တောင်ပေါ်က ခုန်ချခြင်း

တစ်ချို့ကပြောကြတယ် ရိုလာကိုစတာ စီးရသလိုပဲတဲ့။ ကျွန်တော့်အတွက်ကတော့ တောင်ပေါ်က ခုန်ချရသလိုပါပဲ။
တောင်ပေါ်ကနေ မြင်နေရတဲ့ ရှုခင်းကြီးက သာယာတယ်။ တခြားသူတွေက ကိုယ်ပိုင် လေယာဉ်ကိုယ်စီနဲ့ ဟိုးအမြင့်ကြီးမှာ ပျံဝဲနေကြတယ်။ ငါလဲမကြာခင် ဒီမြင်ကွင်းကိုလေဟုန်စီးပြီး ကြည့်ရတော့မှာပါလားဆိုတဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ခုန်ချဖို့ ပြင်ဆင်လိုက်တယ်။ နှလုံးခုန်သံတွေဟာ အရမ်းမြန်လွန်းနေတယ် ထင်ရတယ်။ ဒီလိုနဲ့ ခုန်ချပြီး လမ်းတစ်ဝက်မှာတော့၊ ငါဘာလို့ ခုန်ချခဲ့မိပါလိမ့်။ ရူးများနေပြီလားဆိုတဲ့ အတွေးတွေ ဝင်လာတယ်။
တောင်ပေါ်ကို လှမ်းကြည့်လိုက်တယ်။ တစ်ချိန်က ကိုယ်နဲ့အတူနေခဲ့သူတွေက အရင်လိုပဲ၊ ပုံမှန်ဝင်ငွေနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပျော်ပါးနေကြတာတွေ့ရတယ်လေ။ ခုန်မချခင်ကတော့ယာဉ်ပျံတစ်စီးကို လေထဲမှာတင် ဘယ်လိုအပြီးဆောက်လိုက်မှာ၊ ဘယ်နေရာမှာတော့ ဘယ်နည်းလမ်းတွေသုံးပြီး ပျံဝဲလိုက်မှာ၊ ဘယ်ရှုခင်းတွေကို သွားကြည့်လိုက်မှာဆိုတဲ့ အိပ်မက်တွေ၊ အကြံအစည်တွေ၊ အကောင်အထည်ဖော်ဖို့ စဉ်းစားထားတဲ့ နည်းလမ်းစဉ်တွေရှိခဲ့တာပေါ့။ ဒါပေမယ့် အေးအေးဆေးဆေး သာသာယာယာ တောင်ပေါ်မှာနေခွင့်ရခဲ့ရက်နဲ့၊ ပုံမှန်ဝင်ငွေရှိခဲ့ရက်နဲ့၊ အဲဒီဘဝ၊ အဲဒီငွေတွေကို ရင်းပြီး၊ ခုန်ချခဲ့တာက ရူးသွပ်မှုပဲဆိုတဲ့ ဒွိဟတွေဖြစ်လာတယ်။
“An entrepreneur is someone who will jump off a cliff and assemble an airplane on the way down.”
— Reid Hoffman
အရှုံးပေးပြီး၊ ဘဝဟောင်းကို ပြန်သွားလို့ရတယ်။ ဒါပေမယ့် အသိတစ်ခု ပြန်ဝင်လာတယ်။
ငါဘာကြောင့်ဒါကို စခဲ့တာလဲ။
ဒီမေးခွန်းလေးကြောင့်ပဲ မပြီးသေးတဲ့ အိပ်မက်အပိုင်းအစတွေကို ဆက်ပြီး ဆောက်နေမိတယ်။
စခဲ့ကတည်းက ဒီတောင်ပေါ်ကခုန်ချပြီးရင်၊ တခြားသူတွေလို ကိုယ်လဲ ပျံဝဲနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိလို့မှမဟုတ်တာ။ ဒီတောင်ပေါ်က ခုန်ချရဲလို့သာ ခုန်ချခဲ့တာ။ အခုလမ်းတစ်ဝက်မှာ ငါယုံကြည်တဲ့၊ ငါ့ရဲ့အိပ်မက်ထဲက ယာဉ်ပျံတစ်ခုကိုဆောက်နိုင်နေပြီ။ ငါလဲတခြားသူတွေလိုပဲ မကြာခင် အမြင့်ဆုံးမှာပျံဝဲပြီး ရှုခင်းတွေကို ကြည့်နိုင်တော့မယ်။
မဖြစ်ခဲ့လဲ ဘာအရေးလဲ။ မင်းလုပ်ချင်တာ၊ လုပ်လို့ရတာ အကုန်လုပ်ခဲ့ပြီးပြီပဲ။
နောက်ဘဝဆိုတာ မဝေးပါဘူး။
