What is open source?

Open source ဆိုတာဘာလဲ?

MinSiThu
2 min readSep 24, 2021

Open source ဆိုတဲ့စကားလုံးက လူတိုင်းအတွက်ဖွင့်ပေးထားတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး ကြိုက်သလိုပြုပြင်နိုင်တယ်၊ ပြန်လည်မျှဝေနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

ဒီစကားလုံးက ဆော့ဝဲတည်ဆောက်ရေးဘက်ကနေလာတာဖြစ်ပြီးတော့ ပရိုဂရမ်တွေကိုဘယ်လိုရည်ရွယ်ချက်နဲ့ထားမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကနေပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ open source ဆိုတဲ့စကားလုံးက ဆော့ဝဲတည်ဆောက်တဲ့လောကတခုတည်းမဟုတ်ဘဲ နယ်ပယ်ပေါင်းစုံကိုပျံ့နှံ့ရောက်ရှိနေပါပြီ။

ဒါဆိုရင် open source software ဆိုတာဘာလဲ?

Open source software ဆိုတာ software တခုပါပဲ။ အဲ့ software ရဲ့ source code တွေကိုတော့ လူတိုင်းရယူနိုင်တယ်၊ ပြုပြင်နိုင်တယ်၊ သုံးစွဲနိုင်တယ်၊ အဆင့်မြှင့်နိုင်တယ်၊ ပြန်လည်ဖြန့်ဖြူးနိုင်တယ်ဆိုတဲ့အချက်တွေနဲ့ အဓိပ္ပါယ်သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီနေရာမှာ source code ဆိုတာကိုရှင်းပြပရစေ။ source code ဆိုတာကတော့ software ကို‌တည်ဆောက်ဖို့ ပရိုဂရမ်မာတွေအလုပ်လုပ်ရတဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဒီ source code ကိုရတဲ့ ပရိုဂရမ်မာတွေဟာ software မှာကိုယ်ကြိုက်သလိုစွမ်းရည်အသစ်တွေထပ်တိုးဖန်တီးတာဖြစ်ဖြစ်၊ ကိုယ်မကြိုက်တဲ့အချက်တွေကို ပြုပြင်တာဖြစ်ဖြစ် စိတ်တိုင်းကျဆောင်ရွက်လို့ရပါတယ်။

ဒီနေရာမှာ ပုံမှန် software တော်တော်များများမှာ source code ကို ဖန်တီးတဲ့ပုဂ္ဂိုလ်၊အဖွဲ့အစည်း‌ကုမ္ပဏီတွေက ထိန်းသိမ်းထားတာဖြစ်ပြီးတော့ software ကိုပြုပြင်တာ၊အသစ်ထပ်တိုးဖန်တီးတာကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်၊အဖွဲ့အစည်းကုမ္ပဏီတွေကပဲ လုပ်ဆောင်ကြပါတယ်။ ဒီလို software မျိုးတွေကို closed source လို့ခေါ်ပါတယ်။ ဒီ software ကိုရောင်းချတာ၊ဖြန့်ဖြူးတာနဲ့ ပြုပြင်ပြောင်းလဲတာမှန်သမျှကို ပိုင်ရှင်တွေကပဲ တရားဝင်ပိုင်ဆိုင်ပါတယ်။ ဥပမာ။ Microsoft office, Adobe Photoshop တို့လို software တွေပဲဖြစ်ပါတယ်။

Open Source Software တွေမှာတော့ ရေးသားဖန်တီးသူ‌တွေက source code ကို လူတိုင်းစိတ်တိုင်းကျဖန်တီးနိုင်အောင်၊ပြုပြင်နိုင်အောင်၊သုံးစွဲနိုင်အောင် ခွင့်ပြုထားပါတယ်။ Libre Office, GIMP တို့လို software တွေက ဒီလိုမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို open source software တွေမှာလည်း သက်ဆိုင်ရာလိုင်စင်နဲ့ထိန်းချုပ်ပြဌာန်းထားပြီးတော့ အဲ့ဒီလိုင်စင်အတိုင်းပဲ သုံးစွဲသူ၊ပြုပြင်သူတွေကလိုက်နာရတာဖြစ်ပါတယ်။ MIT, GNU, Apache တို့လို လိုင်စင်တွေက နာမည်ကြီးပါတယ်။ ဒီလိုင်စင်တွေမှာလည်း သူ့ဟာနဲ့သူလိုက်နာစရာတွေသီးသန့်ရှိပါတယ်။ ဥပမာ။ လိုင်စင်တခုက ပြုပြင်ပြီးသား software တခုကို ပြန်လည်ရောင်းချခွင့်ပေးပေမဲ့ လိုင်စင်တခုကတော့ ပြုပြင်ပြီးသား software ကိုလည်း မူရင်းလိုင်စင်အတိုင်းဆက်လက်ထားရှိရမယ်လို့ သတ်မှတ်ထားနိုင်ပါတယ်။

ဒီတော့ open source software ကို ပိုက်ဆံလည်းမရဘဲ ဘာလို့ရေးကြတာလဲ။?

နိုး။ open source ဆိုတာ အခမဲ့တခုတည်းဆိုတဲ့အဓိပ္ပါယ်ထက်အများကြီးပိုပါတယ်။ တကယ်တော့ open source software တွေကနေ ပရိုဂရမ်မာတွေက ပိုက်ဆံရှာလို့ရပါတယ်။ software ကအလကားဖြစ်နေပေမဲ့ software သွင်းနည်း၊ အသုံးပြုနည်းနဲ့ ပြဿနာတွေကိုဖြေရှင်းပေးတာတွေကနေ ပိုက်ဆံပြန်ရှာလို့ရပါတယ်။ open source software ဆိုပေမဲ့ ဖန်တီးရေးသားနိုင်တဲ့ကျွမ်းကျင်မှုကတော့ အာပလာမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့ ကုမ္ပဏီတွေက open source software တွေဖန်တီးတဲ့ ပရိုဂရမ်မာမျိုးကိုပိုပြီး လိုက်ရှာကြတာများပါတယ်။ တကယ်တော့ open source software ဆိုတာ မြန်မာပြည်က end level user ပိုင်းမှာသာ အသိနည်းတာဖြစ်ပြီး တကမ္ဘာလုံးအရေအတွက်နဲ့ဆို open source တွေသုံးတာမှအများကြီးပဲဖြစ်ပါတယ်။ ဥပမာဆိုရရင် programmer တွေသုံးနေတဲ့ programming language တွေ၊ operating system တွေ၊ server တွေ ဒါတွေအကုန်လုံးနီးပါးမှာ open source တွေချည်းပဲ နေရာယူထားတာဖြစ်ပါတယ်။

ဒါဆို open source software က ပရိုဂရမ်မာတွေအတွက်ပဲ အရေးပါတာပေါ့?

တကယ်တော့ ကျွန်တော်တို့ internet စနစ်ကြီးတခုလုံးကိုက Linux Operating System နဲ့ Open Source Web Server တွေအပေါ်မှာအများကြီးအခြေခံပြီး ‌တဖြည်းဖြည်းပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးတခုလုံးကလည်း open source တွေသာ မရှိရင် အခုလောက်မြန်မြန်ဆန်ဆန်ဖြစ်လာမှာမဟုတ်ပါဘူး။ Computer ကိုဝယ်ရင် Hardware စက်တွေဝယ်ရတယ်။ Window Operating System ကိုဝယ်ရတယ်။ ထပ်သုံးမယ့် Game နဲ့ Software တွေထပ်ဝယ်ရတယ်။ open source သာမရှိခဲ့ရင် လက်ရှိဈေးတွေနဲ့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ programmer တွေလည်း programming language တခုကို ပိုက်ဆံပေးပြီးဝယ်သုံးရတော့မှာမို့လို့ပါ။ Java,C++,PHP စတာတွေကို ပိုက်ဆံပေးပြီးမှ ဝယ်သုံးရမယ်ဆိုရင် ထုတ်လုပ်စရိတ်ကလည်းတက်သွားပြီး လူ့စွမ်းအားတန်ဖိုးကလည်းတက်သွားမှာပါ။ ဒီလိုသာဆိုရင် software တွေကလည်း တန်ဖိုးတက်သွားပြီး အခုလိုမျိုးလျင်လျင်မြန်မြန်တိုးတက်တဲ့အခြေအနေရောက်ဖို့ အတော်ခဲယဉ်သွားမှာပါ။

ဆိုတော့ software လောကအပြင်ဘာတွေရှိသေးလဲ?

Open hardware တွေ၊ Open data တွေနဲ့ Open Content တွေအပြင် အခြားနယ်ပယ်မှာ open source အနေနဲ့တိုးတက်လာတာတွေရှိပါတယ်။ Open Source ဟာ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့လူတိုင်းလက်လှမ်းမှီခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုတဖြည်းဖြည်းနဲ့ဖော်ဆောင်လာပါပြီ။ လူတိုင်းပါဝင်ဖန်တီးခွင့်ရှိလာပါတယ်။

ကျွန်တော်တော့တွေးမိပါတယ်။ တရားဥပဒေတွေဟာလည်း open source ဖြစ်သင့်ပါတယ်။ လွှတ်တော်အမတ်တွေရွေးချယ်မယ့်အစား လူတိုင်း၊စိတ်ပါသူတိုင်း ပါဝင်ဖန်တီးခွင့်ရပြီး အဲ့ဥ‌ပဒေကိုပဲ ရွေးချယ်တင်မြောက်တာက ပိုပြီးပွင့်လင်းမြင်သာမယ်လို့ထင်ပါတယ်။

Open Law တွေဖြစ်လာမယ့်လောကကြီးလို့ပဲ ကျွန်တော်ကတော့မြင်ပါတယ်။

References

https://opensource.com/resources/what-open-source

--

--