ဖတ်ရခက်သော ခေတ်ပြိုင် ကဗျာတစ်ပုဒ်ကို 
 ကဗျာဖတ်သူဘက်မှ ချဉ်းကပ်ကြည့်ခြင်း

ရိုးရာ သမားစဉ် မဟုတ်တော့တဲ့ ခေတ်ပြိုင်ကဗျာ (contemporary poems) ကဗျာတွေကို ဘယ်လို ဖတ်ရမလဲဆိုတာကို ကျွန်တော် အမြဲမေးနေမိပါတယ်။ ကိုယ့်ရှေ့က ခေတ်တစ်ခု စောမွေးခဲ့တဲ့ ကဗျာကို စိုက်လိုက်မတ်တပ် လိုက်စားသူတွေဖြစ်တဲ့ အောင်ခင်မြင့်တည်တံ့ တို့ရဲ့ ကဗျာ စာပေ ချဉ်းကပ် ဆောင်းပါးတချို့ ဖတ်မိရာကနေ ပညာရှင် မဟုတ်သော်လည်း ကဗျာဖတ်သူတစ်ယောက်အနေနဲ့ ကဗျာရဲ့ အတွင်းထဲ ဝင်ရေက် နှီးနှောလိုစိတ် ဖြစ်မိပါတယ်။ ဒါကြောင့် ဖတ်ရခတ်တဲ့ ကို မောင်ဒေးရဲ့ ကဗျာတွေထဲက တစ်ပုဒ်ကို စမ်းသပ် ဝင်ရောက်ကြည့်ပါတယ်။

ကဗျာဖတ် သူအချင်းချင်း ကဗျာတွေထဲကို ဘယ်လို ဝင်ရောက်မိတယ်ဆိုတဲ့ အတွေ့အကြုံကို ပြန်ပြောပြချင်တာရယ်၊ အကယ်၍များ ကဗျာတွေ (မိမိကဗျာတွေ)ကို ကဗျာဖတ်သူတွေ ဘယ်လို ဝင်ရောက်သွားတတ်ကြလဲ သိချင်တဲ့ ကဗျာရေးသူများအတွက် လည်း စေ့ငုကြည့်နိုင်ရန် စာဖြင့်ချရေးထားခြင်းဖြစ်ပါတယ်။

၂၀၁၄၊ ဖေဖေါ်ဝါရီ မှာ နှစ်ကာလများ စာအုပ်တိုက်မှ ထုတ်ဝေတဲ့ ကဗျာဆရာ မောင်ဒေးရဲ့ မောင်ဒေးကဗျာစာအုပ်မှ ပထမစဆုံး ကဗျာတစ်ပုဒ်ဖြစ်တဲ့ အကောင်းမြင်သမား ပြန်လာတယ် ကဗျာထဲကို ဝင်ရောက်ဖို့ ကြိုးစားချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

===

|| အကောင်းမြင်သမားပြန်လာတယ် ||

ဆိုတော့ အရင်တုန်းက အဆိုမြင်ခဲ့တဲ့ ကာလတွေ အခု အကောင်းမြင်လို့ရတဲ့ ကာလတွေ ပြန်ရောက်လာပြီလားပေါ့။

/နွေ၊ မိုး၊ ဆောင်၊ Facebook ဆောင်း/

ရာသီအလီလီပြောင်းတယ်။/

Facebook ပေါ်လာတဲ့ virtual world ကြီးမားလာတဲ့ ခေတ်ကြီးကို ရောက်ပြီ။

/ချောင်းထဲမှာ ရေမရှိတော့ပေမဲ့//မြောင်းထဲမှာ ဧဝရတ်တောင်ပေါ်က နှင်းတွေ ဖွေးဖွေးလှုပ်။/

ချောင်းထဲမှာ ရေမရှိတော့ဘူးဆိုတာ ပြီးခဲ့တဲ့ ကာလတရားတွေမှာ ပေါ်ပေါက်ခဲ့တဲ့ Ideology နဲ့ Meta Narrative တွေ မရှိတော့ဘူးဆိုတာ ကို ညွှန်းချင်တာလား။ ဒါမှမဟုတ် တခြား တစ်ခုခုလား။ ဧဝရတ်တောင်ပေါ်က နှင်းတွေဆိုတာ အနောက်လူဖြူများရဲ့ democratic & lilbreal idea(တစ်နည်း လက်ဝဲအိုင်ဒီယာ) တွေက မြောင်းကျိုးမြောင်းကြား ရပ်ကွက်ကျိုရပ်ကွက်ကြားအထိ ပျံနှုံနေတာကို ဆိုလိုချင်တာလား။

