လွန်ခဲ့တဲ့ ၃၉နှစ်ရဲ့ဒီနေ့မှာ Star Wars ရဲ့ပထမဦးဆုံးဇာတ်ကားကိုပြသခဲ့ပါတယ်

မေလဟာ Star Wars လလို့ဆိုရလောက်အောင်ပဲ Star Wars ဇာတ်ကားတွေတော်တော်များများဟာ ဒီလထဲမှာ ထုတ်လုပ်၊ ရုံတင်ပြသခဲ့ကြပါတယ်။ ၁၉၇၇ခုနှစ်ရဲ့ မေလ ၂၆ရက်နေ့မှာတော့ Star Wars ဇာတ်ကားတွေရဲ့ ပထမဆုံးဇာတ်ကား (နောက်ပိုင်းတွင် Star Wars: Episode IV — A New Hope လို့နာမည်ပေးခဲ့) ကို အမေရိကန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပါတယ်။

ဒီဇာတ်ကားကို Star Wars ဇာတ်ကားတွေရဲ့ ဖခင်ကြီး ဒါရိုက်တာ ဂျော့ခ်ျလူးကပ်စ် (George Lucas) ကရိုက်ကူးခဲ့တာဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အော်စကာဆု ၇ဆုအထိရရှိခဲ့ပြီး ဒေါ်လာ သန်း၈၀၀ကျော်အထိ ဝင်ငွေရရှိခဲ့လို့ 20th Century Fox ကုမ္ပဏီရဲ့ အအောင်မြင်ဆုံးဇာတ်ကားစာရင်းမှာ ထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။

အောင်မြင်မှုအရှိန်အဝါကြီးမားလွန်းလို့ နောက်ပိုင်းမှာ ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ကယ်ရီဖစ်ရှာက ငလျင်တစ်ခုလှုပ်သွားသလိုပါပဲလို့ ပြောခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ခေတ်သစ်သိပ္ပံပညာရပ်တွေကိုပေါ်ထွန်းစေခဲ့တဲ့ ဇာတ်ကားဆိုရင်လည်းမမှားပဲ ဇာတ်ကားထဲမှာပါဝင်တဲ့ နည်းပညာတွေကိုတုပပြီး အပြင်မှာပါထုတ်လုပ်ခဲ့ကြလို့ နည်းပညာခေတ်ကို ရှေ့ဆောင်လမ်းပြခဲ့တဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး။

ဇာတ်ကားရဲ့အစမှာပြလေ့ရှိတဲ့ “လွန်ခဲ့သောနှစ်များစွာက အလွန်ဝေးကွာသော ဂလက်ဆီတစ်နေရာတွင်” ဆိုတဲ့စာသားနဲ့ ဇာတ်ကားရဲ့အကြောင်းကိုပြောပြထားတဲ့အဝါရောင်စာသားတွေက Star Wars ဇာတ်ကားတွေရဲ့ Trade Mark လိုဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဟန်ဆိုလို (ဟယ်ရီဆင်ဖို့ဒ်)၊ လုခ်စကိုင်းဝေါ့ကာ (မာ့ခ်ဟာမေးလ်)၊ မင်းသမီးလိုင်ယာ (ကယ်ရီဖစ်ရှာ) တို့နဲ့အတူ C3PO၊ R2D2 တို့လိုစက်ရုပ်လေးတွေအပြင် အမှောင်ခြမ်းရဲ့သခင် Darth Vader တို့လိုဇာတ်ကောင်တွေပါဝင်ခဲ့ကြပါတယ်။

ပထမမြောက် Star Wars ဇာတ်ကားရဲ့နောက်ဆက်တွဲတွေအဖြစ် ၁၉၈၀ခုနှစ်မှာ Star Wars ရဲ့ ဒုတိယမြောက်ဇာတ်ကား The Empire Strike Back နဲ့ ၁၉၈၃ခုနှစ်မှာ တတိယမြောက်ဇာတ်ကား Return of the Jedi ဇာတ်ကားတွေ ဆက်လက်ထွက်ရှိပြီး အောင်မြင်ခဲ့ပြန်ပါတယ်။ ဒီဇာတ်ကားသုံးကားအပြီး ၁၆နှစ်အကြာ ၁၉၉၉ခုနှစ်မှာ ဇာတ်ကားတွေရဲ့ အစောပိုင်းကာလကိုဖော်ပြထားတဲ့ Star Wars: Episode I — The Phantom Menace, ၂၀၀၂ ခုနှစ်မှာ Star Wars: Episode II — Attack of the Clones နဲ့ ၂၀၀၅ ခုနှစ်မှာ Star Wars: Episode III — Revenge of the Sith တို့ကိုဆက်တိုက်ထုတ်ပြီး စခန်းသိမ်းခဲ့ကာ ၂၀၁၅ခုနှစ်မှာ Star Wars: Episode VII The Force Awakens ဇာတ်ကားကိုပြန်လည်ထုတ်လုပ်ပြီး ဇာတ်လမ်းကိုပြန်ဆက်ခဲ့ပြန်ပါတယ်။

Star Wars ဇာတ်ကားတွေဟာ ရုပ်ရှင်သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ဇာတ်ကားတွဲတွေအဖြစ် မှတ်တမ်းဝင်လျက်ရှိတာဖြစ်ပြီး လာမယ့် ၂၀၁၇ခုနှစ်မှာ Star Wars: Episode VIII နဲ့ ၂၀၁၉ခုနှစ်မှာ Star Wars : Episode IX တို့ကို ဆက်လက်ထုတ်လုပ်ဖို့ရှိနေပါတယ်။

star-wars-logo

Ref: History, This Day In Tech History, Wikipedia, Google

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm