If everyone cared…

Thant Zin Oo
Jul 20, 2017 · 2 min read

ဖြစ်စဉ် (၁)

၁၉၈၄ ခုနှစ်၊ Ireland နိုင်ငံသား အဆိုတော်၊ သီချင်းရေးဆရာ၊ ဇာတ်ဆောင်၊ နဲ့ နိုင်ငံရေး တက်ကြွသူ Bob Geldof ဟာ Ethiopia နိုင်ငံရဲ့ ငတ်မွတ် ခေါင်းပါးမှုဒဏ် ကို အပြင်းအထန် ခံစားနေရတဲ့ ကလေးငယ်တွေ အကြောင်း ရေးသားထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဖတ်မိပါတယ်။ အဲ့လို ဖတ်မိတယ် ဆိုရင်ပဲ… အရမ်းကို စိတ်ထိခိုက် ခံစားရပြီး သူ့ Phone Book ထဲမှာ ရှိတဲ့ သူ့ရဲ့ အပေါင်းအသင်း အဆိုတော်တွေ အားလုံးကို ဖုန်းဆက် ခေါ်ပြီးတော့ ဒီကလေးတွေအတွက် ဂီတကမ္ဘာက တစ်စုံတစ်ရာ လှုပ်ရှား ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတော့တယ်။

အဆိုတော်ပေါင်း ၃၀ ကျော်ဟာ “Do They Know It’s Christmas?” ဆိုတဲ့ သီချင်းကို ပရဟိတအဖြစ် ဆိုပေးခဲ့ကြပါတယ်။ သီချင်းထွက်ပြီး တစ်ပတ်အတွင်းမှာပဲ UK ရဲ့ အရောင်းရဆုံး အဖြစ် Chart ရဲ့ နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ အခွေ Copy ပေါင်း ၃ သန်းကျော်ရောင်းခဲ့ရပြီး ရောင်းအားအကောင်းဆုံး ခွေတစ်ခွေ အဖြစ် UK ရဲ့ ဂီတသမိုင်းမှာ ၁၃နှစ်ကျော်ကြာအောင် ရပ်တည်နိုင်ခဲ့ပါတယ်။ အလှူငွေ စတာလင်ပေါင် ၈ သန်း ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီငွေပမာဏဟာ မလုံလောက်ဘူးဆိုတာကို Bob Geldof သိလာခဲ့တယ်။ သူလေ့လာခဲ့ရသလောက် Africa နိုင်ငံတွေ ဆင်းရဲတွင်းက မလွတ်နိုင်တာဟာ… အနောက်တိုင်း ဘဏ်တွေက ချေးထားတဲ့ ငွေတွေကို ပြန်မဆပ်နိုင် ဖြစ်နေတာပါ။ ဒါနဲ့ပဲ Bob Geldof တစ်ယောက် နောက်နှစ် နွေဦးမှာ ကမ္ဘာ့အကြီးမားဆုံး တေးဂီတပွဲတော်ကြီးတစ်ခုဖြစ်တဲ့ “Live Aid” ကို ငတ်မွတ်မှု တိုက်ဖျက်ရေးအတွက် စီစဉ်ခဲ့ပြန်ပါတယ်။

ပွဲတော်ကို UK မှာရော US မှာပါ တပြိုင်တည်း တင်ဆက်ခဲ့တာပါ။ BBC ရုပ်သံလွှင့်ဌာနက သူ့ရဲ့ သတင်းတင်ဆက်မှုကို ၁၆ နာရီကြာအောင် ရပ်ဆိုင်းပေးခဲ့ပြီး ဒီတေးဂီတပွဲတော်ကို တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒီဂီတပွဲကြီးမှာ အနုပညာရှင် ၁၀ဝ ကျော် တက်ရောက် ဖျော်ဖြေခဲ့ကြြ့ပီး လူပေါင်း သန်း ၁၅၀ဝ ကြည့်ရှုအားပေးခဲ့ကြတယ်။ တစ်ရက်ထဲနဲ့ အလှူငွေ စတာလင်ပေါင် သန်း ၁၅၀ ရခဲ့တယ်။

