Why I Chose to Attend My Master Degree at SIT (ကျွန်တော် ဘာ့ကြောင့် SIT မှာ ကျောင်းတက်ဖို့ ရွေးချယ်ခဲ့သလဲ

Values of SIT Graduate Institute

အမေရိကန်နိုင်ငံမှာ ကျောင်းတက်ဖို့ ဆုံးဖြတ်တဲ့အခါမှာ SIT Graduade Institute ကျောင်းတစ်ခုထဲကိုပဲ ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ တခြားသူတွေနဲ့ တွေ့တဲ့အခါ၊ မိတ်ဆက်တဲ့အခါမှာ များသောအားဖြင့် SIT (School for International Training) ကို မသိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းကို နာမည်ကြီးတဲ့ လူတိုင်းနီးပါးတက်ချင်တဲ့ Harvard တို့ Yale တို့ စတဲ့ တက္ကသိုလ်တွေလို မဟုတ်လို့ပါပဲ။ ဒါပေမဲ့ SIT ဟာ နိုင်ငံပေါင်း မြောက်များစွာက ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ အများအပြားကို နှစ်ပေါင်း (၄၀) ကျော်ကြာ မွေးထုတ်ပေးနေတဲ့ reputation အရမ်းကောင်းတဲ့ တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ကျောင်းသားဟောင်းကွန်ရက်က တော်တော်ကြီးပါတယ်။ ကွန်ဖရင့်တို့ ဘာတို့ သွားတက်ရင် SIT alumni တွေ မကြာခဏတွေ့ရတယ်လို့ ပြောကြပါတယ်။ ပြီးတော့ သင်ကြားတဲ့ ဘာသာရပ်လဲ သိပ်မများတော့ ကျောင်းသားတွေရဲ့လိုအပ်ချက်ကို ထိရောက်ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်တာကလဲ SIT ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ SIT ကိုရွေးချယ်ရတဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ အောက်ပါ အချက်အလက်တွေကြောင့်လို့ အဓိကပြောလို့ရပါတယ်။

SIT နဲ့ ကျွန်တော့်ရဲ့ ဆက်နွယ်မှု

ကျွန်တော် SIT နဲ့ စတင်ထိတွေ့ရတာက ဟိုးလွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဖြစ်ပါတယ်။ အမေရိကန်စင်တာမှာ ကျွန်တော် အင်္ဂလိပ်စာသင်တန်းတွေ တက်ပြီးတဲ့အချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ World Learning ကနေပြီးတော့ အင်္ဂလိပ်စာဆရာဖြစ် သင်တန်းတစ်ခုကို အမေရိကန်စင်တာမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ QuiLT (Qualification in Language Teaching) လို့ခေါ်ပါတယ်။ SIT ရဲ့ Certificate Course တစ်ခုဖြစ်ပါတယ်။ သင်တန်းကို ကောင်းမွန်စွာ တက်ရောက်ခွင့်မရခဲ့တဲ့ ကျွန်တော်တို့အတွက် QuiLT ဟာ အရမ်းကို ကောင်းမွန်ပြီး၊ ပိုမိုထိရောက်တဲ့ အင်္ဂလိပ်စာ ဆရာကောင်းတစ်ယောက်ဖြစ်အောင် သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သင်ကြားပေးတဲ့ ဆရာကလဲ အရမ်းကောင်းတော့ အဲ့ဆရာတက်ခဲ့တဲ့ ကျောင်းဆိုရင် ဘယ်လောက်တောင် ကောင်းမလဲဆိုတာ စိတ်ထဲမှာ အမြဲ စဉ်းစားနေခဲ့မိတယ်။ QuiLT သင်တန်းတက်ပြီးတာနဲ့ အဲ့ဒီသင်တန်းကို စီစဉ်တဲ့ ဆရာကပဲ အခြား ဆရာနှစ်ယောက်နဲ့ ပေါင်းပြီး ဖွင့်တဲ့ Training of Trainers (TOT) သင်တန်းကို ကံကောင်းစွာပဲ ထပ်မံတက်ခွင့်ရခဲ့ပါတယ်။ ဒီသင်တန်းနှစ်ခုဟာ ကျွန်တော့်ဘ၀ကို Personally ပုဂ္ဂိုလ်ရေးအရကော Professionally အရပါ ပြောင်းလဲပေးခဲ့တဲ့ သင်တန်းတွေ ဖြစ်ပါတယ်။ TOT ရဲ့ သင်တန်းဆရာ (၃) ယောက်ထဲက (၂) ယောက်ဟာ SIT မှာ မဟာဘွဲ့ ရခဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒီသင်တန်းနှစ်ခုကို တက်ပြီးကတည်းက ကျွန်တော့်ရဲ့ စိတ်ထဲမှာ တစ်နေ့နေ့ကျရင် ငါလဲ SIT မှာ မဟာတန်း တက်နိုင်ရမယ်လို့ မသိစိတ်ရော၊ သိစိတ်ထဲမှာပါ အမြဲ ကိန်းအောင်းနေခဲ့ပါတယ်။

World Learning မိသားစု

World Learning ဟာ နိုင်ငံပေါင်း (၆၀) ကျော်မှာ ပညာရေး၊ ဖွံ့ဖြိုးရေး နဲ့ ဖလှယ်ရေးဆိုင်ရာ အလုပ်တွေ၊ အစီအစဉ်တွေကို နှစ်ပေါင်း (၈၀) ကျော် လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်နေဆဲ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ SIT Graduate Institute က World Learning ရဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Campus က ဗားမောင့်ပြည်နယ်၊ ဘရက်တယ်ဘိုရိုမြို့ နဲ့ ၀ါရှင်တန်ဒီစီမြို့တော်မှာ တည်ရှိပါတယ်။

မြန်မာနိုင်ငံ၊ အမေရိကန်စင်တာမှာ အခြေစိုက်တဲ့ အိုင်ပေ့စ် (iPACE — Institute for Political and Civic Engagement) သင်တန်းကျောင်း နဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်း English Language Program ဟာလဲ World Learning ရဲ့ အစီအစဉ်တွေ ဖြစ်ကြပါတယ်။ အိုင်ပေ့စ် စတင်တည်ထောင်ခဲ့တဲ့အချိန် ၂၀၁၂ ခုနှစ်မှာ ကျွန်တော် သင်တန်းဆရာ တစ်ယောက်အနေနဲ့ သင်တန်းအပတစ်စဉ် (၂) ခုမှာ စတင် အလုပ်လုပ်ခဲ့ပါတယ်။ ပြီးမှ Advocacy and Training Advisor အဖြစ် အချိန်ပြည့် (၂) နှစ်လောက် လုပ်ဆောင်ခဲ့ပြီး၊ ကျွန်တော် SIT မှာ ကျောင်းလာမတက်ခင်အထိ Associate Director အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ World Learning ရဲ့ မိသားစုဝင်တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို အမြဲ ခံစားရပါတယ်။

ဘာ့ကြောင့် SIT လဲ

တခြား တက္ကသိုလ်တွေအများကြီး ရှိရဲ့သားနဲ့ ဘာကြောင့် SIT ကို ရွေးချယ်ရသလဲဆိုတာ မေးချင်စရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းတစ်ခုကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ ကျွန်တော့်ရဲ့ သင်တန်းဆရာတွေလို ပိုမိုကောင်းမွန်တဲ့ သင်တန်းဆရာ တစ်ယောက်ဖြစ်လာဖို့၊ ပြီးတော့ World Learning ရဲ့ အစီအစဉ်တစ်ခုဖြစ်လို့ လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာက SIT ရဲ့ တန်ဖိုးထားမှု (values)၊ သူ့ရဲ့ သင်ကြားပုံ သင်ကြားနည်း နဲ့ သူ့ ရဲ့ အထူးပြုဘာသာရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါဆို SIT က ဘာကိုတန်ဖိုးထားသလဲ။ SIT ရဲ့ အဓိက တန်ဖိုးထားမှု values က (၇) ခုရှိပါတယ်။ ဘာတွေလဲဆိုတော့ — Inclusion, Experiential Education, Engaged Learning, Community, Reciprocity, Social Justice and Sustainability တို့ ဖြစ်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး အတိုချုံးကြည့်ပါမယ်။

ပထမ တန်ဖိုးထားမှုကတော့ Inclusion လို့ခေါ်တဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးဖြစ်ပါတယ်။ SIT က မတူကွဲပြားမှုတွေအားလုံးကို ပါဝင်နိုင်အောင် ကြိုးစားပါတယ်။ မတူကွဲပြားမှုဆိုရာမှာ လူမျိုး၊ တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ နိုင်ငံသား၊ အသက်အရွယ်၊ ကျားမ၊ စွမ်းဆောင်ရည်၊ ဘာသာရေး ဆိုင်ရာ ကျင့်ကြံအားထုတ်မှု၊ ဆင်းရဲချမ်းသာ၊ နိုင်ငံရေး အစရှိသဖြင့် မတူကွဲပြားမှုအားလုံးပါဝင်ပါတယ်။ သူတို့ရဲ့ အစီအစဉ်တွေကို ဒီဇိုင်းဆွဲပြီး စီမံခန့်ခွဲရာမှာ အားလုံးပါဝင်ရေးကို အဓိကထား စဉ်းစားပါတယ်။ သင်ရိုးတွေမှာလဲ မတူညီတဲ့အတွေးအခေါ်၊ သဘောထားအမြင်တွေကို ထည့်သွင်းပြီး ကျောင်းသားတွေကို ပိုမိုကောင်းမွန်တဲ့ သင်ယူမှု အတွေ့အကြုံတွေကို ပေးဆောင်နိုင်ဖို့ ကြိုးစားပါတယ်။ ဒါဟာ Intercultural learning အတွက် အဓိက အစိတ်အပိုင်းတစ်ခု အဖြစ် သူတို့ က ခံယူထားပါတယ်။

ဒုတိယတန်ဖိုးထားမှုကတော့ Experiential Education ဖြစ်ပါတယ်။ အတွေ့အကြုံကနေ သင်ယူခြင်းဆိုတဲ့ သီအိုရီကို အမြဲလက်ကိုင်ထားပြီး သီအိုရီနဲ့ လက်တွေ့ကို အမြဲဒွန်တွဲပြီး သင်ကြားပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ မဟာဘွဲ့ရဖို့ ဆိုရင် ကျောင်းမှာ စာသင်ရတာ (၉) လလောက်သာ ကြာမြင့်ပြီး လက်တွေ့ အလုပ်လုပ်တာ၊ Internship/Practicum ဆင်းရတာ အနည်းဆုံး (၆) လ ကြာမြင့်ပါတယ်။ သင်ကြားတဲ့ ဘာသာရပ်အားလုံးဟာ အတွေ့အကြုံကို အဓိကအခြေခံထားပြီး သင်ကြားတဲ့အတွက် ကျောင်းသားတွေရဲ့ သင်ယူမှုကို အထောက်အကူ ဖြစ်စေပြီး တကယ်လဲ တတ်မြောက်စေပါတယ်။

Engaged Learning ကတော့ ကျောင်းသားတွေ တက်ကြွလှုပ်ရှားစွာ လေ့လာသင်ယူနိုင်ဖို့ တိုက်တွန်းအားပေးပါတယ်။ ဆွေးနွေးတာ၊ တိုင်ပင်တာ၊ အဖွဲ့လိုက် ပရောဂျက်တွေလုပ်တာ စသဖြင့် အမြဲ active ဖြစ်နေအောင် သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။ သင်တန်းသားတွေက သူတို့ရဲ့ သင်ယူမှုအတွက် တာဝန်ယူရပါတယ်။ သူတို့ ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ပန်းတိုင်တွေကို ကိုယ်ကိုယ်တိုင် ချမှတ်ပြီးတော့ ရောက်အောင်သွားဖို့ တာဝန်ယူရပါတယ်။ Engaged Learning က တာဝန်ယူစိတ်ကို ပြုစုပျိုးထောင်ပေးပါတယ်။

SIT ရဲ့ အခြား အဓိကကျတဲ့ တန်ဖိုးကတော့ Community ပဲ ဖြစ်ပါတယ်။ SIT နဲ့ သူ့ရဲ့ Experiment အစီအစဉ်တွေက ကျောင်းသားတွေကို ကျွမ်းကျင်သူပညာရှင်တွေဆီကနေ သာမက နိုင်ငံတကာမှာ သူတို့ သွားရောက်ပြီးတော့ ပညာသင်ယူနေတဲ့နေရာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ အတူနေထိုင်ပြီး သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို လေ့လာခွင့်ရအောင် ဖန်တီးပေးပါတယ်။ SIT ရဲ့ campus မှာလဲ ကျောင်းသားတွေအားလုံးကို မိသားစုဝင်တွေလို ခံစားရအောင် sense of community ရအောင် ဖန်တီးပေးပါတယ်။ နိုင်ငံတကာကျောင်းသားတွေနဲ့ အမေရိကန်ကျောင်းသားတွေကြားထဲမှာလဲ ရင်းနှီးမှု၊ နွေးထွေးမှုဖြစ်အောင် ကျောင်းသားမိတ်ဆက်ပွဲ Orentation ကအစ လိုလေသေးမရှိအောင် ကောင်းမွန်စွာ စီစဉ်ပေးပါတယ်။

Reciprocity ကတော့ ပြန်လည်မျှဝေလိုခြင်းလို့ အဓိပ္ဗါယ်ဖွင့်လို့ ရမယ်ထင်ပါတယ်။ ပြန်လည်မျှဝေလိုစိတ်ရှိခြင်းဟာ အပြန်အလှန်လေးစားခြင်း၊ အသိအမှတ်ပြုခြင်း၊ နှစ်ဦးနှစ်ဘက် အကျိုးကျေးဇူးဖြစ်ဖို့ ဆက်ဆံရေး သင်္ကေတတစ်ခုဖြစ်ပါတယ်။ SIT မှာ ကျောင်းတက်ပြီး ပြန်သွားတဲ့သူတွေဟာ များသောအားဖြင့် သူတို့ရဲ့ အသိုင်းအ၀ိုင်း community မှာ ပြန်လည်ပြီးတော့ မျှဝေပေးနေတဲ့သူတွေ ဖြစ်ကြပါတယ်။

Social Justice လို့ခေါ်တဲ့ လူမှုရေးဆိုင်ရာတရားမျှတမှုကတော့ SIT ရဲ့ အဓိကမဏ္ဍိုင်တစ်ခုလို့ ပြောလို့ရပါတယ်။ လူမှုရေးဆိုင်ရာ တရားမျှတမှုဟာ လူ့အသိုင်းအ၀ိုင်းတစ်ခုမှာ အရင်းအမြစ်ကို မျှတစွာခွဲဝေခြင်း၊ တူညီတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းတို့ ပါဝင်ပါတယ်။ ဒီတန်းတူညီမျှမှုကို ရရှိဖို့ လုပ်ဆောင်ရာမှာ ဒီမိုကရေစီဆန်ဖို့နဲ့ အားလုံးပူးပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ က အရေးကြီးပါတယ်။ လူမှုရေးဆိုင်ရာ တရားမျှတမှုက SIT ရဲ့ သင်ရိုးညွန်းတမ်းနဲ့ လက်တွေ့လုပ်ဆောင်မှုတွေမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ SIT အစီအစဉ်တွေဟာ တခြားသူတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ လူ့အသိုင်းအ၀ိုင်းအပေါ်မှာ လူမှုရေးဆိုင်ရာ တာဝန်ယူမှုတွေ ထွန်းကားလာအောင် အမြဲကြိုးစားနေတာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Sustainability စဉ်ဆက်မပြတ် (သို့မဟုတ်) ကြာရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားမျိုးနွယ်တွေ အတူတကွငြိမ်းချမ်းစွာ ရေရှည်ယှဉ်တွဲနေထိုင်သွားနိုင်ဖို့ ဆိုရင် ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို မျှတစွာ ဘယ်လို အသုံးပြုမလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် SIT က ဒီဘာသာရပ်ကို ထည့်သွင်းထားပြီး အထူးပြုထားပါတယ်။

ဒီ values တန်ဖိုးထားမှုတွေကြောင့် SIT ကို ကျွန်တော် ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော် Sustainable Development ကို အထူးပြုလေ့လာနေပြီး Training သင်တန်းပိုင်းကို အထူးပြုဘာသာအဖြစ် ယူထားတာ ဖြစ်ပါတယ်။ ကျွန်တော် အပေါ်က ပြောခဲ့သလိုပဲ SIT မှာ အထူးပြု သင်ကြားပေးတဲ့ဘာသာရပ်တွေကလဲ အနည်းငယ်ပဲရှိတဲ့အတွက် ပိုပြီးထိရောက်ပါတယ်။ သင်ကြားတဲ့ ဘာသာရပ်တွေကတော့ International Education, Peace Building and Conflict Transformation, Sustainable Development, TESOL, နဲ့ Intercultural Service, Leadership, and Management တို့ပဲ ဖြစ်ပါတယ်။ TESOL အင်္ဂလိပ်စာဆရာဖြစ်သင်တန်းကတော့ တော်တော်နာမည်ကြီးပါတယ်။ ISLM ဘွဲ့ က ကိုယ့်ရဲ့ ဘွဲ့ကို ကိုယ်ကိုယ်တိုင် ဒီဇိုင်းလုပ်ယူရပါတယ်။ ဒါကလဲ ကျောင်းသားတွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီးတော့ ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဒီစာကို ၂၀၁၇ ခုနှစ်က ကျွန်တော် အမေရိကကို စရောက်တဲ့အချိန်က ရေးထားတာဖြစ်ပါတယ်။ ၂၀၁၈ မှာကျတော့ စိတ်မကောင်းစွာပဲ SIT က သူတို့ရဲ့ အချိန်ပြည့် တက်ရတဲ့ မာစတာဘွဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပြီးတော့ အခုဆိုရင် အွန်လိုင်းတစ်ဝက်၊ on campus တစ်ဝက်တက်ရတဲ့ Global Master Degrees တွေပဲ ရှိပါတော့တယ်။ စိတ်ဝင်စားတယ်၊ တက်ချင်တယ် ဆိုရင်ဖြင့် SIT ရဲ့ ၀က်ဘ်ဆိုဒ်ကို ဒီနေရာမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။ http://graduate.sit.edu/