ထိုတည

Kelvin Morris
In burmese
Published in
4 min readOct 24, 2016

မှတ်မိပါသေးသည်။ ဆယ်တန်းစာမေးပွဲ အောင်ခါစ သူငယ်ချင်းများက လာခေါ်ကြသည်။ အစကတော့ ဂိမ်းဆော့ရန် ၊ သို့ သော် ဂိမ်းဆိုင် သို့ ရောက်သော် ဇာတ်လမ်းက ပြောင်းသွားသည်။ ဂိမ်းဆိုင်ကိုက စားသောက်ဆိုင်မှာ ကပ်ပြီးဖွင့်ထားတာကိုး။ တစ်ယောက်က

“အဟေးဟေး ငါတို့  သောက်ကြမလား။ “ ဟုစကာ ဇာတ်လမ်းဆင်လေ၏။

“ဟေ့ဟေ့ ဖြစ်ပါ့မလား” ဟု ကျွန်တော် တားမိသေးသည်။

သို့ သော် ကိုယ်မလုပ်ဖူးသည့် အရာမို့ လို့ နှစ်ခါမဆွယ်ရ။ ဆိုင်ထဲသို့  ကော့ကော့နဲ့ ဝင်သွားသည့် တသိုက်တွင် ကိုယ်လည်း ထိပ်ဆုံးက မဟုတ်ရင်တောင် အလယ်လောက်က ပါလောက်သည်။ ထုံးစံ အတိုင်းသည် သောက်ကြမည်သာ ဆိုသည် ၊ အရွယ်က ခပ်ငယ်ငယ် သောက်တက်စားတက်ကြသည် မဟုတ်။ သောက်တယ်စားတယ် ဆိုတာကို ရုပ်ရှင်ထဲမှာ နဲ့ လူကြီးတွေ သောက်တာကိုသာ ကြည့်ဖူးသည့် အစိမ်းသက်သက် လူငယ်များ။

သို့ သော် ပုံနေဟန်ထားကတော့ မခေလှ။ ဘေးဝိုင်းကသူများ အထင်မသေးအောင် နေရပေမည်လေ။ ထိုကြောင့် ရုပ်ရှင်ထဲက မင်းသားများ စားပွဲထိုးကို ခေါ်သကဲ့သို့  လက်ဖျစ်တီး ခေါ်လိုက်သည်။

“ဖျောက်ဖျောက်”

စားပွဲထိုးက ကြောင်အမ်းအမ်း နဲ့ ရောက်လာသည်။ အရွယ်တွေက မလောက်လေး မလောက်စားလေးတွေ ဟု ထင်ကောင်းထင်ပေမည်။ သို့ သော် ကျွန်တော်တို့ မူကား မလျှော့။ ဟန်ပါပါဖြင့် ခါးကိုဆန့်  လက်ကို အတန်ငယ်ရမ်းကာ ဂုဏ်သရေရှိ အရက်သမား တစ်ယောက်ကဲ့သို့  မှာလိုက်သည်။

“အကိုကြီး Grand Royal လေးပက်ပြား တစ်လုံး”

စားပွဲထိုး နည်းနည်းတောင် ကြောင်အမ်းအမ်း ဖြစ်သွားပုံရသည်။ လေးပက်ပြားဆိုတာ သေးသေးကွေးကွေး ၊ တစ်ယောက်သောက်သည်ပြီး ချောင်ထဲ ခါးကြားထဲထိုးလို့ ရသည့် ပိစိကွေး ပုလင်းလေး။ အဲဒါကို ယောင်္ကျာဘသားကြီး လေးငါးယောက်ခန့် က မှာသည်ဆိုတော့။ သို့ သော် သဘောတော့ ပေါက်သွားသည်။ အော် ချာတိတ်တွေပေကိုး။ မကြာမီ ပုလင်းများ ခွက်များ ၊ ရေသန့် ဘူးများ ရောက်လာသည်။ အမြည်းမှာ မူ မလာသေး။

ကျွန်တော်မှာမူ Grand ပုလင်းကိုဖွင့် မျှပြီးထည့်လိုက်သည်။ ပုလင်းဖင်ကပ်မျှသာ ။ ထိုနောက် ဟန်ပါပါဖြင့် ရေပင်မရော ခပ်တည်တည်ဖြင့်သောက်ချလိုက်သည်။ နိဖြစ်၍
လည်ချောင်းတစ်လျောက်ကို ပူဆင်းသွားသည်။ စိတ်ထဲမှာလည်း ထင်မိလိုက်သည်။ အတော်ခါပါလားဟု။ သို့ သော် ရှုံမဲ့နေသော မျက်နာကို အသာထိန်း၍ ရုပ်ရှင်ထဲက မြင်ဖူးနေကြ အရက်သမား ဟန် ဘာမှန်းညာမှန်း မသိ အသံဝါကြီး ဖြင့် ရယ်လိုက်သည်။

“ဝါးဟားဟားဟား”

ရုတ်တရက် ကြီး ထရယ်လိုက်တော့ အကုန်ကြောင်အမ်းအမ်း ဖြစ်ကုန်သည်။ တကယ်လည်း စဉ်းစားကြည့်တော့လည်း ဟုတ်သည်။ ယုတ္တိမှမရှိတာကိုး။ အဲဒါနဲ့ ဘေးနားက ဘော်ဒါက ပြောသည်။

“ဟေ့ကောင် နိချည်းသောက်ပြီး ဘာထကြောင်တာလဲ ရေမရောရင် အသေစောတယ်ကွ မင်းက ဘာမှတ်လဲ”

အကွက်တွေ့ သွားသည် ပြောရမည်။ သူကလည်း ဒီစကားကို ပြောဖို့ အတွက် ဘယ်ချိန်ကတည်းက ကျင့်ထားလည်းတော့မသိ။ ကြားသည်က ဒီကောင် ရှစ်တန်းလောက်ကတည်းက သူ့ အဖေ ပုလင်းပြားကို ဖွင့်ပြီး ကောက်ကောက် မြည်းသည်ဟုကြားသည်။ ဒီနေ့ တော့ လူစုံတက်စုံ အစွမ်းအစများ ထုတ်ချေတော့မည်။ ကျွန်တော်လည်း ဆန္ဒကို သိက္ခာဖြင့် ခဏလောက် အောင့်အည်းကာ အမြည်းလာသည်ကို စောင့်လေသည်။ အမြည်းကတော့ အရက်သမားတွေ စားသည်ဟု ကြားဖူးနားဝ ကန်စွန်းပလိန်း။

အဲဒီတော့မှ ရေလေး တစိတ်လောက်ဆီနဲ့  အမြည်းလေး တို့ ကနန်း ဆိတ်ကနန်းစားပြီးသော အခါ လေးပက်ပြားမှာ ဖြာကာကျလေတော့သည်။ ဒီတော့မှ နောက်တစ်လုံးမှာရန် ပြင်လေသည်။ ဒီကြားထဲပြောလိုက်သေးသည်။

“ဟေ့ကွ အရက်မူးတယ်ဆိုတာ ရုပ်ရှင်ထဲက ကောင်တွေ လျှောက်ပြောနေတာ ဖြစ်မယ်ကွ”

အင်း ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်နေသည်။ မူးမှမမူးသေးတာ။ လူက အလတ်ကြီး ၊ ရုပ်ရှင်ထဲကလို အိမ်ဖော်မလေး ပန်းအိုး ကွဲကျဖို့  ဝေးသေးသည်ဟု ဆိုရမည်။
ထိုသို့ ဖြင့် ဒုတိယ အချီကို စလေ၏။ ကြားထဲတွင် ပြောသည့် အကြောင်းက အစုံအလင်။ကျောင်းတုံးက မကြောင်လိုက်ရသည့် ဆော်များအား နှမြောတသသ ဖြစ်မိပုံ
၊ ကြောင်ပြီး ခွက်ထိုးခွက်လန်ဖြစ်သော ဟာသများ၊ မကြောင်ရဲတဲ့ ပုဂ္ဂိုလ်များကို ခနဲ့ တဲ့တဲ့ ၊ နဲ့ တဲ့တဲ့ လှောင်ရယ်သံများ၊ အမှတ်စာရင်းကလည်း မထွက်သေးသဖြင့် ဆင်ဖမ်းမည် ကျားဖမ်း မည့် အသံများက ဝေစီနေသည်။ ထိုသို့ ဖြင့် ကျွန်တော်က

“ဟေ့ကောင်တွေ ဘာထူးလဲကွ”

“အေး တက်တယ်ကွ”

“အေ့” ( အမှန်တော့ မမူးသေး ၊ မူးသယောင်ယောင် ရုပ်ရှင်ထဲက အရက်သမား ဟန်ဖြင့် လေချဉ်တက်ပြလိုက်သည်)

“ဘာတက်တာလဲကွ ဇက်ကြောလား”

“အွန်”

“ဟုတ်ဖူးလေ နည်းနည်းလေး ရိတ်တိတ်တိတ် မဖြစ်ဘူးလား”

“မဖြစ်ပါဘူး”

တကယ်လည်း ဘာမှမဖြစ်။ ကိုယ့်ဟာကိုယ်လည်း အံသြနေသည်။ တုတ်ပြီး ဓားပြီးသလိုမျိုး အရက်များပြီးနေလားမသိ။ ဒါဆိုရင်တော့ ဝမ်းနည်းစရာပဲ။ စိတ်ထဲမှာလည်း သူများတွေက မူးသယောင်ယောင် ဒီဂရီ ဖြစ်နေချိန် ကိုယ်ကလည်း ဘာမှလည်း မထူးသဖြင့် အောင့်သီးအောင်သက်။ ဒီကြားထဲ အခါးမကြိုက်ပဲ သောက်လိုက်ရသည် နှစ်ပက်။ ရေရောတော့ ပိုဆိုးသည်။ အနံ့ ကား မခံနိုင်ပေ။ နဂိုကတည်းက အရက်ကို အရသာအားဖြင့် ကြိုက်လှသည့် မဟုတ်၊ မုန်းသည် အနံ့ ခံရုံဖြင့် အန်ချင်သလိုလိုပင် ပြော၍ရသည်။ ဒါတောင် ဘာလို့ သောက်ရသနည်း ဆိုရင်တော့ “မူးတယ်” ဆိုတာ သိချင်ရုံ သက်သက်။

ဒါနဲ့ ကြောင်အမ်းအမ်း ဝေခွဲမရ ဖြစ်နေချိန် ဘေးလူများမှာ ဘာမသိ ညာမသိ စွတ်ထည့်ကာပေးသည်နှင့် ဆက်၍သောက်သည်။ အမြည်းက သိပ်မပါ။ မြန်မြန်ကုန် ၊ အေးတာပဲ ဆိုပြီး သံဒိဌာန်ဖြင့်။ ထိုသို့ ဖြင့် တတိယ လေးပက်ပြားသို့ ရောက်ချိန်တွင် ကျွန်ုပ်သည်လည်း စ၍တက်ချေပြီ။ သို့ သော် မဆိုးလှ။ မျက်စိထဲ ရိပ်ကနဲ ရိပ်ကနဲ။ အမြင်ကား ကြည်လင်လှသည်။ စကားများမှာလည်း ပြော၍ ဆို၍ကောင်း ၊ အကုန်လုံးလည်း အာသွက်လျှာသွက် ရှိပေလှသည်။ ထိုအခါကြမှ လူတွေ ဒါကြောင့် အရက်ကိုသောက်ကြတားကိုး ဟု တွေးမိကာ မိန့် မိန့် ကြီး ပြုံးမိသည်။

