ပိုင်ရှင်စိတ်ခံစားချက်ကို သိရှိနိုင်ပြီး၊ အီးမေးလ်နဲ့ သတင်းတွေကို မှန်ပေါ်မှာ ဖော်ပြပေးမယ့် Microsoft ရဲ့ “Magic Mirror”

မနက်ပိုင်းဆို အချိန်အသည်းအသန်လုပြီး သွားတိုက်၊သတင်းဖတ်၊အီးမေးလ်စစ်လုပ်ကာ၊ အလုပ်အပြေးအလွှားသွားနေရသူတွေအတွက် တစ်ချိန်တည်းမှာ အလုပ်ကိစ္စအားလုံးကို ပြိုင်တူလုပ်နိုင်မယ့် မှော်ဝင်မှန်တစ်မျိုးကို Microsoft က တီထွင် ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

“Magic Mirror” လို့ အမည်ပေးထားတဲ့ Microsoft ရဲ့ စမတ်မှန်ဟာ ပိုင်ရှင်ကို မှတ်သားထားနိုင်ပြီး၊ မနက်ခင်းမှာ နှုတ်ခွန်းဆက်တာ၊ ပိုင်ရှင်ရဲ့ စိတ်အခြေအနေကို ဖတ်ရှုတာတွေပါ လုပ်နိုင်တဲ့အပြင်၊ သွားတိုက်နေရင်းနဲ့ သင် သိချင်တဲ့သတင်းတွေ၊ စတော့ရှယ်ယာအတက်အကျတွေ၊ အီးမေးလ်တွေ အားလုံးကိုလည်း မှန်ပေါ်မှာတင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီဆန်းသစ်တဲ့နည်းပညာကို မကြာသေးမီက စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ InnovFest Unbound 2016 ဒီဂျစ်တယ်နည်းပညာကွန်ဖရင့်မှာ စတင်စမ်းသပ်ပြသသွားခဲ့တာဖြစ်ပါတယ်။

ယခုမှန်ဟာ တစ်ဖက်မြင်မှန်တစ်မျိုးဖြစ်ပြီး၊ မှန်ချပ်အောက်မှာ ၂၃.၆ လက်မအကျယ်ရှိတဲ့ LCD မှန်သားပြင် ပါရှိပါတယ်။ အဆိုပါ LCD မှန်သားပြင်ကနေ အဖြူရောင် UI ပုံရိပ်တွေကို အနက်ရောင်နောက်ခံနဲ့ ဖော်ပြပေးထားပါတယ်။

34D374EF00000578-3620487-image-a-5_1464806706873

LCD မျက်နှာပြင်ကို ပါဝါဖွင့်လိုက်တာနဲ့၊ user တစ်ယောက်ဟာ မိမိရဲ့ ရုပ်ပုံကော၊ အဖြူရောင် User Interface ကိုပါ မှန်မှာ မြင်တွေ့ရမှာပါ။

Magic Mirror ဟာ မျက်နှာအနေအထားဖတ်ရှုဖို့အတွက် Windows Hello နည်းပညာကိုအသုံးပြုထားပြီး၊ Raspberry Pi နဲ့ run ထားတာဖြစ်ပါတယ်။

ယခု “Magic Mirror” ဟာ မနက်ခင်းမှာအချိန်လုလိုက်ရတဲ့လူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တာကြောင့်၊ ရာသီဥတုနဲ့ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေတွေလို အဓိကအရေးကြီးသတင်းအချက်အလက်တွေကို မှန်အပေါ်ဘက်မှာ ဖော်ပြပေးထားပြီး၊ စတော့ရှယ်ယာလိုမျိုး သိပ်အရေးမကြီးတဲ့သတင်းတွေကိုတော့ မှန်အောက်ခြေဘက်မှာ ဖော်ပြပေးထားပါတယ်။

မှန်အတွင်းဘက်မှာ ကင်မရာတစ်လုံး ပူးတွဲပါရှိပြီး၊ facial-recognition ဆိုတဲ့ အသုံးပြုသူရဲ့ မျက်နှာကို ဖတ်ရှုမှတ်သားနိုင်တဲ့စနစ်ပါ ပါဝင်ပါတယ်။ ဒီစနစ်ကနေ မှန်ရှေ့လာရပ်တဲ့ပိုင်ရှင်က ဒေါသထွက်နေလား၊ ပျော်နေလား၊ စိတ်ညစ်နေလားဆိုတာကို မှန်က သိရှိနိုင်မှာဖြစ်ပါတယ်။ စုစုပေါင်း စိတ်ခံစားချက် ရှစ်မျိုးလောက် ဖတ်နိုင်တယ်လို့ သိရပါတယ်။

Magic Mirror ကို အသုံးပြုဖို့အတွက် ပထမဦးစွာ ဒီကနေ Magic Mirror ပရိုဖိုင်တစ်ခု လုပ်ပေးရမှာဖြစ်ပြီး၊ မိမိမျက်နှာနဲ့ ဆယ်လ်ဖီတစ်ပုံလောက် ရိုက်ပေးရမှာဖြစ်ပါတယ်။

Microsoft အနေနဲ့ တခြား app တွေရဲ့ သတင်းအချက်အလက်တွေကိုလည်း ဒီမှန်မှာဖော်ပြနိုင်အောင် လုပ်ဖို့ ကြိုးစားလျက်ရှိပြီး၊ Facebook နဲ့ Twiiter သတင်းတွေကိုပါ မှန်မှာ တွေ့မြင်ရနိုင်ခြေရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ Microsoft Magic Mirror ဟာ စမ်းသပ်ဆဲအဆင့်မှာသာရှိသေးပေမယ့်၊ ဈေးကွက်အောင်မြင်ဖို့ အလားအလာရှိကြောင်း Microsoft က ခန့်မှန်းထားတယ်လို့ CNBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Ref: DailyMail

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm