးစိတ်ကို တိုင်ပင်ဆွေးနွေးပြီး၊ In-Campus Internship Program 2017, Taungoo UCS ၏ ၁၂ ပါတ်စာ program အသေးစိတ်ကို ရေးဆွဲဖြစ်ခဲ့ပါသည်။
  • ကျောင်းသား ၉၆ ယောက်၊ အဖွဲ့ ၂၄ ဖွဲ့၊ ဆရာမ ၁၂ ဦးနှင့် ကျွန်တော်၏ program ကိုကြည့်ကာ ကျောင်းသားအဖွဲ့များနှင့် တွေ့ရမည့် အစည်းအဝေးချိန်များကို စဉ်းစားပြီး၊ ပင်ပမ်းမည့် ဖြစ်အင်ကို တွေးကာလန့်လာသဖြင့်၊ Kernellix ၏ CEO ကိုရဲသူရသက် နှင့် Vision to Motion ၏ CEO ကိုအေးကျော်လှိုင် တို့ကို ရှင်းပြပြီး စည်းရုံးခဲ့ပါသည်။
  • ထိုဆရာ ၂ ဦးကလည်း ကျွန်တော်အား ယုံယုံကြည်ကြည်နှင့် စိတ်ဝင်တစား ပါဝင်ခဲ့ပါသည်။ Program လည်ပါတ်ချိန် ၃ လတွင် ထိုဆရာ ၂ ဦးသာ မပါဝင်ခဲ့ပါက မဖြစ်မြောက်နိုင်သည်များကို အခြားတစ်နေရာတွင် ဖော်ပြပါမည်။

ဤသို့ဖြင့် ICIP17 အစီအစဥ် ဖြစ်မြောက်ခဲ့ပါသည်။


ဘာကြောင့် ဒါကို လုပ်ဖြစ်ရသလဲ

  • ပြန်လည်ဆန်းစစ်ကြည့်ရာတွင် ပထမဦးဆုံး အစည်းဝေး၌ မည်သည့်အကြောင်းကြောင့် ကျွန်တော်ထို စိတ်ကူးပေါ်လာသည်ကို မသိပါ။
  • ပြဿနာ ဖြေရှင်းခြင်းသည် ကျွန်တော်၏ အလုပ်ဖြစ်ခြင်းကြောင့် စိတ်ကူးသစ်ရှာဖွေခြင်းက အကျင့်ဖြစ်နေ၍ လည်းဖြစ်နိုင်သည်။
  • ကျောင်းတစ်ကျောင်းကို ယူရန် အာမခံခြင်းမှာ မာနကြောင့်လော၊ စူးစမ်းလိုစိတ်ကြောင့်လော၊ စေတနာ လွန်ကဲသောကြောင့်လော မသိပါ။ ယခု ပြန်လည် သုံးသပ်ချိန်တွင် ကျွန်တော်ကိုယ်က နိစ္စဓူဝ အလုပ်များကို ငြီးငွေ့သည်ဖြစ်ရာ၊ ထိုသို့ ထူးခြားသော လေ့လာမှု အတွေ့အကြုံ၊ ခက်ခဲသော စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပြီး ကိုယ့်စွမ်းရည်လည်း တိုးတက်၊ အခြားသူများ၏ အခက်အခဲကိုလည်း ဖြေရှင်းရာ ရောက်ခြင်းကြောင့် လေ့လာမှု တစ်ခုအဖြစ် စမ်းသပ်လိုမှုကြောင့်လည်း ဖြစ်နိုင်သည်။
  • ထိုစိတ်ကူးအသေးစိတ်မှာ လက်ခံထားပြီးသော အလုပ်သင် ၆ ယောက်အတွက်စဉ်းစားထားသော အစီစဉ်များ၊ ယခင် ပြုလုပ်ဖူးသော Founder Institute program အတွေ့အကြုံ၊ startup coaching အတွေ့အကြုံနှင့် မိမိလက်ရှိဖတ်ရှုနေသော Creative Thinker’s toolkit ၏ နည်းလမ်းများ၊ မိမိ တတ်ကျွမ်းသော software development process နှင့် project management အတွေ့အကြုံများ၊ entrepreneurship training နည်လမ်းများ ပေါင်းစပ်မိကာ ရဲရဲတင်းတင်း ထုတ်ပြောမိခြင်းဖြစ်သည်။

ဆက်ပါဦးမည်။

Like what you read? Give Thar Htet a round of applause.

From a quick cheer to a standing ovation, clap to show how much you enjoyed this story.