ဖြစ်စဉ် (၂)

၁၉၇၆ခုနှစ်၊ မြောက်ပိုင်း Ireland က Receptionist တစ်ဦးဖြစ်တဲ့ ကလေးနှစ်ယောက်ရဲ့ မိခင် Betty Williams ဆိုတဲ့ အမျိုးသမီးဟာ မြောက်ပိုင်း Ireland ရဲ့ အထွေထွေ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ကလေးငယ် ၃ ယောက် သူမရှေ့မှာတင်… ဖိတ်စင်ခဲ့တာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူပါ။

သူမဟာ Shock ဖြစ်ပြီး ဒါတွေကို ဟန့်တားမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ဒီလိုဖြစ်ရပ်တွေကို မလိုလားတဲ့ ဆန္ဒတူ ပြည်သူတွေရဲ့ လက်မှတ်တွေကို လိုက်ပြီး စုဆောင်းပါတော့တယ်။ ၂ ရက်အတွင်းမှာပဲ လက်မှတ်ပေါင်း ၆၀ဝ၀ ကျော် ရရှိခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Ms Williams ဟာ လူတစ်သောင်းလောက်ကို ဦးဆောင်ပြီး ကလေးငယ်တွေရဲ့ အုတ်ဂူတွေဆီကို ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ပါတော့တယ်။ ဒါပေမယ့်… သူတို့ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်မှုကို မလိုလားတဲ့ သူတွေက သူတို့ကို ရှေ့ဆက်မတိုးနိုင်အောင် အတင်းအကြပ် ဖြိုခွင်းခဲ့ပါတယ်။

နောက်တစ်ပတ်ထဲမှာ Ms Williams ဟာ နောက်တကြိမ် လမ်းလျှောက်ချီတက် ဆန္ဒပြဖို့ ထပ်ပြီးဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လူအင်အားဟာ ၃၅၀ဝ၀ အထိ ဖြစ်လာခဲ့ပါတော့တယ်။

ကလေးငယ်တွေရဲ့ ဘဝ လုံခြုံငြိမ်းချမ်းဖို့အတွက် Ms Williams ရဲ့ ဒီလို ရဲဝံ့တဲ့ ဆောင်ရွက်ချက်တွေကြောင့် ၁၉၇၆ ခုနှစ်မှာ ငြိမ်းချမ်းရေး Nobel ဆို ချီးမြှင့် ခံခဲ့ရပါတယ်။

ဖြစ်စဉ် (၃)

၁၉၆၁ ခုနှစ်၊ Portugal နိုင်ငံက ကျောင်းသားနှစ်ယောက်ဟာ “လွတ်မြောက်မှုဆီသို့” ဆိုပြီး သူတို့ရဲ့ ဖန်ခွက်တွေကို Toast လုပ်ကြပါတယ်။ အဲ့ဒီအပြုအမူအတွက် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ (ဒီလိုဖြစ်ခဲ့တာဟာ Portugal အာဏာရှင် António de Oliveira Salazar ရဲ့ လက်ထက်မှာပါ။)

ဗြိတိသျှ နိုင်ငံသား ရှေ့နေ တစ်ယောက်ဖြစ်တဲ့ Peter Benenson ဟာ အဲ့ဒီသတင်းကို ကြားရတဲ့နောက် အရမ်းကို မခံမရပ်နိုင်ဖြစ်ပြီး မတရား ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို စာရေးသား ထောက်ခံပေးကြဖို့ ဗြိတိသျှ သတင်းစာ The Observer မှာ စာတစ်စောင် ရေးသား တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက လူပုဂ္ဂိုလ်ပေါင်း မြောက်မြားစွာဟာ စာရေးသားထောက်ခံ ခဲ့ကြပါတယ်။

