လက်မှတ် ပြဿနာ


ကျွန်တော်ပြောချင်တဲ့လက်မှတ်က sign မဟုတ်တဲ့ certificate လက်မှတ်ပါ။ ကျွန်တော့်မှာ အဆင့်မြင့်လက်မှတ်ဆိုလို့ ဆယ်တန်းအောင်လက်မှတ် (တက်ကသိုလ်ဝင်ခွင့်လက်မှတ်) ဘဲရှိပါတယ်။ တက်ကသိုလ်က ကျွန်တော်တက်ခြင်တဲ့ ဘာသာရပ်မဟုတ်တဲ့ဘာသာယူထားသလိုဖြစ်သွားလို့ ဒုတိယနှစ်မှာဘဲတန့်သွားပါတယ်။ ဆယ်တန်းဖြေပြီးတဲ့အထိ ကိုယ်ဘာလုပ်ချင်မှန်းမသိပါဘူး။ စစ်တက်ကသိုလ်တက်ဖို့လုပ်ပြီးတော့ ကျူရှင်သင်တာတွေကိုကောင်းကောင်းမသွားဘဲ အင်တာနက်ဆိုင်သွားတာများပါတယ်။ ဒီတော့ရလဒ်က စာမေးပွဲကျတာပါဘဲ။

တစ်ခါတစ်ခါ နိုင်ငံခြားသွားဖို့စဥ်းစားတိုင်း ဘွဲ့မရှိရင် ဒါမှမဟုတ် ဒီဂရီဆိုတာ မရှိရင်… စတဲ့စတဲ့ လက်မှတ်လိုအပ်ချက်တွေကိုတွေးမိတိုင်း ဒီဂရီ သို့မဟုတ် ဘွဲ့ရအောင်လုပ်မယ်ဆိုပြီးတော့ ဆုံးဖြတ်မိပါတယ်။ KMD နှင့် အဝေးသင်တက်ကသိုလ်ကပေါင်းဖွင့်တဲ့ Diploma in Web Development ဆိုတာတက်လိုက်ပါသေးတယ်။ ပြဿနာက ကိုယ်ကတကယ်အလုပ်လုပ်နေတဲ့သူ။ သူတို့သင်တာကအခုမှစလုံးရေးစတဲ့သူတွေကိုသင်တာ။ ကျွန်တော့်အတွက်အလွန်ပျင်းစရာ… စိတ်ညစ်စရာ… ဖြစ်လာပါတယ်။ ထုံးစံအတိုင်းဘဲ လက်မှတ်ဆိုတာနှင့် သိပ်အကျိုးမပေးတဲ့ကျွန်တော် လက်မှတ်မရဘဲ နှုတ်ထွက်ဖြစ်သွားပါတယ်။

အခုတော့လက်မှတ်မရှိလို့ ပူပန်စရာလေးတွေဖြစ်နေတယ်။ အရမ်းပူပန်တာတော့မဟုတ်ပါဘူး။ ပိုကောင်းတဲ့အခွင့်အရေးတစ်ခုဆုံးရှုံးရမှာလားဆိုပြီးတော့တော့ဖြစ်မိပါတယ်။ အားလုံးအစီအစဥ်တကျဖြစ်လာတာဘဲ… အဆင်ပြေသွားမယ်ထင်တာဘဲ။

တစ်ချို့အချိန်တွေမှာ ကျွန်တော့်စိတ်ထဲမှာ လက်မှတ်လေးယူလိုက်ရင်ကောင်းသားဆိုပြီးတော့ စဥ်းစားမိပါတယ်။ ဒါပေမယ့် ကျွန်တော်လက်မှတ်ရဖို့နောက်တစ်ခါကြိုးစားပါ့မလားဆိုတာတော့မသေချာသေးပါ။