Painful journey throughout the App Development

In Myanmar Version

ကျွန်တော်တို့ Programmer အကုန်လုံးနီးပါး ကြုံဘူးကြပါတယ်။ အဲဒါဘာလဲဆိုတော့ ခေါင်းထဲမှာ လျှက်စီးလျှက်သလို App Idea တစ်ခုခု ရသွားတတ်ကြတာပါ။ Facebook တည်ထောင်သူ Mark Zuckerberg တို့၊ Instragram တည်ထောင်သူ Systrom တို့လည်း ဒီလိုဘဲ ရုတ်တရက်ဆိုသလို Idea ရသွားရင်း နာမည်ကြီး App တွေ ရေးသားနိုင်ခဲ့ကြတာပါ။

ကျွန်တော်လည်း ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက သူုငယ်ချင်းဟောင်းတစ်ယောက်နဲ့ ဖုန်းပြောနေရင်း App Idea တစ်ခု ရလာပါတယ်။ Social Voting App လေးတစ်ခု ရေးဖို့ Idea ရသွားတာပါ။ ခရီးသွားဖို့ နေရာရွေးတာတို့၊ တွေ့ဆုံပွဲတစ်ခုရှိလို့ စားသောက်ဆိုင်ရွေးတာတို့၊ Activity တစ်ခုခု လုပ်ဖို့ရွေးချယ်တာတို့ စတာမျိုးတွေမှာ သုံးလို့ရမယ့် App မျိုးပါ။

Idea စ ရတော့ ထည့်ချင်တဲ့ Features တွေ၊ လုပ်ချင်တဲ့ ပုံစံတွေက အစုံအလင်ပေါ့။ ခေါင်းထဲမှာတင် တွေးလိုက်တာ အတော်လေး ပျော်ဖို့ကောင်းပါတယ်။ Client side ဖက်မှာ ဘာ Framework သုံးမယ်၊ Server side ဖက်မှာတော့ ဘယ်လိုလုပ်မယ်နဲ့ Plan တွေချတာပေါ့ဗျာ။ ဒါပေမယ့် Development လည်းစလုပ်ရော ပြသနာပေါင်း သောင်းခြောက်ထောင် စကြုံရပါတော့တယ်။ တစ်ခုပြီးတစ်ခု မရိုးအောင် မျိုးစုံပြသနာတွေ တက်တာပါ။ ကျွန်တော် လျှောက်ခဲ့တဲ့ Development လမ်းကြောင်းတစ်လျှောက်ကြုံခဲ့ရတဲ့ အခက်အခဲတွေကို အစဉ်အလိုက် ဖြေရှင်းချက်နဲ့တကွ တစ်ချက်ချင်း ပြန်လည် သုံးသပ်ထားတာပါ။

၁. လေ့လာထားတာနဲ့ တကယ့်ကြုံရတဲ့ပြဿ နာ ကွာခြားခြင်း

ဒီ App စရေးတော့မယ်ဆိုတော့ လိုအပ်မယ့် နည်းပညာတွေကို ကျွန်တော် ၁လ လောက်နီးပါး အချိန်ယူပြီး ပြန်လေ့လာပါတယ်။ Video Tutorial တွေ၊ Programming books တွေ၊ Sample projects တွေ အများကြီးလေ့လာလေ့ကျင့်ဖြစ်ပါတယ်။ ဒါပေ့မယ့် တစ်ကယ့်လက်တွေ့မှာတက်တဲ့ ပြသနာတွေက Tutorials တွေထဲမှာ ထည့်မပြောထားပါဘူး။ Sample projects တွေကလည်း sample ပြထားတဲ့သဘောလောက်ပါဘဲ။

ကျွန်တော်ကတော့ Stackoverflow ကို အတော်လေး အားကိုးခဲ့ပါတယ်။ ကိုယ်တိုင်မေးခွန်းတွေမေးတယ်၊ သူများမေးခွန်း (သို့) အဖြေတွေအောက်မှာ @ sign နဲ့ ကိုယ် Notify လုပ်ချင်တဲ့ Developer နာမည်ကို ခေါ်ပြီး Comment တွေပေးပါတယ်။ အဲလိုနဲ့ဘဲ ပြသနာတွေရဲ့ အဖြေကို ရှာခဲ့ပါတယ်။

၂. Code များ ရှုပ်ပွလာခြင်း

Code တွေကို Neat and Tidy ရေးဖို့၊ Readable ဖြစ်အောင်ရေးဖို့ လူတိုင်းလွယ်လွယ်ကူကူ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ပုံမှန် Todo App တို့၊ Calendar တို့လောက်ကတော့ Code အကြောင်းရေက နည်းတော့ Neat and Tidy ရေးဖို့ လွယ်ပါတယ်။ ဒါပေမယ့် Features စုံ၊ အကြောင်းအရာရှုပ်ထွေးတဲ့ App မျိုးဆိုရင် Code တွေကများလာပြီး ထိန်းရသိမ်းရ ခက်လာတတ်ပါတယ်။

Solid Principle တို့၊ Separation of Concern Principle တို့ သုံးလေကွာလို့လည်း ပြောတတ်ကြပါသေးတယ်။ အဲဒီ Principles တွေကလည်း ဖတ်လို့တာအရမ်းကောင်းတာ၊ နေရာတကျမသုံးတတ်ရင် နှစ်ဆပိုရှုပ်သွားစေနိုင်ပါတယ်။

၃. Idea များခလုတ်တိုက်ခြင်း

Facebook မှာ Like button ထည့်ရင် Dislike button ရော မထည့်သင့်ဘူးဆိုတာမျိုး ပြဿနာတွေပါ။ ဒီအချက်ဟာ နည်းပညာကျွမ်းကျင်မှု အားနည်းတာနဲ့လည်း မဆိုင်ပါဘူး။ Application တစ်ခု develop လုပ်တယ်ဆိုတာ အစကတည်းက ဘက်ပေါင်းစုံအကုန်လုံး ထောင့်စီအောင် စဉ်းစားထားဖို့ဆိုတာ မလွယ်ပါဘူး။

App အကြောင်းရော၊ နည်းပညာအကြောင်းရော Develop လုပ်ရင်းနဲ့မှ ပိုသိလာတာပါ။ ဒါပေမယ့် တစ်ချို့အကြောင်းအရာတွေက အတော်လေးရေးပြီးနေလို့ အခုမှ ပြန်ပြင်ဖို့ မလွယ်တော့ပါဘူး။ “ဟာ… ငါအစကတည်းက ဒီလိုရေးလိုက်ရမှာကွာ” ဆိုတဲ့ ခံစားမှုမျိုးဖြစ်လာနိုင်ပါတယ်။

အဲလိုမျိုး အခြေအနေနဲ့ ကြုံလာရရင် ဖြစ်နိုင်ရင် ပြန်ပြင်ပါ။ မဖြစ်နိုင်တော့ရင် ဒီအတိုင်းဘဲ ထားလိုက်ပါ။ နောက် Version တွေကျမှ အဲဒီလိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပါ။ Version နံပါတ်တွေဆိုတာ အလကားနေရင်း ပေါ်လာတာ မဟုတ်ပါဘူး။ ဒီနေရာမှာ အသုံးချဖို့ပါ။

၎. ကိုယ်ကြောင့်မဟုတ်ဘဲ ဖြစ်တဲ့ ခက်ခဲမှုတွေ

ဥပမာ. Android App Development မှာ မြန်မာစာမှန်မှန်ကန်ကန်မြင်ရဖို့အတွက် Zawgyi နဲ့ Unicode ပြသနာတက်သလိုမျိုးပါ။ ကျွန်တော့်ရဲ့ ပြသနာကတော့ Facebook OpenGraph Api ပါ။ Permissions တွေ အများကြီးပိတ်ထားပြီးတော့ သူ့ဆီမှာ Ads ထည့်တဲ့ App တွေကိုဘဲ Special Permissions တွေ ဖွင့်ပေးထားတာပါ။ ဘာမှမတတ်နိုင်ပါဘူး။ ဒေါသတွေထွက်ပြီး မကြာသင့်ဘဲ အချိန်တွေကလည်း ထပ်ကြာသွားနိုင်ပါတယ်။