/ငါးကြီးဆီအသည်းနဲ့ လုပ်ထားတဲ့ သောင်ပြင်ဟာ/

/အိပ်ရာတစ်မျိုးဖြစ်တယ်။ ဝင်ကစွပ်ကောင်တွေဟာ ငါ့သဲငါ့သောင်ပေါ်မှာ/

/အစုံအဆန် ပြေးလွှားကြရင်း ဘေယွန်းဆေးရဲ့ ကြေးခေါင်းလောင်းကို/

/သူတို့ရဲ့ အက်ဆစ်ကျင်ငယ်နဲ့ ဟောင်းလောင်းဖောက်ပစ်လိုက်တယ်။/

ငါးကြီးဆီအသည်းနဲ့ လုပ်ထားတဲ့ သောင်ပြင် ဆိုတဲ့ နိမိတ်ပုံဟာ ကဗျာဖတ်သူကို အနက်ဖေါ်ဖို့ ခက်ခဲအောင် နှောင့်ယှက်နေတယ်။ ဇာတ်ပြောသူက သောင်ပြင်လို ပျံပြူးတဲ့ အိပ်ယာတစ်ခုဆိုတဲ့ နေရာကို ခေါ်သွားနေတယ်။ အဲ့ဒါ သူ့ နေရာ/ သူ့အိပ်ယာ/ သူ့ကမ္ဘာ ဖြစ်တယ်လို့ ပြောတယ်။ ဝင်ကစွပ်ကောင်ဆိုတဲ့ နောက်ထပ် ဇာတ်ရုပ်တစ်ခုက ရှုပ်ထွေးနေတဲ့ အခြေအနေကို ပိုရှုပ်ထွေးစေပြန်တယ်။ ဝင်ကစွပ်ကောင်ဆိုတာ အငှား အမှတ်လက္ခဏာတွေနဲ့ ရှင်သန်နေသူ လူသားတွေကို ဆိုလိုချင်တာလား။ ကောပိုရိတ် လောကမှာ လူဟာ တစ်ခုခုဖြစ်ရမယ်၊ တစ်ခုခုဖြစ်ဖို့အတွက် အမှတ်အသား logo တံဆိပ်တွေနဲ့ အသက်ရှင်ကြတဲ့ ကမ္ဘာကို ဆိုလိုချင်တာလား။ ဘေယွန်းဆေးရဲ့ ကြေးခေါင်လောင်းဆိုတာ pop ဘုရင်မ ရဲ့ မိန်းမရင်သား။ ဒါကို အက်ဆစ်ကျင်ငယ်တွေနဲ့ ပန်းလိုက်ကြတာဟာ ကျား လိင်စိတ်သရုပ်ကို ပြတာလား။ အက်ဆစ်ကျင်ငယ်တွေက မိန်းမရင်သားကို စားသွားတယ်ဆိုတာ မိန်းမတွေရဲ့ ရင်သားတွေပြုပြင်လာတဲ့ ကာလတရားဆီကို ကျွန်တော်ရောက်သွားပါတယ်။

မောင်ဒေးက ပြောင်းလဲသွားတဲ့ ကမ္ဘာ့အိုင်ဒီရော်လော်ဂျီ အနေအထားတွေအကြောင်း ပြောနေတုန်းမှာပဲ သူ့ရဲ့ အနီးနားမှာ တွေ့ရတဲ့ ကောပိုရိတ်လူသားတွေ ရဲ့ အမှတ်အသားဘဝတွေနဲ့ လိင်ကိစ္စတွေကို ပြောဆိုပြန်တယ်။

/Jay-Z စိတ်လှုပ်ရှားသွားတယ်။/

/အာကာသယာဥ်တစ်စင်း ဝယ်မယ်တကဲကဲ လုပ်နေတယ်။/

/ကောင်းကင်ပြာပြာမှာ ဧဝရတ်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို/

/ဖြတ်ပြီး မောင်းနှင်သွားမတဲ့လေ။/

ဘေယွန်းဆေးရဲ့ ယောက်ကျား Jay-Z က သူ့မိန်းမ ဘေယွန်းဆေးရဲ့ ရင်သားကို စိတ်လှုပ်ရှားတာလား။ ဒါမှမဟုတ် Jazy-Z ရဲ့ စိတ်လှုပ်ရှားမှုဟာ မောင်ဒေးပြောနေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေ အပြောင်းအရွေ့တွေကိုလား။ စိတ်လှုပ်ရှားသွားတဲ့ Jay-Z က အာကာသယာဥ် ဝယ်မယ်လုပ်နေပြန်တယ်။ ကမ္ဘာ့အပြင်ဘက်ကို ခြေဆန့်ဖို့ အာကာသယာဥ်ကိုတောင် ဝယ်ယူနိုင်တဲ့ အနေအထားဟာ တစ်ဦးတစ်ယောက်သော လူသားက လက်တွေ့လုပ်နိုင်တဲ့ ကိစ္စဖြစ်တော့မဲ့ ကာလလား။ ဧဝရတ်တောင်လောက်ကြီးတဲ့ မစင်ပုံကြီးကို Jay-Z က ကောင်ကင်မှာ မောင်းပြီး လျှောက်သွားမယ်တဲ့လား။

celebrity ခေတ်လူသားတစ်ယောက်ရဲ့ ပါဝါဟာ အဲ့လောက်တောင် ကြီးနေပြီလား။

/တံငါသည်ရဲ့ ပိုက်ကွန်ဟာ တောဝက်မရဲ့ လိင်ပြွန်ဝဖြစ်တယ်။/

/ပွေးကွက်လို ဝိုင်းစက်နေတဲ့ ကျွန်းစုကို မထိတထိ/

/ဘယ်သူ ကြည့်မိလဲ။/

မောင်ဒေးက ရှပ်ထွေးတဲ့ ပျံ့ကျဲပြီး အဆက်အစပ်မဲ့နိုင်သမျှမဲ့တဲ့ နမိတ်ပုံတွေကို သုံးရတာ ကြိုက်ပုံရတယ်။ အခုလည်း တံငါသည် တစ်ယောက်ရဲ့ ပိုက်ကွန် ဟာ တောဝက်မရဲ့ လိင်ပြွန်ဝဖြစ်တယ်လို့ ပြောပြန်တယ်။ အမ သတ္တဝါရဲ့ ဖင် ဟာ ပိုက်ကွန်လို ငြိတွယ် စေတယ်။ ပွေးကွက်လို ဝိုင်းစက်နေတဲ့ ကျွန်းစုဆိုတာ နို့သီးခေါင်းကို ဆိုလိုတယ်လို့ ဆက်စပ်အနက်ယူကြည့်လိုက်ရင် မိန်းမ နို့သီးခေါင်းကို ကျားသတ္တဝါတွေက ခိုးခိုးကြည့်ကြတာကို မင်းတို့ ကြည့်လားကွလို့ လှမ်းပြီး ရိသဲ့သဲ့ မေးလိုက်တယ်။

မိန်းမ ခန္ဓာကို လိင်စိတ် တတ်မတ်ကြတဲ့ ကျားသဘာဝကို ပြောပြန်တယ်။

/လမ်းမပေါ်မှာ သွေးသံရဲရဲသေဆုံးနေတဲ့ အရူးကို/

/ဝိဉာဏ်ဖြူဖြူတွေဟာ ချီမ မသွားကြဘူး။/

/အကောင်းမြင်သူတွေရဲ့ ကနေ့ငွေကြေးဟာ ခွေးသေကောင်ဖြစ်တယ်။/

ခေတ်ကြီးရဲ့ ဖိစီးမှုကြောင့် ရူးနှမ်းပြီးသေဆုံးသွားသူတွေအတွက် ဘယ်နတ်ဒေဝါတွေကမှ လာရောက် မခေါ်ဆောင်ဘူးလို့ ဇာတ်ပြောသူက ပြောပြန်တယ်။ ဘာသာတရားတွေက ပြေဆိုနေကြတဲ့ နတ်ကောင်းနတ်မြတ်တွေဆိုတာ ဘယ်နားရောက်နေလဲလို့ မေးလိုက်တာနဲ့ တူတူပဲ။ မောင်ဒေးက ဘာသာရေးကို ရိသဲ့သဲ့လုပ်ပြန်တယ်။

ခွေသေကောင်ဆိုတာ လေလွင့်သေဆုံးသွားတဲ့ ခွေးဖြစ်ဖို့များတယ်။ မသေဆုံးကြပေမဲ့ သေဆုံးနေကြသလို လေလွင့်နေတဲ့ စိတ်တွေနဲ့ (အထက်ကပြောခဲ့တဲ့ ကော်ပိုရိတ်လူသား) တွေ အသက်ရှင်နေကြတာဟာ အခုခေတ်ကြီးမှာ ကြီးပွားနေသူတွအတွက် ပိုက်ဆံငွေကြေးဖြစ်တယ်။ သူတို့ဖြစ်ချင်တာတွေဖြစ်ဖို့ လုပ်ပေးနေသူတွေပဲဖြစ်တယ်လို့ ပြောပါတယ်။

အကောင်းမြင်သမား ပြန်လာတယ်ဆိုတဲ့ ခေါင်းစဥ်ကို ပြန်ကောက်ရရင် လက်ယာဝါဒကိုအဆိုးမြင်တဲ့ လက်ဝဲတွေ ထွက်သွားတော့ လက်ယာဝါဒကို ခရီးဆုံးပန်းတိုင်အဖြစ် အကောင်းမြင်တဲ့ ကြီးပွားနေသူတွေ ကြီးစိုးတဲ့ ခေတ်ဖြစ်ပြန်တယ်လို့ အနက်ယူကြည့်မိတယ်။

မှတ်ချက်။ ။ပညာရပ်ဆိုင်ရာ ချဉ်းကပ်မှုမဟုတ်ပါ။ ကဗျာဖတ်သူတစ်ယောက်က ကဗျာအတွင်းသားကို ကြိုးစား ရှာဖွေ ထုတ်ယူ ပြီး လိုသလို ချဲ့ကား စိတ်ကူးပုံဖေါ်ကြည့်မှုသာ ဖြစ်ပါကြောင်း။

ရင်မောင်

www.yinmaungyangon.blogspot.com

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.