Me: The Lost Short Stories Part (1)
Playboyနှင့်ဆရာပီတိရဲ့ကြိမ်လုံး
ကိုးတန်းတုန်းကကျူရှင်မှာဆရာကGrammarရှင်းတာPlayနဲ့ပတ်သက်ပြီးဘာတွေရှိသေးတုန်းလို့မေးတာကိုယ်တွေကပလေးဘွိုင်းလို့ထဖြေတာဆရာကဘာတဲ့ကစားနေတဲ့ယုန်ကလေးဘာတဲ့ကစားနေတဲ့ယုန်ကလေးဆိုပြီးတုတ်နဲ့လှမ်းရိုက်တယ်။ဆရာဘာလို့ရိုက်လဲဆိုတာအဲ့တုန်းကကောင်းကောင်းနားမလည်/မမှတ်မိခဲ့ဘူး။အခုယုန်ပုံတွေတွေ့မှဆရာလည်းပလေးဘွိုင်းသိတာနေမှာဘဲဆိုတာပြန်သတိရမိတယ်။
Dream ဆိုင်ကယ် Part (1)
ဆယ်တန်းပြီးခါစကကိုယ်တွေချက်ချင်းမန္တလေးကိုပြောင်းမလာသေး။အရင်ဆုံးလားရိူးမှာသောင်တင်။အဲ့တုန်းကလည်းကိုယ်တွေကိုအိမ်ကဆိုင်ကယ်ပေးစီးထားတယ်။ဆယ်တန်းပြီးခါစကိုဆိုင်ကယ်ပေးစီးတယ်ဆိုတာအိမ်ကတော်တော်သတ္တိရှိတယ်ပြောရမယ်။ကိုယ်တွေကိုပေးစီးလို့သတ္တိရှိတယ်ပြောတာပါ။ကျန်တဲ့သူကိုပေးစီးရင်ဘာမှမဖြစ်ဘူး။အဲ့လိုနဲ့ဆိုင်ကယ်ကခဏခဏပြောင်းရတယ်။အိမ်ကကားဘဲရှိတာ။ဆိုင်ကယ်စီးဖို့လို့တာဆိုလို့အိမ်မှာကိုယ်တစ်ယောက်ဘဲရှိတာကိုး။အဲ့တာနဲ့အိမ်ကမဝယ်ပေးပေမဲ့အဆင်ပြေအောင်အဖေရဲ့ဝန်ထမ်းဆိုင်ကယ်ကိုပေးစီးတယ်။ကိုယ်တွေကလဲဟန်ကျတာဘဲပေါ့။ဆိုင်ကယ်တစ်ပတ်တစ်မျိုးနှစ်ပတ်တစ်မျိုးလောက်လဲစီးလိုက်ရတယ်။ကိုယ်တွေလဲမောင်းတတ်ခါစမှာဆိုင်ကယ်အထည်လဲလဲစီးရတော့ပျော်တာပေါ့။
အတန်းခေါင်းဆောင်
အလယ်တန်းကျောင်းသားဘဝတုန်းကကိုယ်တွေရဲ့အခင်ဆုံးသူငယ်ချင်းနဲ့အရမ်းတည့်တယ်။လူတိုင်းနဲ့တည့်ပါတယ်။လူတိုင်းနဲ့ကအချိန်ပြည့်တည့်တယ်။သူ့ကိုမတည့်တဲ့အချိန်နှစ်ချိန်ရှိတယ်။ပထမတစ်ချိန်ကသူနာမည်မှတ်တဲ့အချိန်ဘဲ။နာမည်မှတ်တယ်ဆိုတာကဆရာမကအစီးဝေးရှိတာဘဲဖြစ်ဖြစ်ကျောင်းချိန်လစ်ပြီးစျေးသွားတာဘဲဖြစ်ဖြစ်ဆိုအတန်းငြိမ်အောင်လို့အတန်းခေါင်းဆောင်ကိုစကားများတဲ့လူနာမည်မှတ်ခိုင်းတယ်။ကိုယ်တွေလိုတစ်မိနစ်အငြိမ်မနေနိုင်တဲ့လူကခက်ပြီလေ။အမြဲဒဏ်ငွေဆောင်ရတယ်။တာလီတစ်ခါချိုးရင်၅၀၊၁၀၀ပေးရတယ်။ကိုယ်တွေအဲ့တုန်းကမုန့်ဖို့(၅၀၀)ဘဲရတယ်။ဘယ်တော့မှမလောက်။အဲ့တော့အလျော့ပေးဖို့သူနဲ့အမြဲသတ်ရတယ်။
နောက်တစ်ခုကဆရာမမရှိရင်သူကစာထွက်ရေးပေးရတယ်။ဆရာမကမရေးချင်လို့ရှောင်တာလို့သိလာတယ်။အခုမှကိုယ်ချင်းစာမိတယ်လေ။အတန်းခေါင်းဆောင်ကလက်ရေးမြန်။ကိုယ်တွေကလက်ရေးစုတ်ကစုတ်နှေးကနှေး။သူကဟိုဘက်အခြမ်းပြီးရေးပြီးသားအဖက်ကိုဖြတ်ပြီးဆက်ရေးဖို့လုပ်တယ်။တစ်တန်းလုံးနီးပါးကမပြီးသေး။သူဒက်စတာကောက်ကိုင်ရင်တစ်ခန်းလုံးနီးပါးဝေးဝါးဝူးဝါးဖြစ်တယ်။
အဲ့အတန်းခေါင်းဆောင်သူငယ်ချင်းကနှစ်တိုင်းအတန်းခေါင်းဆောင်ဘဲ။တော်တာကြောင့်ကောပါတာကိုး။အဲ့တော့အလယ်တန်းနောက်ဆုံးနေ့အထိသူနဲ့ရန်ဖြစ်ရတယ်။နောက်ဆုံးနေ့ရန်ဖြစ်ရတာနာမည်မှတ်လို့၊စာဖျက်လို့မဟုတ်ဘူး။အကုန်လုံးနဲ့နောက်ဆုံးနေ့မှာဘယ်ဆိုင်မှာထိုင်ပြီးမုန့်စားရမလဲငြင်းကြတာ။
လူခြောက်ယောက်
လူမှန်းသိခါစအရွယ်တုန်းကအိမ်ကမိန်းမဘယ်နယောက်ယူမှာတုန်းမေးရင်လက်ထဲမှာရှိသမျှလက်ငါးချောင်းလုံးထောင်ပြီးခြောက်ယောက်လို့ဖြေတယ်။တစ်ယောက်ကအဝတ်လျော်ဖို့၊တစ်ယောက်ကထမင်းချက်ဖို့၊တစ်ယောက်ကကလေးအပိုအကြို့လုပ်ဖို့၊တစ်ယောက်ကပန်းကန်ဆေးဖို့၊တစ်ယောက်ကအိမ်စောင့်ဖို့၊တစ်ယောက်ကအမေ့ကိုနှိပ်ပေးဖို့လို့ပြောတယ်။အဲ့တုန်းကအိမ်ကလူကြီးတွေများသဘောကျချက်။ခုတော့ရည်းစားတစ်ယောက်ထားမယ်ဆိုသူတို့မပြောပေမဲ့မျက်နှာကြည့်ပြီးမထားရက်ဘူး။
pH Care
ဆယ်တန်းတုန်းကကျောင်းမှာဆယ်တန်းကျောင်းသားတွေအတွက်အင်နာဗွန်စီလာကြော်ငြာရင်ကျောင်းသားကျောင်းသူတွေကိုတစ်ယောက်(၃)လုံးစီလက်ဆောင်ပေးတယ်။အဲ့လိုအားဆေးတွေကြော်ငြာတဲ့အပြင်နောက်တစ်ပတ်လောက်အကြာမှာpHCareကလာကြော်ငြာရင်းဟောပြောပို့ချတယ်။အဲ့တာအပြီးမှာကျောင်းသားတွေကောကျောင်းသူတွေကောpHCareတစ်ယောက်ကို(၂)ထုတ်စီရတယ်။ကျောင်းသားတစ်ယောက်ကဘာလုပ်ရမလဲထမေးတော့လက်ဆေးလို့ရတယ်ပြောလို့သိမ်းထားကြတယ်။ကိုယ်တွေတော့အတိတ်ကဒဏ်ရာဟောင်းကြောင့်ကိုယ့်စာသင်ခန်းဒုတိယအထပ်ရောက်တော့ကိုယ်ထိုင်နေတဲ့ခုံဘေးကပြတင်းပေါက်ကနေpHCareအထုတ်လေးကိုဖောက်ပြီးလေတိုက်တိုင်းလေပေါ်ဝဲနေတဲ့ထွက်ကြလာတဲ့pHCareကိုထိုင်ကြည့်ရင်းထိုင်ရယ်နေတာကိုမှတ်မိသေးတယ်။
Bang the door
တံခါးခေါက်ရင်လက်စစ်ကြီးနဲ့ခေါက်တာဘယ်လိုမုန်းမှန်းမသိ။တံခါးခေါက်လိုက်တော့ဒီအထဲကအသံအကျယ်ကြီးမြည်တော့လန့်လန့်သွားတယ်။ကိုယ်တွေဆိုကိုယ်ချင်းစာလို့တံခါးမခေါက်ဘဲဘုသီးဘဲလှည့်တယ်။အမေဆိုတံခါးကိုလက်စစ်ကြီးနဲ့ခေါက်တယ်။အကျယ်ကြီးဘဲ။ကိုယ်တွေကသီချင်းအေးအေးလေးဖွင့်ပြီးနားနေတဲ့အချိန်ဆိုအဲ့ဒေါက်…ဒေါက်…ဒေါက်ဆိုတာကြီးကအရမ်းနေရခက်တယ်။မနေ့ကလည်းအလုပ်သမားတွေသော့လာတောင်းတာတံခါးကိုဒေါက်…ဒေါက်…ဒေါက်…လာခေါက်တယ်။Game of Thrones ကြည့်နေတုန်းကြီးဇိမ်ပျက်တာပေါ့။Season finalကိုဇိမ်လေးနဲ့နားပြီးကြည့်နေတာကိုလာခေါက်တယ်။ထားလိုက်ပါတော့။နောက်တစ်ခုကြောင့်ပိုပြီးဇိမ်ပျက်သွားတယ်။ Jon Snow ကDaenerysအခန်းတံခါးကိုလက်စစ်ကြီးနဲ့ပြင်းပြင်းထန်ထန်(၃)ချက်ခေါက်လိုက်တာကြောင့်တော်တော်နေရခက်သွားတယ်။ကိုယ်တွေထင်တာအလိုက်မသိတဲ့လူတွေဘဲတံခါးကိုအဲ့လိုခေါက်တယ်ထင်တာ Jon Snowလိုအလိုက်သိတဲ့ကောင်တောင်အဲ့လိုခေါက်တော့ ကိုယ့်တံခါးဘုလှည့်သံပေးပြီးလူရောက်ကြောင်းအသိပေးတာအရူးလိုလိုခံစားလိုက်ရတယ်။