အဲလို အခက်အခဲမျိုးနဲ့ကြုံလာရင် ဒါဟာ ကိုယ်တစ်ယောက်တည်း တွေ့ကြုံနေရမဟုတ်ဘူး၊ တခြားလူအများလည်း ဒီလိုဘဲ ကြုံနေရတယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်။ သူတို့ရော ဘယ်လိုဖြေရှင်းလဲ လိုက်လံဆွေးနွေးကြည့်ပါ။

၅. အချိန်ကြာလာတာနဲ့အမျှ စိတ်တိုင်းကျမှုများ လျှော့နည်းလာခြင်း

တစ်ပတ်၊ နှစ်ပတ်လောက်နဲ့ App ကိုအပြီးရေးနိုင်ရင်တော့ ဒီပြဿ နာ မရှိလောက်ပါဘူး။ ဒါပေမယ့် တစ်လကျော်လောက်ကြာလာတာနဲ့အမျှ စိတ်တိုင်းမကျတဲ့ ခံစားချက်မျိုး ရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ App Design ကိုဘဲ နေ့တိုင်းမြင်နေရတယ်၊ ဒီ ပုံစံတစ်မျိုးတည်းသော Functions တွေ၊ Button တွေနဲ့ဘဲ ထိတွေ့နေရတဲ့အခါ ရိုးအီလာတတ်ပါတယ်။

အဲလိုအခါမျိုးမှာ ယုံကြည်ရတဲ့သူငယ်ချင်းအချို့ကို ကိုယ်ရဲ့ App ကို ပြကြည့်ပါ။ သူ့တို့ဆီက မကောင်းတာလည်းကြားရမယ်၊ ကောင်းတာလည်းကြားရမယ်။ အဲဒီအခါ စိတ်က တဖန်ပြန်လည် နိုးကြားလာစေပါတယ်။

ဒါကတော့ ကျွန်တော်ကြုံခဲ့ရတဲ့ အခက်အခဲတွေပါ။ ကျွန်တော်ရဲ့ အားနည်းချက်တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ အဆုံးသတ်ချင်ပါတယ်။

ကလေးလေး တစ်ယောက်က သူအရွယ်ရောက်လာရင် စစ်သားလုပ်မယ်လို့ ကြွေးကြော်တယ်။ အဲဒါနဲ့ သူ့ဦးလေးက မင်းစစ်သားလုပ်ရင် အသတ်ခံရမှာပေါ့လို့ စနောက်လိုက်ပါတယ်။
ကလေးက သူ့ဦးလေးကို “ဘယ်သူက လာသတ်မှာလဲ” လို့ ပြန်မေးတယ်။ ဦးလေးကလည်း “ရန်သူတွေက လာသတ်မှာပေါ့” လို့ အလွယ်တကူ ဖြေလိုက်ပါတယ်။
အဲမှာ ကလေးက “ဒါဆို ကျွန်တော် ရန်သူဘဲ လုပ်တော့မယ်” လို့ ပြန်ဖြေလိုက်ပါတယ်။

ရန်သူဘဲလုပ်လုပ်၊ စစ်သားဘဲလုပ်လုပ် စိန်ခေါ်မှုတွေကတော့ ကြုံမှာပါဘဲ။ ပုံပြင်ထဲက ကလေးလိုမျိုး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတာနဲ့ဘဲ ကိုယ့်ရဲ့နဂိုမူလ ပန်းတိုင်ကို မပြောင်းလဲလိုက်ပါနဲ့။ အရေးကြီးတာကတော့ ဇွဲမလျှော့ဖို့ပါဘဲ။ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးမွေးထားရင် သေချာပေါက် လုပ်နိုင်ပါလိမ့်မယ်။