ရန်ကုန်မြို့  Bus ကားပေါ်မှအတွေး များ-(၁)

မြို့တော်ရန်ကုန်သည် ကားများ များပြားလာသည်နှင့်အမျှ မိမိလိုရာနေရာများသို့ သွားရာတွင်လည်း ယခင်ကနှင့်မတူ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေပါသည်။

အဓိကအကြောင်းအရင်းမှတော့ လမ်းများကြပ်ပီး ယာဉ်ကြောပိတ်ဆို့မှုများကြောင့်ဖြစ်သည်။ ရန်ကုန်မြို့တွင် အိမ်စီးကားများ တိုးတက်များပြားလာသော်လည်း အများသုံးသယ်ယူပို့ဆောင်ရေး ယာဉ်များကို အမှီပြုနေရသူများမှာများစွာရှိသည်။ မြောက်များစွာသော ကျောင်းသားကျောင်းသူများ၊ ကလေးသူငယ်များနှင့် မိဘများ၊ ရုံးအလုပ်လုပ်သူများ၊ အခြေခံလူတန်းစားများ၊ ဈေးသည်များ၊ အခြားသောနယ်ပယ်များမှ အသီးသီးအသွားအလာအတွက် အသုံးပြုနေသူများ စွာရှိကြပါသည်။ ကျွန်ုပ်သည်လည်း နေ့စဉ်သင်တန်းများသွားရန်အတွက် ထို ဘတ်စ်ကားများကိုသာအသုံးပြု ၍သွားလာနေရသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း သွားလာသည့် အခါကြုံတွေ့ရသည်များနှင့် မိမိ၏လမ်းကြပ်နေချိန် ကားပေါ်၌ ထိုင်နေစဉ် စဉ်းစားမိသည့်အရာများကို မျှဝေပေးလိုက်ရသည်။ လမ်းများကြပ်သည့် ပြဿနာမှစ၍ စဉ်းစားကြပါစို့။

ကျွန်ုပ်မြင်သည်မှာ ဘစ်ကားများသည်မည်သည့် အခါမျှ မှတ်တိုင်ရှိသည့်နေရာတွင် စနစ်တကျရပ်လေ့မရှိပါ။ အဆင်ပြေသလို လူအတင်အချပြုလုပ်ရန်လွယ်ကူပြီး မြန်မြန်ဆန်ဆန်ပြန်မောင်းထွက်ရန်အတွက် ချိန်ဆ၍ ရပ်သည်။ ထိုသို့မရပ်ပါက အခြားသောဘတ်စ်ကားများက ကြောသွားနိုင်ပီး ခရီးသည်များ အလုခံရနိုင်သည် ဖြစ်သောကြောင့် အပြိုင်အဆိုင်မောင်းရာမှ ဖြစ်သလိုရပ်မိခြင်းဖြစ်သည်။ အပြိုင်အဆိုင်မောင်းရသည်မှာလည်း ထိုကားများကိုမောင်းသောသူတို့၏ မိသားစုများအတွက် စားဝတ်နေရေးအတွက်ဟုဆိုကြသည်။ ထိုသို့ရပ်ခြင်းသည် လမ်းပိတ်ခြင်း၏ အစဖြစ်သည်။ အချို့သောနေရာများတွင် ခရီးသည်များအနေဖြင့်လည်း သတ်မှတ်ထားသော မှတ်တိုင်တွင် ရပ်မစောင့် ရောက်လေရာနေရာမှ တား၍စီးသောကြောင့်ရပ်ရသည်ကိုလည်းတွေ့ရသည်။ လမ်းကြပ်ခြင်းမှာလည်း အချို့သောနေရာများတွင်လမ်းပြင်ခြင်းကြောင့်လည်း ဖြစ်လေ့ရှိသည်။ အချို့သောနေရာများတွင် ကားများကို ကို့လို့ကန့်လန့် ပါကင်ထိုးရပ်ထားသောကြောင့်လည်းဖြစ်လေ့ရှိသည်။ သို့သော်ထိုသို့သော ဘတ်စ်ကားများသည် အခြားသောကားများထက် ကိုယ်ထည်ရှည်ပါသည်။ ထိုကားများ ကစည်းကမ်းနှင့်မမောင်းပါက အခြားသောကားများထက် လမ်းပိတ်ခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။

နောက်တစ်ခုကျွန်တော်သတိထားမိသည်မှာ ကားတော်တော်များများသည် သယ်ယူပို့ဆောင်ရေးယာဉ်ဟု စံချိန်မမှီသလို ကျန်းမာရေးရှုထောင့်ကကြည့်လျင်လည်း ကျန်းမာရေးနှင့်မညီညွတ်ပေ။

ယခုလိုပူအိုက်သောရာသီမျိုးတွင် ပို၍သာဆိုးသည်။ ကျွန်ုပ်သည် နေ့လည်နေ့ခင်း ဘတ်စ်ကားများစီးမိလျင် ကျွန်တော်တို့အိမ်တွင် ၀က်သားတုံးများကိုကင်လေ့ရှိသော သံပုံးများနှင့်အလားတူသည်ဟု စိတ်ထဲတွင်တွေးမိသည်။ အချို့သောကားများသည် ညနေပိုင်းရုံးဆင်းချိန်များတွင် ခရီးသည်များ ကိုလူပိုတင်သည်မှာ ဆီသွပ်ဘူးနှင့်သာတူပါသည်။ ခရီးသည်များကို ခြေချစရာနေရာမရှိအောင်တင်ပြီး သယ်ယူပို့ဆောင်ရေးလုပ်နေသော ကားများသည်အလွန်တရာမှ အန္တရာယ်များသည်။ ကျန်းမာရေးအရကြည့်လျင် ကူးစက်ရောဂါကူးမည်ဆိုပါက လွန်စွာလျင်လျင်မြန်မြန်ကူးနိုင်သည်။ ညနေရုံးဆင်းချိန်ဖြစ်သောကြောင့် အနံ့အသက်များလည်းမကောင်းသလို စိတ်အနှောက်အယှက်မျိုးစုံဖြစ်ရသည်။ လူများတစ်ယောက်နှင်ကတစ်ယောက်ထပ်ပြီးစီးနှင်းလာသောကြောင့် အမျိုးသမီးများဖက်မှကြည့်လျင်လည်း အကျင့်ပျက်သူများ၏ ထိပါးရိပါး စော်ကားခြင်းကိုခံရနိုင်သည်။ လူတစ်ဦးခြင်း၏ စိတ်သဘောတရားအရ စဉ်းစားသော်လည်း ကားပေါ်တွင်တစ်နေကုန်အလုပ်လုပ် ပင်ပန်းနေသောလူတစ်ယောက်သည် တစ်လမ်းလုံး စိတ်အနှောက်အယှက်ဖြင့် စီးရသောကြောင့် ထိုလူသည် စိတ်မကြည်နိုင်တော့ပါ။ ထိုစိတ်မကြည်မှုသည် ဒေါသဖြစ်လွယ်စေပါသည်။ ထိုသို့သော အိမ်အပြန်လမ်းတွင် ဖြစ်ပွားသော စိတ်အနှောက်အယှက်သေးသေးလေးကြောင့် မိသားစု ပြဿနာများမှအစ အခြားသောဆိုးကျိုးများကိုဖြစ်စေနိုင်သည်။ သို့သော်ယခုအခါတွင် စနစ်ကျပီး ခေတ်မှီသည့် ပိုမိုကောင်းမွန်သောဘတ်စ်ကားလိုင်းသစ်များတိုးလာခြင်းသည် သတင်းကောင်းတစ်ခုဖြစ်သည်။ သို့သော် အစီးရေနည်းသေးသောကြောင့်လည်းကောင်း လိုရာခရီးကိုမရောက်ခြင်းသို့သော်လည်းကောင်း စီးသည့်သူများသည်နည်းပါးနေသေးသည်။

ကျွန်ုပ်သည် အဓိကစဉ်းစားမိသောအရာရှိသည်။ ထိုအရာမှာ ဘတ်စ်ကားမောင်းသူများနှင့် စပယ်ယာများ

၏ ၀န်ဆောင်မှု ပြောဆိုဆက်ဆံမှုတို့ဖြစ်သည်။ ရန်ကုန်မြို့  သည် နေပူကားကြပ်ပြီး ဘတ်စ်ကားများသည်လည်း သံပုံးများသာသာ သာလျင်ဖြစ်သောကြောင့် ၈၀% ရှိသော လမ်းပေါ်တွင်ကားမောင်းနေသူတို့မှာ အပူရှိန်ကြောင့် အမြဲလိုလိုစိတ်တိုနေတတ်ပါသည်။ လမ်းကြပ်သောအကြောင်းအရာပါ ထပ်ပေါင်းလိုက်မည်ဆိုရင် စိတ်ရှည်သော ကားဒရိုင်ဘာသည် ၁၀%တောင်မပြည့်ပေ။ ထို့ကြောင့် ထိုသူတို့၏ စကားပြောဆက်ဆံမှုသည် ကြမ်းတမ်းခက်ထန်နေသည် မှာထိုအကြောင်းအရာများကြောင့် ဖြစ်နိုင်သည်။ တစ်ခါတရံ နားရှက်ဖွယ်စကားများကို အမျိုးသမီးများနှင့် ကလေးများပါသည်ကို သတိမထားမိတော့ပဲ ဆက်တိုက်ပြောဆိုနေမိသည်။ ထိုသို့သော စိတ်တိုနေခြင်းကြောင့်လည်း ခရီးသည်များအပေါ်တွင် ၀န်ဆောင်မှုကောင်းများမပေးနိုင်တော့ပေ။ ခရီးသည်များသည် ပိုက်ဆံပေးပြီး အအော်ခံ အငေါက်ခံဘ၀များသို့ပြောင်းသွားသလေလားဟု တွေးမိသည်။ ကားပေါ်သို့ စီးနှင်းလိုက်ပါလာကြသူများတွင် လူမျိုးစုံ ရှိသလို အထူးသဖြင့် ကလေးသူငယ်များလည်းပါဝင်ပါသည်။ ကလေးများသည် ပတ်ဝန်းကျင်ကိုကြည့်ပြီးအမြဲတမ်းလိုလို မသိစိတ်တွင်လေ့လာသင်ယူတတ်သော အရွယ်များဖြစ်သည်။ ထိုသူတို့၏ စကားပြောများ အမူအကျင့်များ ကိုနေ့စဉ် ကြုံတွေ့ရလျင် ထိုကလေးငယ်များသည် ထိုသူတို့၏ အမူအကျင့်များကို အတုခိုးလာနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်သည် ထိုသို့သော ကလေးသူငယ်များ၏ အနာဂါတ်နှင့် အများကြီး သက်ဆိုင်နေသည်။ ထိုကလေးငယ်များသည် ကားဒရိုင်ဘာများ ၏စည်းကမ်းမလိုက်နာပုံ ပြောဆိုဆက်ဆံမှု များကို အတုခိုးမိမှာကို ကျွန်ုပ်စိုးလှသည်။ ယခုလို ဖြစ်နေရခြင်းမှာလည်း ထိုကားမောင်းသူတို့၏ စားဝတ်နေရေးအခက်အခဲများ၊ စည်းကမ်းမလိုက်နာမှုများ၊ ကားများ၏အဆင့်အတန်းများနိမ့်ကျခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းများ နှင့် ၀န်ဆောင်မှု နှင့် သက်ဆိုင်သည့် အသိပညာ ဗဟုသုတနည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟုထင်မိသည်။

ကျွန်ုပ်သည် ဤစာကိုရေးသည့် အဓိကရည်ရွယ်ချက် မှာမည်သူကိုမျှထိခိုက်လိုစေခြင်း စိတ်မရှိ။ ကျွန်ုပ်သည် မြန်မာပြည်သူများ၏ လူနေမှုအဆင့်အတန်းကိုတိုးတက်စေလိုသော စိတ်စေတနာဖြင့်သာရေးခြင်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်သည် ရန်ကုန်မြို့၏ နေ့စဉ်လူအများသွားလာနေရသော သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဏကို အဆင့်အတန်းရှိ၍ တိုးတက်စေချင်သည်။ လူအများသွားလာ အသုံးပြု နေသော သယ်ပို့ဆောင်ရေးယာဉ်များ အထူးသဖြင့် ဘတ်စ်ကားများ အဆင့်တန်းရှိ စည်းကမ်းရှိပါက ယာဉ်လမ်းကြောင်း ပြဿနာများသာမက အခြားသော ပြဿနာများကိုပါ လျော့ကျစေနိုင်သလို လူအများလည်း စည်းကမ်းလိုက်နာမှုကိုလည်းတိုးတက် စေနိုင်သည်။ ရန်ကုန်သည် လူနေမှုအများဆုံးသောမြို့ဖြစ်သလို လူပေါင်းစုံရှိသော ကုန်သွယ်ရေးမြို့ တော်ကြီးဖြစ်သည်။ ထိုသို့သော မြို့ကြီးကသာယာလှပ သန့်ရှင်းပြီးစည်းကမ်းရှိပြလျင်အခြားခြားသောမြို့များသည် ရန်ကုန်မြို့ကြီးကို စံနမူနာယူပြီး စည်းကမ်းရှိအောင် သာယာလှပအောင် သန့်ရှင်းအောင် ကြိုးစားပြကြလိမ့်မည်ဟုထင်မြင်မိသည်။ ကျွန်ုပ်၏ ဘတ်စ်ကားပေါ်မှအတွေးပေါင်းများ များစွာရှိနေပါသေးသည်။ နောက်များမှ ထပ်မှန်မျဝေပါဦးမည်။ ကျွန်ုပ်သည် ကျွမ်းကျင်သောစာရေးဆရာတစ်ဦး မဟုတ်သည့်အတွက်လည်း အမှားအယွင်းများပါခဲ့သည်ရှိသော် ခွင့်လွတ်ပေးကြရန်တောင်ဆိုပြီး ခုတော့ခဏရပ်ဦးမည်။

Like what you read? Give Zin Thaw Tun a round of applause.

From a quick cheer to a standing ovation, clap to show how much you enjoyed this story.