အထူးကျေးဇူးတင်ပါတယ်

Photo by Chris Benson on Unsplash

မြန်မာစာပေအကြောင်းတွေလိုက်ဖတ်ရင်း စာရေးဆရာကသူဘာလို့စာဖတ်ရတာ စာရေးရတာကိုနှစ်သက်လာလည်းဆိုတာကို ပြန်စမ်းစစ်ပြီး အဲ့ဒီ့သူတွေကို ကျေးဇူးတင်တယ်။ ကျွန်တော်လည်း ငါဘာသူတွေကြောင့်စာဖတ်ချင်စိတ်ဖြစ်သလဲ လို့ပြန်စဥ်းစားမိတယ်။

ကျွန်တော့်အတွက်တော့ ဆရာဆရာမတွေနှင့် ကျွန်တော့်အဘိုးကို ကျေးဇူးတင်ရမယ်။ ဆရာ/ဆရာမတွေနှင့် အဘိုးကြောင့်သာ ကျွန်တော်စာတွေဖတ်ဖြစ် နောက်အခုလိုစာလေးတွေလေးဟိုရေးဒီရေးလုပ်ချင်စိတ်လေးတွေရှိလာတာလို့လည်းယုံကြည်မိတယ်။

ကျွန်တော်နှစ်တန်းလောက်ကစပြီး ကာတွန်းစာအုပ်ဖတ်တယ်။ အဘိုးက အပြင်စာအုပ်အငှားသွားတိုင်းသူနှင့်အတူလက်ဖက်ရည်ဆိုင်ထိုင်ရန် အမြဲခေါ်သွားတယ်။ စာအုပ်ဆိုင်ရောက်လျှင်သူက စာအုပ်ရွေးတာမကြာဘူးဆိုလျှင် လေးဆယ့်ငါးမိနစ်တစ်နာရီလောက်ကြာမယ်… အမြန်ဆုံးကတော့နာရီဝက်ဘဲ။ အဲ့တော့ သူ့စောင့်ရမယ့်အတူတူ ကျွန်တော်လည်းကာတွန်းစာအုပ်ထိုင်ထိုင်ဖတ်တယ်။ အဲ့မှာကျွန်တော် ကာတွန်းစာအုပ်လေးတွေစဖတ်ဖြစ်လာတယ်။

နောက်ထပ်ကျွန်တော့်စိတ်ထဲမှာ အမြဲအမှတ်ရနေတာက ကျွန်တော်သုံးတန်းလေးတန်းလောက်တုန်းကထင်တယ် ကျွန်တော့်အတန်းပိုင်ဆရာမ ဒေါ်ညွှန့်ညွှန့်အောင် မင်္ဂလာမောင်မယ်စာအုပ်ထဲက ပုံပြင်တစ်ခုဖတ်ပြတယ်… စာအရေးအသားဘဲကောင်းတာလား ဆရာမရှင်းပြတာဘဲကောင်းတာလားတော့မသိဘူး အခုချိန်ထိအဲ့ပုံပြင်ကိုမှတ်မိနေသေးတယ်။ အဲ့နေ့ကစပြီးကျောင်းမှာကော စာအုပ်ဆိုင်မှာပါ ပုံပြင်စာအုပ်တွေအတော်လေးလိုက်ရှာဖတ်မိတာအခုချိန်ထိမှတ်မိနေတယ်။ နောက်ထပ်မှတ်မိနေတာတွေက ကျွန်တခြောက်တန်းလောက်တုန်းက ပုတက်၊ ကစ်ဇုန်တို့တစ်အားခေတ်စားတယ်။ ကစားစရာမျက်လှည့်လုပ်နည်းတွေလည်းပါတယ်။ ပျော်စရာမဂ္ဂဇင်းမှာပါတဲ့ ဟာသတွေကိုကျောင်းအတန်းထဲဆရာအလစ်မှာခိုးဖတ်ပြီးရယ်ရတာတွေကိုလည်းမှတ်မိတယ်။ (ငယ်ရွယ်စဥ်ကျောင်းမှာပျော်စရာအချိန်လေးတွေပေါ့)…

ဝတ္ထုတွေကိုစကြိုက်ပြီး စွဲစွဲမြဲမြဲဖတ်ဖြစ်တာက ကျွန်တော်ကိုးတန်းမှာ။ မင်းမြတ်သူရ၊တြိစက္ခတို့စာအုပ်တွေကနေ သိုင်းဝတ္ထုတွဲတွေထိသေချာဖတ်ဖြစ်တယ်။ ဆယ်တန်းရောက်တော့ ရန်ကုန်ရောက်လာပြီး အဒေါ့်အိမ်မှာနေတော့ သူတို့ကဂျာနယ်သတင်းစာတွေနေ့တိုင်းယူတယ်။ အဲ့အချိန်ကျောင်းပိတ်ရက် နေရာအသစ်ဆိုတော့ သူငယ်ချင်းမရှိဘာမရှိဆိုတော့ အိမ်မှာနေရင်းအဲ့တာတွေဘဲထိုင်ဖတ်နေဖြစ်တယ်။ ဆယ်တန်းစတက်ရတော့ မြန်မာစာသင်တဲ့ဆရာကဆရာငြိမ်းမင်း။ ဆရာဒါရိုက်တာလုပ်တာကောင်းမကောင်းတော့မသိဘူး စာအသင်အပြတော့အတော်ကောင်းတယ်။ ဆယ်တန်းဆိုတော့စာစီစာကုံးရေးရတယ်… အဲ့မှာဆရာပြောပြတဲ့ စာစီစာကုံးရေးနည်းတွေက အခုချိန်ထိကျွန်တော်မှတ်မိနေတယ်။

သေချာပြန်တွေးကြည့်လျှင် ကျောင်းနှင့်ဘေးပတ်ဝန်းကျင်က ကျွန်တော့်စာအုပ်စာပေနှင့် ရင်းနှီးဖို့ရာအတွက်အလွန်အရေးကြီးတယ်။ ထို့ကြောင့် ငယ်ရွယ်စဥ်ကတည်းက အခုချိန်ထိစာဖတ်ဖို့ စာရေးဖို့သွန်သင်ဆုံးမတဲ့ဆရာ/ဆရာမတွေနှင့် ကျွန်တော့်ဘေးပတ်ဝန်းကျင်ကို အထူးပင်ကျေးဇူးတင်ပါတယ်။