ထိုနောက် နည်းနည်း မူးစပြုလာသူတွေရဲ့ ထုံးစံ အတိုင်း ဘေးဘီကို ကြည့်မိသည်။ ဘေးဝိုင်းမှာက မိသားစုဝိုင်း ၊ ကလေးတစ်ယောက် ပင် အဆစ်ပါသေးတယ်။ ကလေးကလည်း လူကြီးတွေ အာနေသည့် ကြားထဲ အတော် စိတ်ပျက်နေဟန် ရှိသည်။ တောကြည့် တောင်ကြည့်ရင်း ကျွန်တော်ဖြင့် မျက်လုံးချင်းဆုံလေသည်။ အလွတ်မပေးပဲ ဝါရင့်လူကြီးအရက်သမား တစ်ယောက်လို နှုတ်ခမ်းထောင့်လေးကို အသာလေးကွေးပြီးပြုံးပြလိုက်သည်။ သို့ သော် ကိုယ်အားစိုက်၍ ပြုံးပြလိုက်သော်လည်း ဘယ်လိုထင်သည့် ထိုကလေးမှာ ထိတ်လန့် ဖွယ်ရာတွေ့ သည့်အလား ခေါင်းကို ဆတ်ကနဲခါ ချာကနဲလှည့်ရင် ကျွန်တော်တို့ ကို ဝိုင်းကို ပြန်မကြည့်ပေတော့။ ထိုသည်မှာ ကျွန်တော်တို့ ပြန်သည် အထိ။

ထိုသို့ ဖြင့် အချိန်မှာ အတော်လေး လင့်ချေပြီ။ လင့်ချေပြီ ဆိုစေကာမူ ညနေခြောက်နာရီသာ ရှိသေးသည်။ သို့ သော် ကျွန်တော်တို့ မှာမူ ကျီးကန်းများနှင့် အိပ်တန်းမတက်ရပါက ကြိမ်ဖြင့် အဆော်ခံမည့် အခြေအနေရှိသည်။ ထိုကြောင့် ကိစ္စ အမြန်ဖြတ်ပြီး အိမ်ပြန်ရပေမည်။ စကားတွေပွားကြမည်ကို သိ၍ နေခင်းကတည်းကပင် လာခဲ့ရာ အရက်သောက်ရင်း သောင်တင်နေသည်ဟို ပြောရပေမည်။

သို့ သော် ပြဿနာက လေးပက်ပြားတစ်လုံး။ လူက စုစုပေါင်းငါးယောက်။ ရှေ့ မှာ သောက်ထားတာက လေးပက်ပြား သုံးလုံး။ သို့ သော် ထိုလေးပက်ပြား အသစ်စက်စက် တစ်လုံးက ကျန်နေသေးသည်။ ကိုယ်သောက်နိုင်မည် ထင်ရင် မှာရင်းဖြင့် တလုံးတိတိ ပိုသွားပြီ။ ဘယ်လို လုပ်ကြမလဲ ခေါင်းချင်ဆိုင်ပြီး ဆွေနွေးကြသည်။ ထိုကိစ္စမှာ အတော်အတန် အရေးကြီးသည်။ အိမ်ကို သယ်သွား၍လည်း မဖြစ်။ ကုန်အောင် သောက်ဖို့ ကလည်း အချိန်မပေးနိုင် ၊ မှာပြီးမှ ပြန်လဲ၍လည်း မရ။

ထိုသို့ ဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်မှာ အားလုံးမျှ၍ သောက်ရန်။ ထိုအချိန်တွင် ကျွန်တော်မှာ သိပ်မမူးသေးသဖြင့် ကျွန်တော် ထဲသို့ အတန်ငယ်လေး ၍ ထည့်လိုက်သည်။ ကိုယ့်ကိုယ်ကို နိုင်မည်ဟုတော့ ထင်သား။ ၁၅ မိနစ်မျှ အချိန်ယူပြီး ကိစ္စဖြတ်ကြသော အခါ ၊ တာဝန် မကျေပွန်သူ နှစ်ဦင်္းပေါ်လာသည်။ ခွက်ထဲမှာ တဆံမျှင်မှပင် မရွေ့ ချင်။ သောက်ချင်ယောင်ဆောင်ပြီး မသွန်ပစ်သည်က တော်သေးသည်ဟု စိတ်ထဲတွက်မိသည်။ ထိုသို့ ဖြင့် နောက်ဆုံးတွင် တာဝန် မကျေပွန်သူ နှစ်ဦးဆီက ခွက်များမှာ တာဝန်အလွန်ကျေပွန်လိုသူ ကျွန်တော် ဆီရောက်လာကာ ပွဲသိမ်းလိုက်သည်။

စိတ်ထဲတွင်တော့ အားလုံးပြီးပြီပေါ့။ ပိုက်ဆံတွေဘာတွေရှင်းပြီး ခဏထိုင်ပြီး စကားပြောတော့မှ အစွမ်းက ပြချေတော့သည်။ ကမ္ဘာကလည်ချေပြီ။ ခြေကား မခိုင် ၊ လမ်းပင်မလျှောက်နိုင်တော့။ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ဘေးမှ သူငယ်ချင်းနှစ်ကောင်ပင် အမူးပင် ပြေသွားသည် ပြောရပေမည်။ ချက်ချင်းပင် ကျွန်တော်ကို တွဲထုတ်ပြီး တဖြည်းဖြည်း ခေါ်လာသည်။

ပုံမှန်အတိုင်းဆိုရင် ထိုဆိုင်နှင့် အိမ်က လမ်းလျှောက်ပြန်နေကြ။ ကြားမှ ကျွန်တော်တို့  အထက်တန်းကျောင်းပင် ရှိသေးတယ်။ အနီးဆုံးလမ်း ဖြစ်၍ ကျောင်းဘေးမှ ပတ်၍ပြန်ခဲ့သည်။ ကျောင်းပိတ်ချိန်ဖြစ်၍ မည်သူမရှိ ၊ လူကား အတော်ရှင်းလေသည်။ ကံကောင်းလေစွ။ လူကား အတော်မူးလေသည်။ မူးသာမူး လမ်းမလျှောက်နိုင်သော်လည်း အသိက မလွတ်သေး။ မှတ်မိသေးသည်။ အခြေအနေက အတော်ဆိုးရွားသဖြင့် ဘော်ဒါများလည်း အတော်ပြာသွားသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဘာပဲပြောပြော ပစ်မပြေးသည်ကိုတော့ ကျေးဇူးတင်ရမည်။ နို့ မို့ ဆိုလို့ ကတော့ အခြေအနေ ပို၍ဆိုးသွားနိုင်သည်။

စိတ်ထဲတွင်က မှတ်မိနေတာက အိမ်ပြန်ရင်တော့ သေပြီ ထင်တယ်။ လူကလည်း အတော်လေးကြောက်နေသည်။ ငါတော့သွားပြီ ထင်ပါရဲ့ ။ ဒီအချိန်ရောက်မှ ခပ်တည်တည်နဲ့ အိမ်ပေါ် တက်လို့ မရ။ ထမ်း၍ ပို့ မယ့်သူကလည်း မျက်နာ နာပေမည်။ ထိုအချိန် ဝေးသောသူ နှင့် အိမ်ကြောက်ရသူ နှစ်ဦးကိုတော့ ပြန်လွတ်လိုက်သည်။ ပြန်မလွတ်၍လည်း အဆင်မပြေ။ အိမ်ကြောက်ရသူမှာလည်း ကျွန်တော် အဖြစ်ကို ကြည့်ရင်း ကြောက်ဒူးများတုန်နေသည်။ ကျွန်တော်မှာတော့ စိတ်ထဲက တာဝန်မကျေသည့် ဟိုနှစ်ကောင်ကို ကျိန်ဆဲနေမိသည်။

ဘာပဲပြောပြော အချိန်မှေးရင်းဖြင့် လမ်းမဘေး တစ်နေရာတွင် လက်ဖက်ရည်ဆိုင် ထိုင်နေရသည်။ ကျွန်တော်ကတော့ ခုံပုလေးပေါ်တွင်း မှောက်ရက်သား။ မလှုပ်ချင်။ အားမရှိတော့သလို။ သံပုရာသီး ၊ လီမွန်တီးများကလည်း မကယ်နိုင်။ နောက်ဆုံးတွင် အနီးရှိ ဆေးဆိုင်ထဲသို့  ဘော်ဒါတစ်ကောင် ဝင်ပြီး ဆေးဝယ်မည် လုပ်သည်။ “အရက်မူးသည်ကိုတော့ မပြေ” ဟု ဆိုသဖြင့် ဘာဆေးမှ မဝယ်ပဲ ပြန်၍ ထွက်လာသည်။

ထိုသို့ ဖြင့် ကိုးနာရီထိုးချေပြီ။ ဘေးနားမှ နှစ်ကောင်မှာလည်း အိမ်သို့ ပြန်ရတော့မည်။ ဆယ်ကျော်သက်အရွယ်ဦး အိမ်ပြန်ချိန်သည်ကား မာရှယ်လော ထုတ်သကဲ့သို့  နေဝင်မီးငြိမ်းဖြစ်ပြီး အိမ် အတော်အတန် ပိုင်သူများပင် ကိုးနာရီဆိုလျှင် အိမ်မပြန်လျှင် အခြေအနေစိုးရိမ်ရသည်။ ထို့ ကြောင့် သူတို့ လည်း ပြန်ချင်ကြပေမည်။ နောက်ဆုံးတွင်တော့ မထူးတော့ဟု စိတ်ထဲမှ ဆုံးဖြတ်ကာ အားလေးလျှာလေးဖြင့်ပင်

“ငါသာ ရောက်အောင်ပို့ ပြီး ပြန်ကြပေတော့ကွာ”

ဟု တောင်းတောင်းပန်ပန်ဖြင့် ပြန်လွတ်ရပေသည်။ အိမ်ပေါက်ဝ ရောက်တော့ တော်တော်အံသြသွားသည်။ သို့ သော် ဘာမှတော့ မပြော ။ ပြောလည်း သိပ်တော့ မထူး။ နားထဲလည်း ဝင်မည်မဟုတ်။ ဖိနပ်ချွတ် ၊ ရေမိုးချိုး အဝတ်အစားလဲပြီးသည်နှင့် အိပ်ရာထဲသို့  ဝုန်းကနဲ ခြေပစ်လက်ပစ်ဝင်လိုက်သည်။ စိတ်ထဲမှာတော့ မှောင်မိုက်။ ထိုသည်ကား ပထမဆုံး အကြိမ် အလဲအကွဲ ပေတည်း။ ထိုအချိန်မှ စ၍ သင်ခန်းစာ ရကာ အရက်သေစာ ရှောင်ရှားတော့မည် ဟု သူတော်ကောင်းတို့  ထုံး နှလုံးမူကာ ဆုံးဖြတ်ခဲ့သော်လည်း …..
တက္ကသိုလ်သို့ ရောက်သည့် အခါတွင်မူ……

နိတ္တိတံချေပြီ။

နောက်များမှ ကျောင်း ( တက္ကသိုလ်) မှာ သောက်ခဲ့တာတွေ ပြောပါဦးမည်။ ထိုတွင်မှ ဘာမှ မသိနားမလည်သော သူငယ်လေးကို လူတန်းစေ့ သောက်တက်အောင်၊ မသောက်နိုင်သော်လည်း သောက်နိုင်ချင်ယောင်ဆောင်တက်အောင် ၊ ခွက်ပျောက် ၊ခွက်ခိုး၊ ခွက်လဲ ၊ ဇောက်ထိုး မှောက်ခုံ အစရှိသည့် အဌာရသ ၁၈ ရပ် များကို သင်ကြားပေးသည့် ဆရာသမား များ၏ ဂုဏ်ကျေးဇူးများကို နောင်များမှ ဖော်ကျုးပါဦးမည်။

--

--