စာရေးသားထောက်ခံကြသူတွေရဲ့ တုံ့ပြန်မှုဟာ ကြီးမားပြင်းထန်လွန်းလို့… ကော်မတီဖွဲ့ပြီး သပိတ်တစ်ခုလုံးကို ထိန်းသိမ်းခဲ့ကြရတယ်။ သိပ်မကြာလှတဲ့ အချိန်အတောအတွင်းမှာပဲ ဒီလှုပ်ရှားမှုဟာ ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့ခဲ့တယ်။ အဲ့ဒီလှုပ်ရှားမှုဟာ ဒီနေ့ဆိုရင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International — AI) ဆိုတဲ့ နာမည်နဲ့ လူသိများလာပါတော့တယ်။

ဖြစ်စဉ် (၄)

၁၉၂၀ ပြည့်လွန်နှစ်ပိုင်း၊ လူမျိုးရေးခွဲခြားမှု (လူဖြူ၊လူမည်း) ကြီးမားလွန်းတဲ့ တောင်အာဖရိကနိုင်ငံရဲ့ Nelson Rolihlahla Mandela ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ… သူတို့နိုင်ငံမှာ သာတူညီမျှမှု (လောကပါလတရား) ထွန်းကားလာမဲ့ နေ့တစ်နေ့ကို အမြဲ စိတ်ကူးယဉ် မျှော်လင့်ခဲ့တယ်။

နှစ်ပေါင်းများစွာ အစိုးရကို တော်လှန်ခဲ့ပြီး… နောက်မှာ Nelson Mandela ဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ သာတူညီမျှခြင်းဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်ကတော့ အရောင်ဖျော့ မသွားခဲ့ပါဘူး။

၂၇ နှစ်ကျော် အကျဉ်းကျခံရပြီး ၁၉၉၀ ပြည့်နှစ်မှာ Nelson Mandela ပြန်လွတ်လာခဲ့ပါတယ်။ ပြန်လွတ်လာပြီး နောက်ပိုင်းမှာ Democracy နည်းလမ်းကျ သမ္မတ ရွေးကောက်ပွဲ တစ်ခုကို ဦးဆောင် ခဲ့ပါတယ်။ ပြည်သူပေါင်း ၁၉ သန်းနီးပါး ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြပါတယ်။

Nelson Mandela ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ လူမျိုးရေး ခွဲခြားမှုကို ၄၆ နှစ်ကြာအောင် တရားဝင် ကျူးလွန်ခဲ့တဲ့ အစိုးရတစ်ရပ်ရဲ့ နိဂုံးကို အပြီးသတ် ချုပ်ငြိမ်းပေးခဲ့ပါတော့တယ်။

စိတ်ရောကိုယ်ပါ တက်ကြွနေတဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ လူတစ်စုက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို သံသယ မဖြစ်ပါနဲ့။

တကယ်တော့ အဲ့လို လူတွေကပဲ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ကြတာပါ။

– Margaret Mead — အမေရိကန်နိုင်ငံသူ ယဉ်ကျေးမှု မနုဿဗေဒ ပညာရှင်

*** ဒီပုဂ္ဂိုလ်တွေကို Wikipedia က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများလို့… သုံးနှုန်းပါတယ်။

သူတို့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ Nickelback ဆိုတဲ့ Canadian Rock Band တစ်ခုက If Everyone Cared ဆိုတဲ့ သီချင်းကို စပ်ဆိုခဲ့ပါတယ်။ ဒီသီချင်းလေးကို ကြည့်ပြီး ဒီ Post ကို ရေးဖို့ (မှီငြမ်းဘာသာပြန်ဖို့) စိတ်ကူးရခဲ့ပါတယ်။ ကြည့်ပြီးတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင်လည်း အရမ်း Inspired ဖြစ်လို့… ရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

)

Thant Zin Oo

Written by

A coder and social liberalist who has keen interest in human behavioural studies, political science, philosophy, economics and typography.

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade