Nokia ဖုန်းနဲ့ တက်ဘလက်တွေ ပြန်လာတော့မည်

မိုဘိုင်းဖုန်းလောကမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ Nokia ဖုန်းတွေကို မကြာခင် ပြန်ကိုင်ရဖို့ ရှိနေပါတယ်။

Microsoft က ၀ယ်ယူထားတဲ့ Nokia မိုဘိုင်းကုမ္ပဏီကို ယခုအခါ Nokia ၀န်ထမ်းဟောင်းတွေ ဖွဲ့စည်းထားတဲ့ HDM ကုမ္ပဏီနဲ့ FIH Mobile ကုမ္ပဏီတို့က စုစုပေါင်း ကန်ဒေါ်လာ သန်း ၃၅၀ နဲ့ ပြန်လည် ၀ယ်ယူလိုက်ပြီဖြစ်ပါတယ်။

Nokia အမှတ်တံဆိပ်နာမည်၊ ဆော့ဖ်ဝဲနဲ့ ၀န်ဆောင်မှုတွေကို Foxconn ကုမ္ပဏီခွဲ FIH Mobile နဲ့ HMD Global Oy ကုမ္ပဏီတို့ကို ရောင်းချခဲ့တာဖြစ်ပြီး၊ FIH ကုမ္ပဏီက Nokia ဖုန်းထုတ်လုပ်ရေးပိုင်းကို အဓိကတာဝန်ယူမှာဖြစ်ကာ၊ မားကတ်တင်းနဲ့ ဖြန့်ချိရေးအပိုင်းကိုတော့ HMD က တာဝန်ယူသွားမှာဖြစ်ပါတယ်။ FIH ကုမ္ပဏီအနေနဲ့ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ Microsoft ရဲ့ ထုတ်လုပ်ရေးစက်ရုံကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကုမ္ပဏီနှစ်ခုအနေနဲ့ Android စနစ်သုံး Nokia ဖုန်းအသစ်တွေ ပူးပေါင်းထုတ်လုပ်သွားမှာဖြစ်ပြီး၊ Android စနစ်သုံးဖြစ်မယ်လို့လည်း ကြေငြာခဲ့ပါတယ်။

ယခုသဘောတူညီချက်အရ၊ Microsoft ၀န်ထမ်း ၄၅၀၀ လောက်လည်း၊ FIH နဲ့ HMD ကုမ္ပဏီတွေကို ကူးပြောင်းရမှာပါ။

FIH Mobile ရဲ့ မိခင်ကုမ္ပဏီ Foxconn ဆိုတာ ထိုင်ဝမ်အခြေစိုက် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူကုမ္ပဏီဖြစ်ပြီး iPhone ကစလို့၊ PlayStation 4 စက်တွေအထိ ထုတ်လုပ်ရာမှာ အဓိကတာဝန်ယူ ထုတ်လုပ်ပေးတဲ့ကုမ္ပဏီဖြစ်ပေမယ့် သဘောတူညီမှုစာချုပ်တွေအရ၊ iPhone တွေ၊ iPad တွေပေါ်မှာ Foxconn တံဆိပ်ကိုတော့ မြင်ရမှာမဟုတ်ပါဘူး။

ဒါပေမယ့်၊ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ၊ Foxconn ဟာ ပိုမိုလူသိခံစေချင်လာပြီး၊ ၂၀၁၄ ခုနှစ်မှာ မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်းတွေကို သူ့လိုဂိုနဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။

Foxconn နဲ့ HDM တို့ ပူးပေါင်းထုတ်လုပ်မယ့် Nokia ဖုန်းတွေဟာ ဘယ်လိုဒီဇိုင်း၊ စွမ်းဆောင်ရည်တွေနဲ့ လာမလဲဆိုတာကို စိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: The Verge, Guardian, PC Magazine

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm