A Story (1)

အချိန်က နေ့လည်၂နာရီခွဲ… ကျောင်းကအပြန် ရုပ်ရှင်ကြည့်ဖို့ အသွား…. ထုံးစံအတိုင်းဆေး(၁) ကျောင်းရှေ့က ဖြတ်သွားရတယ်။ ဂုံးအဆင်းမှာ ငယ်ငယ်က သူငယ်ချင်းတွေကို တွေ့တယ်။ ကိုယ်က သူတို့ကိုမြင်တယ်။ သူတို့က ကိုယ့်ကို မမြင်ဘူး။ မြင်လိုက်တဲ့ အခိုက်အတန့်မှာပဲ …. သူတို့တွေကိုယ့်ကို မမြင်ပါစေနဲ့လို့ ဆုတောင်းမိတယ်။ ကိုယ်ကလည်း မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။ မြင်လိုက်လား/မမြင်လိုက်လားဆိုတာတော့ မသိဘူး။ အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက် ၄နာရီကြာတဲ့အချိန်အထိ၊ အခုဒီစာရေးနေတဲ့ အချိန်အထိ ကိုယ့်ကို အပြစ်တင်လို့မဆုံးဘူး။ မတွေ့တာကြာတဲ့ မိတ်ဆွေတွေလမ်းမှာတွေ့တာပဲ… အနည်းဆုံးတော့ တစ်ယောက်ကို တစ်ယောက် အပြုံးလေးနဲ့ အသိအမှတ်ပြု နှုတ်ဆက်ရတာ ဘာများခက်တာလိုက်လို့…. ဒါပေမယ့်လည်း မလုပ်နိုင်ခဲ့ဘူး။ အကြောက်တရားကို မလွန်ဆန်နိုင်ခဲ့ဘူး။

တစ်ယောက်နဲ့ တစ်ယောက်လမ်းမှာတွေ့ရင် နေ့ကောင်းလားလို့ နှုတ်ဆက်တာ ဘာမှမခက်ဘူး။ အဆင်ပြေလားလို့မေးရင်လည်း… အဆင်ပြေတယ်ဆိုပြီး ရောဖောလို့ရတယ်။ ဘာတွေလုပ်နေလဲလို့မေးရင် နည်းနည်းဖြေရခက်သွားပြီ။ လူတစ်ယောက်ကို နှုတ်ဆက်စကားပြောရမှာကြောက်တာ အဲဒီမေးခွန်းကြောင့်ပဲ။ တခြားမေးခွန်းတွေကို ဖြေနိုင်တယ်။ ဘာတွေလုပ်နေလည်းမေးရင် တော်တော်ဖြေရခက်တယ်။ ဘာကြောင့်လဲ??

ရိုးရိုးသားသား စဥ်စားကြည့်မယ်ဆိုရင် အထင်ကြီးခံချင်တဲ့ စိတ်ကြောင့်ပဲ။ ကိုယ့်ရဲ့အဖြေကို နားထောင်ပြီး တစ်ဖက်လူ ကိုယ့်ကို အထင်သေးသွားမှာကို စိုးရိမ်တယ်။ အထင်ကြီးခံချင်တယ်ဆိုတာလည်း အထင်သေးခံရမှာ ကြောက်တဲ့ စိတ်ပဲ။ အထင်သေးခံရတော့ကောဘာဖြစ်လဲ??? ဖြစ်တာပေါ့…. လူတွေက ကိုယ်ကို ရှောင်ကျဥ်လာပြီဆိုရင် ကိုယ့်မှာတစ်ဖြည်းဖြည်း ကျုံးသွားတယ်။ ကြီးချင်ရင် အစောကတည်းက ကျယ်အောင်ချဲ့ထားလို့ ပြောကြတယ်။ တစ်နည်းအားဖြင့် လောကရဲ့ အောင်မြင်မူကို လိုချင်ရင် လူတွေရဲ့ အသိအမှတ်ပြုမူကို အစောကတည်းက ယူထားရမယ်။ ဘယ်သူမှ ကိုယ့်ကို အသိအမှတတ်မပြုရင် လောကရဲ့ အောင်မြင်မူ (SUCCESS) ကိုမရနိုင်ဘူး။

အဲ့တော့ ရည်မှန်းချက်ကြီးတဲ့သူတိုင်း အထင်ကြီးခံချင်ကြတယ်လို့ ကောက်ချက်ချလို့ရတယ်။ ဒါပေမယ့် တစ်ခုရှိတာက… အောင်မြင်တဲ့သူတိုင်း ရည်မှန်းချက်မကြီးသလို၊ ရည်မှန်းချက်ကြီးတိုင်းလည်း မအောင်မြင်နိုင်ဘူး။ ရည်မှန်းချက်ကြီးပြီး၊ အလုပ်နည်းနေရင် မအောင်မြင်နိုင်ဘူး။ အလုပ်နင်းကန်လုပ်ပြီး ရည်မှန်းချက် မဲ့နေရင်လည်း အရှေ့မရောက်ဘူး။ ဒီစကားဟာ ခေတ်တိုင်းရှိပါတယ်။ ခေတ်တွေပြောင်းသွားတယ်၊ လူတွေပြောင်းသွားတယ်၊ ဒီသဘောတရားကတော့ ပြောင်းမသွားဘူး။ နောင်နှစ်ပေါင်း သိန်းသောင်းချီတဲ့အထိ လူတွေရှိနေသေးရင်လည်း ဒီသဘောလေးက မှန်နေဦးမှာပဲ။ အလုပ်နဲ့ ရည်မှန်းချက် မျှတဖို့လိုတယ်။

ဒီနှစ်ခုမမျှလို့ အခုလိုဖြစ်ရတာ။ ဒီကိစ္စကို ဖြေရှင်းဖို့ နှစ်နည်းရှိတယ်။ ပထမတစ်ခုက ရည်မှန်းချက်ကို လျှော့ချဖို့…. ရင်လောက်မှန်းမှ ဒူးလောက်ရ လို့ဆိုပေမယ့်…. တစ်ခါတည်း ဒူးနေရာမှန်းပြီး၊ မဖြစ်ဖြစ်အောင်လုပ်လို့ရတယ်။ ဒုတိယနည်းက အလုပ်ပိုလုပ်ဖို့၊ ပိုပြီးကြိုးစားဖို့ပဲ။ ဒုတိယနည်းက ပိုခက်တယ်။ ဒါပေမယ့် လုပ်နိုင်တယ်ဆိုရင် ပထမနည်းထက် ပိုပြီးအကျိုးများမယ်။ နှစ်ခုစလုံးက နောက်ဆုံးကျ ပျော်ရမှာပါပဲ။ ဘယ်နည်းရွေးမလဲဆိုတာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။

ပျော်ရွှင်မူနဲ့ အောင်မြင်မူ ဘယ်ဟာကို လိုချင်လည်းမေးရင်၊ လူအများကပျော်ရွင်မူကို ရွေးကြမယ်။ မေးခွန်းက နည်းနည်းရှုပ်တယ်။ အောင်မြင်မှ ပျော်ရွှင်မှာ မဟုတ်ဘူးလား… ပျော်ရွှင်နေတာ အောင်မြင်နေတာပဲ မဟုတ်ဘူးလား???

မူကြိုက ကလေးတွေကို ကြည့်လိုက်ရင် သူတိို့မှာ ပျော်ကိုနေတာ… သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းအရွယ် ကလေးတွေဆိုရင်လည်း… လွတ်ပေးလိုက်လို့ကတော့ …. နေပူမရှောင်၊မိိုးရွာမရှောင်…. ရွံ့ဆိုရွံ့၊ သဲဆိုသဲ… အမှိုက်ကို အမှိုက်လို့မမြင် ဟေးးးဝါးးး နဲ့ကို ခုန်ပေါက်ဆော့ကစားပြီး ပျော်နေတော့တာ… သူတို့ကို အောင်မြင်တယ်လို့ဆိုနိုင်မလား??? ပိုက်ဆံတွေ ကျိကျိတတ်ချမ်းသာပြီး၊ လူအများ ပါးစပ်ဖျားမှာ ရေးပမ်းစားနေတဲ့ ဆယ်လီတွေကော ကလေးတစ်ယောက်လို စိတ်လွတ်ကိုယ်လွတ်ပျော်နိုင်ပါ့မလား?? ( ပျော်တဲ့သူတွေလည်းရှိပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။ ) ကိုယ်တွေသာ အဲ့မေးခွန်းမေးလို့ကတော့ နှစ်ခုလုံးလိုချင်တယ်လို့ပဲဖြေမှာ… တစ်ခုပဲရမယ်ဆိုရင် ယူမနေတော့ဘူး။ နှစ်ခုစလုံး အရှုံးကြီးပဲ။ ပျော်ပျော်နေတတ်သူတွေက အနိုင်ကျင့်ခံရတတ်တယ်။ ငွေးရေးကြေးရေးအရ အောင်မြင်ပြီး ပျော်အောင်မနေတတ်သူတွေက စိတ်ထားကြမ်းကြုတ်တယ်။ ရက်စက်တယ်။ သူတစ်ပါးရဲ့ ပျော်ရွှင်မူကို မနာလို ဝန်တို ဖျက်လိုဖျက်ဆီးလုပ်တတ်တယ်။ နှစ်ခုစလုံး အရယူနိုင်ရင် အကောင်းဆုံးပဲ။