OLED မျက်နှာပြင်နဲ့ နှလုံးခုန်တိုင်းဆန်ဆာ ပါဝင်လာတဲ့ Xiaomi Mi Band 2 တရားဝင်ထွက်ရှိ

Xiaomi ရဲ့ နာမည်ကျော်ပစ္စည်းတစ်ခုဖြစ်တဲ့ Mi Band ရဲ့ ဒုတိယမြောက်မျိုးဆက် Mi Band 2 ထွက်ရှိလာပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ၊ ယနေ့ပဲ တရားဝင်မိတ်ဆက်ပြသသွားခဲ့တာဖြစ်ပြီး၊ CEO လေကျွင်း ပြောထားတဲ့ အတိုင်း ဂျွန်လ ၇ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဈေးနှုန်းအားဖြင့်၊ မြန်မာငွေ ၂ သောင်း ၆ ထောင်ခန့်သာရှိပြီး၊ Mi Band ပထမမျိုးဆက်နဲ့ယှဉ်ရင် အပြောင်းအလဲများစွာလုပ်ထားတာကို တွေ့ရပါတယ်။

အဓိကထူးခြားချက်အားဖြင့် OLED display ပါဝင်လာပြီး၊ လူအများတောင်းဆိုထားတဲ့ နှလုံးခုန်တိုင်းဆန်ဆာ ကိုလည်း ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ Xiaomi Mi Band 2 ဟာ Android 4.4 နှင့်အထက် ဖုန်း၊ တက်ဘလက်တိုင်းနဲ့ တွဲသုံးနိုင်ပြီး၊ iOS မှာလည်း 7.0 နှင့်အထက် တွဲသုံးနိုင်တယ်လို့ သိရပါတယ်။

Mi Band 2 ဟာ လက်ရှိဈေးကွက်ထဲက wearable (၀တ်ဆင်လို့ရတဲ့နည်းပညာပစ္စည်း) တွေအတိုင်း feature စုံစုံလင်လင်ပါရှိပြီး၊ ၀တ်ဆင်သူရဲ့ အိပ်ချိန်စက်ဝန်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုအနေအထားတို့ကို အမြဲမြတ်ခြေမပြတ် စောင့်ကြည့်ပေးနေမယ့် ကျန်းမာရေးလက်ပတ်တစ်ခုဖြစ်ပါတယ်။

အရင် Mi Band အတိုင်း Bluetooth နဲ့ ချိတ်ထားတဲ့ ကိုယ့်ဖုန်းထဲကို ဖုန်းအ၀င်ကော၊ မက်ဆေ့၊ alarm တွေ ၀င်လာရင် လက်ပတ်ကနေ တုန်ခါမှုလေးလုပ်ပေးပြီး အသိပေးမှာဖြစ်ပါတယ်။

Mi Band 2 မှာ ၀.၄၂ လက်မအရွယ် OLED display ပါရှိပြီး၊ လက်ရှိအချိန်၊ ကိုယ်လှမ်းထားတဲ့ခြေလှမ်း၊ နှလုံးခုန်နှုန်းအပါအ၀င် တခြားခန္ဓာဇီဝဆိုင်ရာအချက်အလက်တွေကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ အချိန်လေးပါ ပါတော့ နာရီတောင် ၀ယ်မပတ်တော့ဘဲ၊ Mi Band 2 လေးပဲ ပတ်ထားရင်တောင် အထာကျနေမှာပါ။

ဘက်ထရီအနေနဲ့လည်း 70mAh ဘက်ထရီကို အသုံးပြုထားပြီး၊ standby အချိန် ရက် ၂၀ အထိ ခံတယ်လို့ ကုမ္ပဏီက ဂုဏ်ယူစွာပြောကြားထားပါတယ်။ ပထမ Mi Band တုန်းကတော့ မျက်နှာပြင်မပါတဲ့အတွက် ဘက်ထရီသက်တမ်းက ရက် ၃၀ လောက်အထိ ခံပါတယ်။

စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ဖို့အတွက် Bluetooth 4.0 LTE ကိုအသုံးပြုထားပြီး၊ အရှည်အားဖြင့် ၄၀.၃ မီလီမီတာ၊ အကျယ်က ၁၅.၇ မီလီမီတာ ရှိပါတယ်။ အလေးချိန်ကတော့ ၇ ဂရမ်ပဲ ရှိတာကြောင့် ပတ်ထားလို့ ပတ်ထားမှန်းတောင် သိရမှာမဟုတ်ပါဘူး။ ၀တ်ဆင်သူသက်တောင့်သက်တာရှိစေဖို့အတွက်၊ အရေပြားနဲ့ သင့်လျော်တဲ့ သာမိုပလတ်စတစ်ရာဘာကို အသုံးပြုထားပြီး၊ အနက်ရောင်၊ အပြာရောင်၊ အစိမ်းရောင်နဲ့ လိမ္မော်ရောင်ဆိုပြီး ကာလာလေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ရေစိမ်ခံပြီး၊ အမှုန်နဲ့ ရေစက်ဝင်စိမ့်နိုင်မှု အဆင့်သတ်မှတ်ချက် 67 ရရှိထားပါတယ်။

xiaomi_mi_band_2_steps_count

Ref: Gadgets 360

--

--

ContentKing.com.mm
Digital Times (Myanmar Technology News)

Content King is a media& content production house. It primarily objective is to produce quality & original media content for Myanmar, more ContentKing.com.mm