နောက်ဆုံး ကိုးကွယ်ရာ
၁၉၉၇ ခုနှစ်မှာ IBM ကတီထွင်လိုက်တဲ့ Deep Blue ကွန်ပျူတာနဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဂယ်ရီကက်စပါရော့တို့ စစ်တုရင် ယှဉ်ထိုးကြတယ်။ ကွန်ပျူတာ နိုင်သွားတယ်။ ကွန်ပျူတာသမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့တယ်လို့ ပြောရမယ်။ နည်းပညာ ၊ ဉာဏ်ပညာနဲ့ လူသားတွေရဲ့ အရည်အတွေးတွေအပေါ် မြင်ခဲ့တဲ့အမြင်တွေ ပြောင်းလဲသွားစေခဲ့တယ်။ ကွန်ပျူတာနဲ့ ယှဉ်ကစားမှတော့ ရှုံးမှာပေါ့ဆိုပြီးတော့တောင် တွေးမိကြမယ်။
ကွန်ပျူတာပေါ်ကာစ အချိန်တည်းက AI ကို စမ်းသပ်တဲ့နေရာမှာ စစ်တုရင်ကစားခိုင်းပြီး စမ်းသပ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ အက်တမ်တွေထက် စစ်တုရင်ခုံပေါ်မှာရှိတဲ့ ဖြစ်နိုင်တဲ့ ရွေ့ကွက်တွေက ပိုများတယ်ဆိုပဲ။ ပထမ သုံးလေးကွက် ရွေ့ပြီးတဲ့အချိန်မှာတင် ဆက်ကစားလို့ရတဲ့ အကွက်ပေါင်း သန်းပေါင်း ရာနဲ့ချီရှိနေပြီ။
စစ်တုရင်ကစားတဲ့နေရာမှာ ကွန်ပျူတာတစ်လုံးက လူတစ်ယောက်နဲ့ လက်ရည်တူကစားနိုင်ဖို့အတွက် ဖြစ်နိုင်ခြေတွေ အများကြီးတွက်ချက်နိုင်စွမ်းရှိရမယ်။ ဒါ့အပြင် တွက်ချက်လို့ရလာတဲ့ ကစားကွက်တွေထဲကနေ အကောင်းဆုံးကစားကွက်ကို ရွေးနိုင်ဖို့လည်း ပြဿနာဖြေရှင်းတဲ့ Algorithm ကောင်းကောင်းရှိဖို့လိုတယ်။ ပိုသာတဲ့အကွက်တွေကို ဆက်တိုက်တွက်နိုင်ရမယ်။ ဒါ့အပြင် program ကလည်း အကောင်းဆုံးရွေ့ကွက်တွေကို ရွေးနိုင်ဖို့လိုသေးတယ်။
ဒီနေ့မှာတော့ လူနဲ့ ကွန်ပျူတာ စစ်တုရင်မှာ အရမ်းကို ကွာဟသွားပြီ။ စစ်တုရင် Software တွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ program တစ်ခုရှိတယ်။ program အမည်က Stockfishပါ။ ၂၀၁၄ လောက်ကစပြီး ကျင်းပလာတဲ့ ကွန်ပျူတာစစ်တုရင် ပြိုင်ပွဲတွေ အားလုံးနီးပါးမှာ Stockfish က ပထမ၊ ဒုတိယ အမြဲရတယ်။ စစ်တုရင် ကစားကွက်တွေ တွက်ချက်နိုင်ရုံတင်မကဘူး၊ ဘယ်လိုကစားကွက်တွေက ပိုကောင်းပြီး ဘယ်အကွက်တွေကတော့ မှားနေတယ်ဆိုတာကိုပါ ထောက်ပြပေးနိုင်သေးတယ်။
၂၀၁၈ လောက်ထိ Stockfish ကို ယှဉ်နိုင်တဲ့ software မရှိသေးဘူး။ အဲဒီမှာ ကွန်ပျူတာစစ်တုရင်လောကထဲကို Google ရောက်ချလာရော။
Google က AlphaZero လို့ခေါ်တဲ့ program တစ်ခုကို တီထွင်လိုက်တယ်။ AlphaZero ရဲ့ တွက်ချက်နိုင်စွမ်းက တစ်စက္ကန့်ကို အကွက်ရှစ်သောင်းပဲရှိတယ်။ Stockfish က တစ်စက္ကန့်ကို အကွက်ပေါင်း သန်း ၇၀ တွက်နိုင်တယ်။
နောက်ပြီး ထူးဆန်းတာတစ်ခုက AlphaZero နဲ့ Stockfish တွေ့ကြတဲ့နေ့မှာ AlphaZero က စစ်တုရင် မကစားတတ်သေးဘူး။ အဲ့နေ့မှာမှ AlphaZero က စစ်တုရင်စသင်တာ။ အစမ်းထိုးကျင့်တယ်။ တစ်ပွဲပြီးတစ်ပွဲ ကစားနေရင်း ကစားနည်းကို လေ့လာတယ်။ အမှားတွေကို ပြန်သုံးသပ်ပြီး နည်းဗျူဟာ အသစ်တွေ လေ့လာတယ်။ လူတွေလိုပဲပေါ့။
စစ်တုရင်ကစားနည်းကို ကိုးနာရီလောက်အတွင်း တတ်အောင်သင်တယ်။ ကမ္ဘာ့အကောင်းဆုံးလို့ ပြောလို့ရတဲ့ Stockfish ကို ပွဲ 100% နိုင်တယ်။
AI ဆိုတာကိုလျှော့တွက်လို့ မရတော့ဘူး။ တစ်ခြားနေရာတွေမှာ AI ကို အစားထိုးလာနိုင်ပြီဆိုတော့ လူသားတွေ အလုပ်လက်မဲ့တောင်ဖြစ်သွားနိုင်တယ်။ နမိုးနီးယားရောဂါ ရှာဖွေတဲ့နေရာမှာ AI က လူသားဆရာဝန်တွေထက် ပိုပြီးမြန်ဆန်နေပြီ။ ဟယ်ရီပေါ်တာ ဝတ္ထုရဲ့ နောက်ဆက်တွဲကိုတောင် သူ့ဘာသာထွင်ပြီးရေးတတ်နေပြီ။
ဒါတွေက အစပဲရှိသေးတယ်ဆိုပဲ။ ကျနော်တို့ဖန်တီးနေတဲ့ software တွေထက် ပိုကောင်းတဲ့ software တွေကို AI ကရေးလာနိုင်ပြီဆိုရင် ဘာဆက်ဖြစ်မလဲ………
#A BOOK ABOUT HOPE
