ဆက်လျှောက်

ယခု ကျွန်တော့်လက်ရှိအလုပ်က Mobile Developer ( ဖုန်း Application ရေးရတဲ့) အလုပ်ပေါ့။ ကျွန်တော် ငယ်ငယ်ထဲကနေ ဆယ်တန်းအောင်တဲ့ အထိ Developer လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။Programmar ဆိုတာ ဘာမှန်းလဲမသိခဲ့ပါဘူး။ အဲ့တော့ ကျွန်တော့်ရည်ရွယ်ချက်ကဘာလဲ? မင်းရည်ရွယ်ချက်ကဘာလဲ? လူတိုင်းအမေးခံရသလို လူတိုင်းလဲဖြေဖူးမယ်ထင်ပါသည်။ တစ်ချို့ အများစု ဖြေဖူးကြတဲ့ အတိုင်း ကျွန်တော်ဖြေဖူးခဲ့သည်။ ကျွန်တော့်အိမ်နားကလူကြီးတွေမေးတဲ့ အခါ အင်ဂျင်နီယာလို့ဖြေခဲ့ဖူးတာရှိသလို ကျောင်းက စာစီစာကုန်းမှာ ကျွန်တော့ရည်မှန်းချက်က ဆရာ၀န် ပါလို့ဖြေခဲ့ဖူးပါသည်။ ဆရာ၀န် ၊ အင်ဂျင်နီယာ ဆိုမှသာ လူအထင်ကြီးကြလို့ ကျွန်တော်ဆရာ၀န်ဖြစ်ချင်တယ် အင်ဂျင်နီယာဖြစ်ချင်တယ် ဆိုတာပဲရှိခဲ့ပါသည်။ ကျွန်တော် တကယ်လုပ်ချင်လား ဆိုရင် ‘No’ ပါ။ လူအထင်ကြီးခံရယုံမျှသာဖြေခဲ့မိသည်။ နောက် အရေးကြီးဆုံးတစ်ချက်ကိုလဲ မေ့ထားမိသည်။ ဘာလဲဆိုတော့ ကျွန်တော့်ရည်ရွယ်ချက်က ဘာလဲဆိုတာ ကို ကျွန်တော် မသိတော့ခြင်းဖြစ်သည်။ သို့မဟုတ် ကျွန်တော့်ရည်ရွယ်ချက်က လူအထင်မကြီးလောက်သဖြင့် ပြောရမှာ ရှက်နေတာလဲဖြစ်နိုင်သည်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်မှာ ရည်ရွယ်ချက်မယ်မယ်ရရ မရှိဘဲ အထက်တန်းအောင်ခဲ့သည်။ ရည်ရွယ်ချက်မရှိခဲ့လို့ ဘယ်ထိရောက်အောင်ကြိုးစားမယ်ဆိုတာမရှိခဲ့လို့ ဆယ်တန်းကို အမှတ်နည်းနည်းနဲ့ မျက်နှာငယ်စွာအောင်ခဲ့ရပါသည်။ အမှတ်မကောင်းခဲ့လို့ ရွေးချယ်စရာတက္ကသိုလ် များများစားစားမရှိခဲ့ပါဘူး။ ကိုယ်က ရွေးချယ်ခွင့်မရှိတဲ့အနေအထားမှာ ကိုယ့်ကိုရွေးချယ်ခံခဲ့ရပါသည်။ တက္ကသိုလ်၀င်ခွင့်ကျလာခဲ့တဲ့ အချိန်မှာ ကွန်ပျူတာ တက္ကသိုလ် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ တက္ကသိုလ်တက်နေတဲ့ အချိန်မှာ ကျွန်တော့် ဘာကို၀ါသနာပါလဲဆိုတာကို သိလာခဲ့ရသည်။ ငယ်ငယ်ထဲက ကျွန်တော် ကစားခဲ့သည်များမှာ ရေပုံးများကို Drum လုပ်တီးခဲ့သည်။ သီချင်းဆိုခဲ့သည်။ ကျွန်တော့် အကို ဆယ်တန်းအောင်တော့ အိမ်က ဂစ်တာ၀ယ်ပေးခဲ့သည် ။ သူကတော့ မတီးဖြစ်ခဲ့ပေမယ့် ကျွန်တော်ကတော့ ယူ ကစား ဖြစ်သည်။ ထိုစဥ်ထဲက ကျွန်တော်ဂီတကို ၀ါသနာပါခဲ့လားဆိုတာတော့ သေချာမသိပါ။ သို့သော် ကျွန်တော့် တက္ကသိုလ်ကျောင်းသားဘ၀မှာတော့ သေချာခဲ့သည်။ ကျွန်တော် သီချင်းဆိုချင်တယ် ဂစ်တာတီးချင်တယ်။ ကျွန်တော် အရမ်း ၀ါသနာပါခဲ့သည်။ သင်ယူတတ်မြောက်ချင်ခဲ့သည်။ ရတဲ့ နေရာမှာ ရသလို သင်သည် ။ သို့သော် ထင်သလောက်ခရီးမရောက်ခဲ့ပါ ။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိရောက်နေတဲ့ အခြေအနေကြောင့်ပါ။ ဘ၀ကို အာမခံချက်ပေးနိုင်တဲ့ ပိုက်ဆံရှာလို့ရနိုင်မယ့် အနေအထားကို မေ့ပြစ်ထားလို့မရခဲ့ပါ။တက္ကသိုလ်မှာ စာမေးပွဲအောင်ဖို့က ပိုအရေးကြီးခဲ့သည်။ အခြေခံလူတန်းစားဖြစ်တဲ့ ကျွန်တော့်အတွက် အိပ်မက်က အလျော်အစားကြီးလွန်းခဲ့သည်။ ကျွန်တော့် ၀ါသနာကို ငယ်ငယ်တုန်းက မသိခဲ့လို့ အကောင်ထည်ဖော်ခွင့်မရခဲ့ပါ။ တက္ကသိုလ်တက်နေတဲ့ အချိန်မှာ လဲ ရူးမိုက်ခွင့်မရှိခဲ့ပါ။ ကျောင်းပြီးလို့ အလုပ်ရတော့ Android Developer ။ ၀ါသနာမပါတဲ့ အလုပ်မို့ အဆင်မြေပမှုတွေကြုံတိုင်း ပင်ပန်းရပါသည်။ အဲ့အချိန်တိုင်း ၀ါသနာပါသည့်အလုပ်ကိုသာ လုပ်ခဲ့မိမယ်ဆိုရင် ဆိုတဲ့အတွေး၀င်မိပါသည်။ ၀ါသနာပါရာ အလုပ်ကိုလုပ်ချင်မိပါသည်။ ဒါပေမယ့် ခုလုပ်နေတဲ့ အလုပ်ကိုပဲ ပိုတိုးတက်အောင်လုပ်နေရသည် ။ဒါမျိုးကြုံနေရသည်မှာ ကျွန်တော်တစ်ယောက်ထဲတော့ဟုတ်မည်မထင်။ပိုက်ဆံကြောင့် ၊အမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့် ကိုယ့်အိပ်မက်ကို မေ့ထားပီး ရေကြည်ရာမြက်နုရာရှာနေကြသူများ အများကြီးရှိမည်ထင်ပါသည်။ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ အင်္ကျီ၀ယ်သွားတော့ စျေးအသင့်အတင့်ရှိတဲ့ အင်္ကျီ ကောင်းကောင်း တစ်ထည် တွေ့သည်။မ၀ယ်ဖြစ်ခဲ့ကြပါ။ သူ့ကို ၀ယ်ခိုင်းတော့ သူပြောတဲ့စကားမှတ်မိသေးသည်။
“ဆန္ဒကို ရိက္ခာနဲ့ထိန်းရမယ်” တဲ့။
ကျွန်တော်တို့ဟာ ပိုက်ဆံဆိုတဲ့အရာတစ်ခုအတွက်နဲ့ ၀ါသနာတွေ ၊ ပျော်ရွင်မှုတွေ ကို စတေးခဲ့ကြရသည်။ကျွန်တော်တို့သည် မမြင်ရတဲ့ အနာဂါတ်မျှော်မှန်းပီး လျှောက်နေကြရသည်။ နီးလား ေ၀းလားမသိ။ကျွန်တော်လဲ လျှောက်နေသည် နှေးနှေးလျှောက်သည့် အခါရှိသလို မြန်သည့်အခါလဲရှိသည်။
"သို့သော် ကျွန်တော် လျှောက်နေသည့်လမ်းမှာ ပျော်ရွှင်စိတ်ချမ်းသာမှုတွေနဲ့ ေ၀းရာသို့ဖြစ်နေသည်"
