ကိုဇော်ထက်နောင် မှာ ဘာအစီအစဉ် ရှိလဲ ..??
ကိုဇော်ထက်နောင် မှာ ဘာအစီအစဉ် ရှိလဲ ..??
ကြယ်တွေမှာ နံမယ်ကိုယ်စီရှိတယ်။
ကြယ်တွေ နံမယ်ပြောင်းလေ့ရှိသလားတော့ ကိုယ်လဲမသိဘူး ။ကိုဇော်ထက်နောင်ကြီးကတော့ ပြောင်းတယ် ၊ နံမယ်ပြောင်းတယ် ၊ဘဝပြောင်းတယ် ၊ နေရပ်လိပ်စာပြောင်းတယ် ။
အဲ .. အချစ်ကတော့ ..အဟောင်းကြီး အတိုင်း သစ်နေတုန်း ။သတိရတယ် ၊ ဆုံတုန်းခဏတွေဆီကို
၁၉ လမ်းထဲဝင်တာနဲ့ မြေပဲပြုတ်သည်လေးက ဆလံပေးတယ် ၊ ဆရာဖြိုး တဲ့ ။ခိုင်ထူးကြီး က မျက်နှာတည် ကြီး နဲ့ လှမ်းကြည့်တယ်။မင်းတို့မှာ ဘာအစီအစဉ် ရှိသေးလဲ ??ကားသော့ကို အသံမမြည်အောင် ဂရုတစိုက် ကိုင်တတ်တဲ့ ဆရာဝန်ကြီးကမေးနေကျ ၊အပ်ကြောင်းထပ်နေလဲ မညည်းမညူ မင်းတို့မှာ ဘာ အ စီ အ စ ဉ် ရှိ သေး လဲ …? .?ကျောက်မြောင်းသူလေးတွေက တွေ့တွေ့ချင်း ဥက္ကဋ္ဌ သမက် ကိုဖြိုးတဲ့ ..
ပခုံး ကို လွယ်တဲ့ အိပ်နဲ့ လွှဲရိုက်သွားတယ်။မနက်စောကျ ရင် ဘုရား ကိုသွားကြမယ် ။မဖြစ်သေးတဲ့ အနာဂတ်ကို တိတ်ရီကော်ဒါ ရီဝိုင်းရစ်သလို လေသံမျိုးနဲ့။
ငါက အခန်းဆက်ကိုကျော်ပြောတတ်တယ်။
သားနဲ့ မယားကို ဖိုးစီ ရောက်နေလို့ လို့ ကြိုပြောထားတတ်တဲ့ ဆရာဝန်ကြီးက ငါကတော့ ဖြစ်တယ် ၊ မင်းတို့မှာ ဘာအစီအစဉ် ရှိသေးလဲ …??
အစီအစဉ်ထဲမှာ လှကြိုင်ပါတယ် ၊
အစီအစဉ်ထဲမှာ လူ့ဖြစ်တည်မှု အခွင့်အရေးတွေပါတယ် ၊
အစီအစဉ်ထဲမှာ အမည်နာမ ပြောင်းလဲခြင်းတွေပါတယ်။
မင်းတို့ဘောင်ကြီး ခေါ်လဲ ငါ့ပါးစပ်က ဝေဖြိုး ပဲ နှုတ်ကျိုးတယ် .။
သမားတော်ကြီး ၊ ပါမောက္ခကြီး ဖြစ်လာလဲ ဟေ့ရောင် မိုးမင်း ပဲ ။
ဒါပေမဲ့ ပြောင်းတယ် ၊ ပြောင်းခဲ့ရတယ် ၊
အစီအစဉ်ထဲမှာ အမည်နာမ မပြောင်းရခြင်းတွေ ပါတယ် ။
တညသား……ငါဟာ ရှင်လူထွက်လာပြီး မနေနိုင် မထိုင်နိုင် တရုတ်သရဲမ အိမ်ရှေ့ စက်ဘီး နဲ့ ပတ်ပြီးမှ ဗိုလ်ချုပ်လမ်းကို ဆင်းခဲ့တယ်။
အုတ်ခုံပေါ်မှာ မင်းတို့အခေါ် ဘောင်ကြီး နဲ့ ကိုဇော်ထက်နောင် ရှိနေခဲ့တယ် ။
မုန့်လေးတစ်ချောင်း ၂ ယောက် မျှပြီး ဖွာနေရတဲ့ ဒင်းတို့ကအမေမွေးကတည်းက ပြောင်ပြီး မောက်နေတဲ့ ငါ့နဖူး ကို လက်ညှိုးထိုးတဲ့ပြီး ရီလို့ မပြီးဘူး ။
“ ဖိုးစီ ၊ မင်းနဖူးက အကျယ်ကြီးပဲ .. ဟားဟားဟား .. အကျယ်ကြီးပဲ “
အဲဒီနေ့မနက်ကအထိ ငါဟာ ဝိမလဉာဏပဲ …။
ညနေမှာ ငါ့အမည်ဟာ ပြောင်းစရာမလိုပဲ ဖိုးစီ ဖြစ်ရပြန်တော့တယ် ။
အစီအစဉ်အရ တရုတ်သရဲမ အိမ်ရှေ့ကို ရောက်ရတယ် ။
ပြီးတော့လဲ ၃၇ မင်း နတ်တွေကို ခေါ်သလိုကြယ်တွေကို အမည်တပ်ရေရွတ်ရပြန်တော့တယ် ။
တမာရွက်ကြွေတွေ ဖြောကနဲဆို လွင့်လာတော့စိတ်ကူးထဲက ကြယ်တွေ ရေနေတာ ပျောက်ကုန်ပြန်ရော။
ဒီလိုပုံနဲ့ပဲ ဗိုလ်ချုပ်လမ်းမှာ မိုးကြီး စုန်းစုန်းချုပ်ခဲ့တယ်
ဒီလိုပုံနဲ့ပဲ ဗိုလ်ချုပ်လမ်းမှာ နေလုံးကြီး စုန်းစုန်းမြုပ်ခဲ့တယ်။
ကိုယ်ရေနေခဲ့တဲ့ ကြယ်တွေ ကတော့ အတုံးအရုံး။
ငါတို့မြို့လေးကို မသိလိုက်ဘာသာ ခွဲခွာခဲ့ ရတယ် ..၊။
မြို့လေးထဲမှာ နာမည် အသစ်တွေ ၊ တံဆိပ်အသစ်တွေ ၊ တချို့လဲ အဟောင်းပေါ်ထပ်ထားတဲ့ အသစ်တွေ ..။
အမည်နာမတွေဟာ စမ်းရေတွင်း နံရံက ရေညှိခြောက်တွေလို ဟောင်းလိုက်ပြောင်းလိုက် ..။
ဖိုးစီက ‘’ အဝင်း “ တဲ့ ၊ အခြောက်မ နာမည်ကြီးနဲ့ တူသလိုလို ၊
ဆိုငိးထိုးရင် ဓာတ်ရှင်မင်းသားတွေလို အဖျားမှာ ကြယ်ပွင့်တပ်ထားတဲ့
ကိုဇော်ထက်နောင်ကြီးကရော .. ဘာသားနဲ့ ထုထားသမို့လဲ “ အဖြိုး ‘“ တဲ့ ။
ခုတော့ အဲ့ တရုတ်မလေး ရှောင်ယန်း လဲ ပြည်ကြီး ပြန်သွားပြီ ၊။
နောက်ထပ် ကြယ် တလုံး ဆုံးပြန်ပါပေါ့ ….၊။
ရုံးမှာ သုံးတဲ့ စက်တွေ ၊ ပရိုဂရမ်တွေ အားလုံး Username — Phyo လို့ထားထားတယ်။
ကြယ်ပွင့် တပွင့် ရဲ့ အမည်လိုလို ၊ဘာလိုလို ။
Password တောင်းရင်တော့ phyo*123 လို့ပေးလိုက်တယ်။
ကြယ်တွေကြွေကာနီး ဆုတောင်းသံ တိုင်ခေါ်သလိုပ။
တနေ့က IT မန်နေဂျာ က မေးလာတယ် ။
‘’ အဝင်း ‘’တဲ့ ..။ ယူဇာနိမ်း ၊ ပါ့စ်ဝါ့ဒ်တွေ ပြောင်းမလား တဲ့ ။
ငါစဉ်းစားခဲ့တယ် ။
ဗိုလ်ချုပ်လမ်း အုတ်ခုံပေါ် အကျအနထိုင် စဉ်းစားသလိုကို တွေးတောခဲ့ပါတယ်။
ကြယ်တွေ မကြွေခင် အမည်ပြောင်းလေ့ ရှိသလား …??
အမည်နာမတွေဟာ သူ့အလိုအလျောက်ရော ပြောင်းလေ့ရှိသလား ..၊
username — Password ပြောင်းသလို လူလုပ်ပြောင်းလဲခြင်းမျိုးလား ..
အဲသာနဲ့ ပြီးလဲပြီးရော ဆရာဝန်ကြီး ဆိုတဲ့ ကောင် မိုးမင်းဆီ ဖုန်းဆက်တယ်..။
ဟေ့ရောင် ငါ့မှာ အစီအစဉ်ရျိတယ် ။
ငါအမည်ကို ငါ့နံမယ် နဲ့ ကြယ်မှာ ပြောင်းခဲ့လိုက်မယ် ။
ဖိုးစီဖြစ် ဖြစ်..အဝင်းဖြစ်ဖြစ် ပေါ့ ..။
မနက်စောစော ဘုရားမသွားခင် ၊ အနဲဆုံး ကြယ်တွေ မကြွေခင်ပေါ့ ..။
ဒါနဲ့ စကားမစပ် ..
ကိုဇော်ထက်နောင် မှာရော ဘာအစီအစဉ်ရှိသလဲ ..??? ။ ။
ဖိုးစီ ( ၀၇-၀၆-၂၀၁၄ )
