ကောင်းခြင်း၊ ဆိုးခြင်း ကိုကျော်လွန်၍ (မှတ်စု-၁)

Ivan
4 min readJan 24, 2022

--

Book Cover

ကျွန်ုပ် ၏ နိဒါန်း

စာအုပ်တွေဖတ်ရင်းနဲ့ အခုနောက်ပိုင်း စိတ်ဝင်စားမိတဲ့ အရာကတော့ NihilismPerspectivism စသဖြင့် အမည်ရှိတဲ့ ဝါဒတွေနဲ့ပတ်သတ်ပြီး လေ့လာလိုစိတ်ဖြစ်မိတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ Fyodor Dostoevsky ရဲ့ “The Brothers Karamazov” ၊ Yuval Noah Harari ရဲ့ “Homo Sapiens” နဲ့ “Homo Deus” စာအုပ်တွေကိုဖတ်မိရာကနေစတာဖြစ်တယ်။ ဒီအခါမှာ ဒီစာအုပ်တွေမှာပါဝင်တဲ့ အဓိကအကြောင်းအရာတွေကို ကျွနု်ပ်အနေနဲ့ အလွန်ကြိုက်နှစ်သက်တယ်လို့ ခံစားရတယ်။ ပိုပြီးတော့လည်း သိချင်လာခဲ့တယ်။ ဒါကြောင့် ကျွနု်ပ်အနေနဲ့ တွေ့ရတာကတော့ “Nihilism” မှာ Dostoevsky ဟာ သရုပ်ဖော် ဝတ္ထုတွေနဲ့ ရေးသားခဲ့တာဖြစ်ပြီး၊ Nietszche က Commentary “ဋီကာ” တွေကိုရေးသားခဲ့တယ်ဆိုတာကို တွေ့ရတယ်။ ဒါကြောင့် Friedrich Nietszche ရဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တဲ့ “Beyond Good and Evil” ဆိုတဲ့စာအုပ်ကို အလွန်စိတ်ဝင်စားမိတယ်။ ဒီစာအုပ်ဟာ အပြီးသတ်ကျမ်းစာအုပ် သဘောမျိုးမဟုတ်ပဲ၊ ကျွန်ုပ်တို့ရဲ့ ရှေးရိုးစွဲ အတွေးအမြင်တွေကိုပြောင်းလဲဖို့လိုကြောင်း တိုက်တွန်းထားတဲ့စာအုပ်ဖြစ်တယ်။

Friedrich Nietszche

သို့သော်လည်း ၊ မြန်မာဘာသာကိုပြန်ဆိုထားတဲ့စာအုပ်မရှိတာကြောင့် ဖတ်ရာမှာတော်တော်မလွယ်ကူဘူးဖြစ်နေတာကိုတွေ့ရတယ်။ နောက်တစ်ချက်က ဒီလိုစာအုပ်မျိုးဟာ မြန်မာလိုပြန်ဆိုထားတယ်ဆိုရင်တောင်မှ စာရေးသူရဲ့ ဆိုလိုရင်းကို နားလည်မှုမလွဲပဲ သေချာသိမြင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွနု်ပ် Summary ( အကျဉ်းချုပ် ) အချို့ကိုလိုက်ရှာတဲ့အခါမှာ “Sparknotes” က Study Guide အချို့နဲ့ “Youtube Channel” အချို့မှာ တွေ့ရပါတယ်။ ဒါကြောင့် အချက်အလက်တွေကို မှတ်စုအနေနဲ့ မှတ်သားထားခြင်းဖြစ်ပါတယ်။ ဘာသာပြန်လေ့မရှိတာရယ် ၊ ဒီနယ်ပယ်နဲ့ မရင်းနှီးသေးတာရယ်ကြောင့် ဘာသာပြန်ထားတဲ့အခါမှာ မှားယွင်းမှုရှိနေတာတွေကို နားလည်ပေးဖို့ အထူးမေတ္တာရပ်ခံပါတယ်။

အခန်း (၁)-ဒဿနပညာရှင်များ ၏ ဘက်လိုက်မှု

(Prejudices of the Philosophers)

Will to Truth

ပထမဆုံးလေ့လာရမှာက “Will to Truth” ဆိုတဲ့ စကားလုံးပဲဖြစ်တယ်။ ဘာကိုဆိုလိုသလဲဆိုရင်တော့ Nietszche ဟာ ကျွနု်ပ်တို့ရဲ့ အမှန်တရားကိုမြတ်နိုးတဲ့ စိတ်စွမ်းအင်ကို မေးခွန်းထုတ်ထားတာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ မေးခွန်းတွေမေးပြီး အမှန်တရားရဲ့ တန်ဖိုးအစစ်မှန်ကို ကိုယ်တိုင်နားလည်စေဖို့ ရည်ရွယ်ထားတာြဖစ်တယ်။

ကျွနု်ပ်တို့ ကမ္ဘာကြီးမှာ ဆန့်ကျင်ဘက်တန်ဖိုး ၂ ခုအပေါ်မှာယုံကြည်နေတဲ့ အယူဝါဒဆွဲ တစ်ခုရှိပါတယ်။ “အမှန် နဲ့ အမှား” ၊ “အစစ် နဲ့ အတု” ၊ “ကောင်းခြင်း နဲ့ ဆိုးခြင်း” စတဲ့ ဆန့်ကျင်ဘက်တန်ဖိုးတွေပါ။ သာမာန်အားဖြင့် အမှန်ရဲ့ ဆန့်ကျင်ဘက်အရာတွေကို အမှားလို့ မှတ်ယူကြတယ်။ သို့ပေမယ့် ၄င်းဆန့်ကျင်ဘက် ၂ ခုအကြားကဆက်နွယ်မှုဟာ ကျွနု်ပ်တို့ထင်သလောက်မရိုးရှင်းဘူး။ တစ်ခါတစ်လေမှာ ကျွနု်ပ်တို့သိထားတဲ့ အမှန်ဟာ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေပါဝင်နေပြီး တကယ့်တကယ်မှာ အမှားကနေပေါက်ဖွားလာတာလည်း ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် စဉ်းစားတွေးခေါ်တဲ့ကိစ္စမှာ ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်ဗီဇ တွေပါဝင်နေခြင်းဟာ ဘက်လိုက်နေခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

ကျွနု်ပ်တို့ဟာ အမှားထက် အမှန်ကိုတန်ဖိုးထားကြပေမယ့် ကျွနု်ပ်တို့ အမှားလို့ သိထားတဲ့တချို့သောအရာတွေက အမှန်ထက်တန်ဖိုးရှိနေနိုင်တယ်။ ဒဿနာပညာရှင် “philosophers” တွေဟာ သူတို့ရဲ့ ဒဿနကို ဓမ္မဓိဌာန်ကျပြီး ၊ သူတို့ရဲ့ ပင်ကိုယ်ဗီဇကို ဘက်လိုက်မှုမရှိဘူးလို့ဆိုပေမယ့် Nietszche ကတော့ သူတို့ဟာ တစ်ချိန်လုံး အဲဒီဘက်လိုက်နေတဲ့ အတွေးအခေါ်တွေကို အမှန်တရားလို့ သတ်မှတ်ပြီး၊ ၄င်းအမှန်တရား ရဲ့ တန်ဖိုးတွေကိုပဲ ချိန်ညှိနေကြတယ်လို့ ဆိုတယ်။ အဲ့ဒီလိုဘက်လိုက်နေတဲ့ အတွေးအခေါ်တွေအားလုံးဟာ တွေးခေါ်သူ (ဒဿနပညာရှင်) ရဲ့ အတွင်းစရိုက်ကို ဝန်ခံထားတဲ့ ဝန်ခံချက်တစ်ခုထပ်ဘာမှမပိုဘူးလို့ဆိုတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူက မတူညီတဲ့ ဒဿနပညာရှင်တွေနဲ့ ၄င်းတို့ရဲ့ ဒဿနအချို့ကို သုံးသပ်ပြထားတယ်။

Will to Power

ဒဿနာပညာရှင်တွေဟာ ကျွနု်ပ်တို့ကို သဘာဝအတိုင်းနေထိုင်ကြဖို့ ပြောပေမယ့် တကယ့်တကယ်မှာတော့ သူတို့ဟာ သဘာဝကို ပြန်လည်ဖန်တီးချင်တာထက် သဘာဝကို သူတို့ဖြစ်စေချင်တဲ့အတိုင်းဖန်တီးချင်တာဖြစ်တယ်လို့ဆိုတယ်။ ဒီအခါမှာ Nietszche ရဲ့ ကျော်ကြားတဲ့ အသုံးအနှုန်းဖြစ်တဲ့ “Will to Power” ကို ကျွနု်ပ်တို့ သိထားရမယ်။ “Will to Power” ကိုတော့ တိုက်ရိုက်ဘာသာပြန်ဖို့ခက်ခဲပါတယ်။ ကျော်ကြားပြီး အဓိပ္ပါယ်ကောက်ရခက်တဲ့စကားလုံးဖြစ်လို့ပါ။

အဓိပ္ပါယ်ကို အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ “ကျွန်ုပ်တို့လုပ်သမျှအားလုံးဟာ ကျွန်ုပ်တို့အတွက်ပဲဖြစ်တယ်” လို့ဆိုရမှာဖြစ်တယ်။ [ref : WTF is Will to Power?] ကျွနု်ပ်အနေနဲ့တော့ စွမ်းအားကြီးလိုစိတ် လို့ပဲနားလည်ထားလိုက်တယ်။

Quotes from AZ Quotes

Nietzsche ရဲ့ အဆိုအရ ၄င်း “Will to Power” ဟာ ကျွနု်ပ်တို့ရဲ့ ပင်ကိုယ်ဗီဇ တစ်ခုဖြစ်တယ်။ ဒီတော့ ကျွနု်ပ်တို့ ပြောသမျှ၊ တွေးသမျှ၊ လုပ်သမျှ အရာတွေဟာ ကျွန်ုပ်တို့အတွက် သက်သက်ဖြစ်ပြီး ကျွနု်ပ်တို့ရဲ့ စွမ်းအားကြီးလိုစိတ်လို့ ကျွနု်ပ်နားလည်လိုက်တာဖြစ်တယ်။ Nietzsche က ဥပမာအနေနဲ့ ‘Anti-Realism’ လက်တွေ့အမှန်ဝါဒဆန့်ကျင်သူများ၊ ‘Materialistic Atomism’ ရုပ်ဝါဒီများ၊ ‘Kantianism’ ကန့်ဝါဒီများ၊ ‘Skepticism’ သံသယဝါဒီများကို ထောက်ပြခဲ့တယ်။ အကျဉ်းချုပ် မှတ်စုဖြစ်တဲ့အတွက် ‘Skepticism’ တစ်ယောက်ဖြစ်တဲ့ နာမည်ကျော် ‘Rene Descartes’ နဲ့ပတ်သတ်တာတစ်ခုကိုပြပါမယ်။

Rene Descartes

“Doubt is the origin of wisdom”
Rene Descartes

“Cogito ergo sum. (I think, therefore I am.)”
René Descartes

သံသယဟာ ဉာဏ်ပညာရဲ့ မူလအစဖြစ်တယ်၊ ‘I think, therefore I am’ ရဲ့ ဆိုလိုရင်းက ‘I’m able to think, therfore I exists’ ‘ငါတွေးနိုင်တာကြောင့် ငါတည်ရှိတယ်’ လို့ ဆိုလိုတာဖြစ်တယ်။ [ ref ] ဒါကို Nietzsche က ‘Immediate Certainty’ [ref] လို့သုံးနှုန်းထားတယ်။ ‘လက်ငင်းသေချာမှု’ ပေါ့။ ထောက်ပြထားတာက အခုလို သေချာပါတယ်ဆိုတဲ့ သေချာမှုတစ်ခုမှာ ကျုပ်တွေးတယ် ဆိုတာကြီးပါဝင်နေတယ်။ ဒီတော့ အောက်ကလိုမေးခွန်းလေးတွေဖြစ်လာတယ်။

‘ငါ’ တွေးတာဖြစ်လို့ ‘ငါ့ဘာငါ’ သေချာတာလား။

‘အတွေး’ က ငါ့ဆီကိုလာတာလား၊ ငါ့ကြောင့် ‘အတွေး’ ဖြစ်တာလား။

‘ငါတွေးတယ်’ ဆိုတဲ့အထဲက ‘ငါ’ ဆိုတဲ့တွေးသူမှာ အလိုဆန္ဒတွေ၊ ဘက်လိုက်မှုတွေ၊ ခံစားချက်တွေမပါဝင်ဘူးလို့ ကျွန်ုပ်တို့ဘယ်လိုများ တာဝန်ယူနိုင်ပါ့မလဲ။

Free Will

လွတ်လပ်တဲ့ဆန္ဒပေါ့၊ ကျွနု်ပ်တို့မှာရှိတဲ့ အရာရာကို လွတ်လပ်စွာ ရွေးချယ်နိုင်တဲ့စွမ်းအားပေါ့။ ‘Freedom of Choice’ [ ref ] လို့ Radical တွေက ဖွင့်ဆိုပါတယ်။ Nietzsche က ဒါနဲ့ပတ်သတ်ပြီး အထူးပြောထားတယ်။ ပထမဆုံးသူက ကျွန်ုပ်တို့ရဲ့ ဆန္ဒတွေမှာ (I) ‘ကျွနု်ပ်’ ဆိုတဲ့ အရာနဲ့ပတ်သတ်ပြီး ကျွနု်ပ်တို့ရဲ့ဆန္ဒဟာ ကျွနု်ပ်တို့ထင်သလောက်မရိုးရှင်းကြောင်း ဆိုတယ်။ ကျွနု်ပ်တို့ရဲ့ လွတ်လပ်တဲ့ဆန္ဒ ဆိုရာမှာ ‘ကျွနု်ပ်’ ဆိုတာဟာ အမိန့်ပေးခြင်း နဲ့ နာခံခြင်းရဲ့ အဓိကရင်းမြစ်တစ်ခုဖြစ်တာကို မြင်စေချင်တာဖြစ်တယ်။

ရူပဗေဒ ရဲ့ အဓိကအချက်ဖြစ်တဲ့ ‘အကြောင်းနဲ့အကျိုး’ (causes and effects) မှာ ကျွနု်ပ်တို့ အယူမှားနေကြတာက ‘ကျွနု်ပ်တို့ရဲ့ ဆန္ဒ’ (will) ကို ‘အကြောင်း’(cause) လို့ မြင်နေကြတာဖြစ်တယ်။

Commentary — ဋီကာ

“အမှန်တရား” နဲ့ ပတ်သတ်လို့ Nietzsche နားလည်ထားတာက သိမ်မွေ့ပြီး၊ လေးနက်မှုရှိပါတယ်။ အမှန် ၊ အမှားဆိုတာတွေဟာ မလုပ်ရတဲ့အရာတွေ၊ မရှိရတဲ့အရာတွေကို ချရေးထားတဲ့ အချက်အလက်တွေသာဖြစ်တယ်လို့ဆိုတယ်။ မှန်ပါတယ်ဆိုတဲ့ အမှန်တရားဟာ ရှုထောင့်တစ်ခုတည်းကနေကြည့်ပြီး ချရေးထားတာဖြစ်တယ်။ အကြွင်းမဲ့ အမှန်တရား၊ တကယ့်အမှန်တရားဆိုတာမျိုးက ဘယ်ရှုထောင့်တစ်ခုတည်းကနေမှကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမြဲတမ်းလိုလိုပဲ ကြည့်တဲ့သူအပေါ်မှာ မူတည်နေပြီး မတူညီတဲ့အမြင်တွေရှိနေကြလို့ဖြစ်တယ်။ လူတစ်ယောက်ဟာ အကြောင်းအရာတစ်ခုကို ရှုထောင့်တစ်ခုတည်းကနေပဲကြည့်မယ်ဆိုရင် တစ်ပိုင်းတစ်စ၊ အပြီးမသတ်သေးတာကိုပဲမြင်ရမှာဖြစ်တယ်။ ရှုထောင့်တစ်ခုတည်းကနေကြည့်ပြီး ဖြစ်ပေါ်လာတဲ့ အမှန်တရားဟာ ၄င်းရှုထောင့်တစ်ခုတည်းအတွက် “အမှန်တရား” ဖြစ်ပါတယ်။

Different Perspectives

ကျွန်ုပ်တို့လက်ရှိ “အမှန်” လို့ထင်နေတဲ့အရာတွေဟာ “အကြွင်းမဲ့၊ ချွင်းချက်မရှိမှန်တဲ့ အမှန်” မျိုးမဟုတ်ပဲ ကျွနု်ပ်တို့ရှုထောင့်ကနေမြင်ရတဲ့အရာတွေကို အဓိပ္ပါယ်ကောက်ဆွဲယူထားတာဖြစ်ပါတယ်။ ကျွနု်ပ်တို့အနေနဲ့ “အကြွင်းမဲ့ မှန်တဲ့အမှန်တရား” ဟာ မရှိဘူးလို့ လက်ခံလိုက်ပြီဆိုတာနဲ့ ဒီအမှန်နဲ့အမှားကြားက ဆက်နွယ်မှုတွေဟာ ပိုပြီးကြွယ်ဝလာတဲ့အတွက် ရှုပ်ထွေးလာပါမယ်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ဟာ ‘ Democratic ’ အမြင် နဲ့ လောကကိုကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ‘အမှန်တရား’ ဆိုတာဟာ ‘Democratic’ ရဲ့ ဥပဒေသတွေအရပဲမှန်မယ်။ (သို့မဟုတ်) ကျွနု်ပ်တို့ဟာ ‘God’ ထာဝရဘုရားရှိတယ်လို့ မြင်ရင် ‘God’ မရှိတဲ့ ‘Buddhism’ လို , ‘Marxism’ လို အယူဝါဒတွေကို အမှန်လို့မြင်နိုင်ပါ့မလား။ ၄င်းဖြစ်ရပ်မျိုးမှာလဲ ကျွန်ုပ်တို့ရဲ့ ဘက်လိုက်မှုတွေကို တွေ့မြင်နိုင်တယ်မဟုတ်ပါလား။ တစ်နည်းပြောရရင် ကျွန်ုပ်တို့ဟာ လောကကို ကျွန်ုပ်တို့ မြင်ချင်တဲ့အတိုင်းပဲ မြင်နေတယ်လို့ဆိုတယ်။

(မှတ်စုရေးသူ ၏ မှတ်ချက်။ ။ အထက်ပါအကြောင်းအရာကဲ့သို့သော ဘာသာတရား၊ ဖြစ်တည်မှုသဘောတရား၊ ပကတိအမှန်တရား၊ ပကတိကျင့်ဝတ်တွေကို ငြင်းပယ်သူများကို Nihilism လို့ခေါ်ပါတယ် [ Source : Wikipidea ]။ Nihilism နဲ့ပတ်သတ်ပြီး တချို့က အစွန်းရောက်တွေ၊ လူ့ဘဝက အဓိပ္ပါယ်မရှိဘူးထင်လို့ ကိုယ့်ကိုယ်ကို သတ်သေသူတွေအဖြစ်မြင်ကြပါတယ်။ ကျွန်ုပ်သည် ‘Buddhism’ တစ်ဦးဖြစ်ပြီး မြန်မာအခေါ် ‘မိရိုးဖလာ ဗုဒ္ဓဘာသာဝင်’ တစ်ဦးသာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်ဟာ သောတာပန်မတည်သေးတဲ့အတွက် ဒိဌိနဲ့ ဝိစိကိစ္စာ (စာလုံးပေါင်းမှားနိုင်) ကိုလဲ မပယ်နိုင်သေးပါ။ လောကကို မတူတဲ့အမြင်တစ်ခုကနေ ရှုမြင်နိုင်စေရန်သာရည်ရွယ်ပြီး ဒီမှတ်စုကိုရေးသားခြင်းဖြစ်ပါတယ်။)

Capitalism vs Marxism

စီးပွားရေး အတွေးအခေါ်သမားတွေမှာဆိုရင် စီးပွားရေးအမြင်နဲ့ပဲ လောကကိုကြည့်မြင်ပါတယ်။ ဥပမာ — ‘Capitalism’ အရင်းရှင်ဝါဒ ဆိုတာဟာလဲ စီပွားရေးအမြင်တစ်ခုတည်းနဲ့ (သို့) အရင်းရှင်တစ်ယောက်ရဲ့ တိုးတက်ကြီးပွားရေးအမြင်နဲ့ပဲကြည့်မယ်ဆိုရင် မှန်တယ်လို့ဆိုရမှာဖြစ်တယ်။ သို့ပေမယ့် အလုပ်သမားလူတန်းစားအတွက်တော့ မမှန်ကန်ဘူးဆိုတာ ပြီးခဲ့တဲ့ တော်လှန်ရေးတွေကိုကြည့်ရင် သိနိုင်ပါတယ်။

ရိုးရှင်တဲ့ အမှန်၊ ရိုးရှင်းတဲ့ အမှားဆိုတာတွေရော မရှိနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ ဒီမေးခွန်းဟာ တရားမျှတပါတယ်။ ဒီလိုအမှန်မျိုးဟာလဲ မရှိဘူးမဟုတ်၊ ရှိပါတယ်။ အဲဒါကတော့ ‘၁+၁ = ၂’ ဆိုတဲ့ အမှန်မျိုးကတော့ ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်ဗီဇအပေါ်ဘက်လိုက်မှုတွေ၊ ကျွန်ုပ်တို့ရဲ့ အမြင်တွေမပါဝင်ပါဘူး။ ဒါကြောင့် ကျွနု်ပ်တို့ဟာ Nietzsche ပြောချင်တဲ့ အဓိက အကြောင်းအရာဟာ “ Will to Power” ဖြစ်တယ်ဆိုတာကို သတိထားနိုင်ဖို့ လိုအပ်ပါတယ်။ သို့မဟုတ်ပါက လမ်းကြောင်းလွဲသွားနိုင်ပါတယ်။

အထက်ပါအချက်အလက်တွေကိုပြန်ကောက်မယ်ဆိုရင် — Nietzsche ရဲ့အဆိုအရ လောကမှာ အရေးပါတဲ့အရာတွေဟာ အမြဲတမ်းပြောင်းလဲလို့နေတယ်။ ဒဿနပညာရှင်တွေဟာ ၄င်းအရေးပါတဲ့ အရာတွေထဲမှာမှ လွဲသွားတဲ့အချက်တွေကိုပဲ ပြန်ပြင်နေကြတာဖြစ်တယ်။ Nietzsche ဟာ (will) ရမ္မက် ကို အားလုံးရဲ့ အပြောင်းအလဲမှာ အဓိကကိုယ်စားလှယ်အဖြစ်မြင်တာကြောင့် သူ့ရဲ့ ဒဿနတွေအများစုမှာ ၄င်း (will) ကိုပဲအဓိကထားရေးသားထားခြင်းဖြစ်တယ်။ ပြောင်းလဲခြင်းတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ၄င်း (will) ဟာလဲ လွတ်လပ်ခြင်း၊ စိုးမိုးခြယ်လှယ်ခြင်း၊ တစ်ပါးသူအပေါ်လွှမ်းမိုးခြင်း စတာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဒါကြောင့်အပြောင်းအလဲအားလုံးဟာ “Will to Power” စွမ်းအားကြီးလိုစိတ်ကြောင့် ပြောင်းလဲနေရတယ်လို့ဆိုတယ်။ Nietzsche က လူသားတွေကို တစ်ပါးသူကိုလွှမ်းမိုးနိုင်ဖို့ရုန်းကန်နေတဲ့ (will) အရှုပ်အထွေးကြီးအဖြစ်မြင်တာဖြစ်တယ်။ ဒီထဲမှာမှ ‘Philosophy’ ဒဿနပညာကို ‘the most spiritual will to power’ လို့ ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒဿနပညာရှင်တွေဟာ သူတို့ရဲ့ ဘက်လိုက်မှုတွေ၊ ယူဆချက်တွေအတိုင်းလိုက်နာအောင် တစ်ပါးသူတွေကို တိုက်တွန်းနေကြလို့ဖြစ်တယ်။ ဒီဿနပညာရှင်တွေဟာ သူတို့ရဲ့ (will) ‘အလိုအရ ဆုံးဖြတ်ချက်' ကို (Truth) ‘အမှန်တရား’ ဖြစ်စေချင်တာကြောင့်ပါပဲ။

(မှတ်ချက်။ ။ will ရဲ့ meaning တွေကို သင့်တော်သလိုဘာသာပြန်ထားပါတယ်။ နားလည်သလိုပြန်ထားတာဖြစ်တဲ့အတွက် ဘာသာပြန်အမှား၊ အယူအဆအမှား ရှိနိုင်ပါတယ်။ နောက်အခန်းတွေ ဆက်လက်ပြန်ဆိုနိုင်အောင် ကြိုးစားပါဉီးမည်)

Thin Ba Shane

25/1/2022 — Wakema , Myanmar

--

--