ရှင်သန်ဖို့အတွက်

Photo by Random Institute on Unsplash

Audiobook တစ်အုပ်နားထောင်ပြီး သဘောကျလို့ Review လိုလိုနှင့် ကျွန်တော့်အတွေးတွေကိုရေးပါ့မယ်။ (ကြိုပြီးဖတ်မယ့်သူတွေကိုအသိပေးထားတာ)။ စာအုပ်က မြောက်ကိုရီးယားက ကောင်မလေးအကြောင်း… သူမမြောက်ကိုရီးယားမှာ နေတာကစပြီးတော့ တရုတ်ဘက်ကိုလူကုန်ကူးခံရတာကအစ… တောင်ကိုရီးယားကို ဘယ်လိုသဲထိပ်ရင်ဖိုပြေးတာအဆုံးနှင့် Modern Society နှင့်ဘယ်လိုအံဝန်ဂွန်ကျဖြစ်အောင် ဘယ်လောက်ထိကြိုးစားခဲ့ရတာကမစ အသေးစိတ်တစ်ခုချင်းဆီရေးထားပါတယ်။

စာအုပ်ဖတ်ရင်းဖတ်ရင်းနှင့် ကျွန်တော်တို့နိုင်ငံနှင့် မြောက်ကိုရီးယားက စာရေးသူရဲ့ဘဝကို တွဲတွဲပြီးမြင်မိတယ်။ ကျွန်တော်တို့နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲကတစ်ခု… အဲ့လိုရေးလျှင်တစ်ချို့တွေက တစ်ချိန်ကအကြောင်းတွေပြန်ပြောချင်ကြတယ်၊ တစ်ချို့ကလည်း ဆင်းရဲမှန်းသိတယ် သို့ပေမယ့်ဆင်းရဲတယ်လို့ပြောလျှင်မကြိုက်ကြဘူး။ အရာအားလုံးအတော်များများနောက်ကျကျန်ရစ်တယ်။ နောက်တွေးမိတာကအခုနောက်ပိုင်း မြောက်ကိုရီးယားနှင့်ကွာသွားတာက ကျွန်တော်တို့နိုင်ငံကသူတို့ထက်နည်းနည်းပိုပြီးလွတ်လပ်ခွင့်ရှိတာရယ်… ထမင်းမငတ်ကြတာရယ်ဘဲ။ ဒီနှစ်ခုအဓိက ကွာသွားတယ်လို့မြင်တယ်။ ကျန်တာတွေအတော်လေးတူတယ်လို့ ဒီ audiobook ကိုနားထောင်ရင်းခံစားမိတယ်။ ဒီစာအုပ်ကကျွန်တော့်ကို ကိုယ့်နိုင်ငံအကြောင်းပိုပိုပြီးတွေးမိစေတယ်…။ ကိုယ့်နိုင်ငံကဆင်းရဲတာကိုတွေးမိစေသလို မြောက်ကိုရီးယားနှင့်ယျဥ်တော့လည်းတော်သေးပါတယ်ပေါ့။

စာအုပ်အရဆိုလျှင် မြောက်ကိုရီးယားက အတော်လေးဆင်းရဲတယ်။ ဘယ်လောက်ထိဆင်းရဲလဲဆိုလျှင် တောထဲသွားပြီး စားလို့ရမယ်ထင်တဲ့အပင်တွေကိုစားရတာမျိုး။ လူ့အသက်ကနွားထက်တန်ဖိုးရှိတာမျိုး… စာအုပ်ထဲကအရဆိုလျှင်အတော်လေးဆိုးတယ်။ မြောက်ကိုရီးယားအကြောင်း အာဏာရှင်စနစ်အကြောင်း သိချင်ရင်တော့ဖတ်လို့ ကောင်းတဲ့စာအုပ်တစ်အုပ်ပါ။ အချိန်ရလျှင်တော့လူတိုင်းဖတ်ကြည့်သင့်တဲ့စာအုပ် တစ်အုပ်လိုမြင်တယ်။ တစ်ချို့အပိုင်းတွေက မျက်ရည်ပါဝဲရတယ်။

စာအုပ်အမည်က In Order to Live.