ရောက်တက်ရာရာ

Kelvin Morris
In burmese
Published in
2 min readMar 14, 2015

ဟိုတလောက Code Complete ဖတ်ဖြစ်တယ်။ ရေးတဲ့သူ Steve McConnell ကော အဲဒီစာအုပ်ထဲမှာ ညွန်းထားတဲ့ Mythical man-month ရေးတဲ့ Fred Brook ရော တကယ်ကို Software လောက ရဲ့ ဘိုးအေတွေချည်းပဲ။ Mythical man-month ကလည်း ကိုအိမောင် ညွန်းထားတဲ့ quote တွေအရဆိုရင် စိတ်ဝင်စားစရာပဲ။ နောက်များမှ ဖတ်ပါဦးမယ်။ အခုနောက်ပိုင်း ဘိုးအေကြီးတွေ ရေးတဲ့ စာအုပ်တွေ ဖတ်တာ အရသာတွေတွေ့နေတယ်။ အသက်အရွယ် ရလာတာလည်း ပါမှာပေါ့။ အရင်ကဆိုရင် ဒီလိုစာအုပ်မျိုးဆို ဖတ်ပြီး လေးငါးမျက်နှာ လောက်ဆိုရင် လူက အိပ်ငိုက်လာပြီ။ တနှစ်က အစောပိုင်းလောက်ကဆိုရင်တောင် Uncle Bob ရေးတဲ့ Code Clean လောက်ပဲ ဖတ်ဖြစ်ခဲ့တာ။ ဖတ်ဖြစ်သွားတဲ့ အကြောင်းတစ်ခုကတော့ Stackoverflow Founder ဖြစ်တဲ့ Jeff Atwood ကြီး ညွန်းထားတဲ့ စာအုပ်တွေထဲ တစ်ခု ဖြစ်တာလည်းပါတယ်။ တကယ်လို့ ကိုယ့်က ဒီလိုင်း လိုက်နေတယ်ဆိုရင် Jeff Atwood ရဲ့ Coding Horror ကလည်း ဖတ်သင့်တဲ့ ထဲမှာပါတယ်။

အတိုင်းအတာ တခုကြရင် ဖတ်ခဲ့တဲ့ စာအုပ်တွေက အစ ကွာသွားတယ်။ ဥပမာ ငယ်ငယ်တုံးက မင်းမြတ်သူရတို့ ကြိုက်ခဲ့ပေမယ့် အသက်လည်း နည်းနည်း ရလာတော့ တက္ကသိုလ်ဘုန်းနိုင် ကို ကြိုက်လာသလိုပေါ့။ အခုအချိန်မှာ Understanding Something တို့  For Developers ဆိုတဲ့ စာအုပ်တွေကို သိပ်ပြီးတော့ မဖတ်ဖြစ်တော့ဘူး။ ဖတ်ဖြစ်ရင်တောင် ကျော်ဖတ်ဖြစ်တာများတယ်။ စာအုပ်တွေကလည်း documentation လောက် ကောင်းတာက ရှားတယ်။ နောက်ပြီး ပိုဆိုးတာက သိတဲ့ စာအုပ်ထွက်ဖို့ဆိုတာက အချိန်က ပေးရတာ။ စာအုပ်လည်း တကယ်ထွက်လာရော အဲဒီနည်းပညာက version 2.0 ရောက်သွားပြီ ဆိုရင် အောက်သွားပြန်ရော။ အဲဒီတော့ စာအုပ်ကနေ အတည်အတံကြီး လေ့လာဖို့ စဉ်းစားတာ ခဲယဦးလာတယ်။ စာအုပ်ဆိုတော့ သိတဲ့ အတိုင်း မေးမရ မြန်းမရနဲ့။ အပြင်မှာလေ့လာတာက ပိုပြီး အလုပ်ဖြစ်ချင် ဖြစ်နေတာ။

အဲဒီတော့ နောက်ပိုင်းမှာ ဖတ်တဲ့ စာအုပ်တွေက abstract ဖြစ်တဲ့ concept ပိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ဖြစ်တာများတယ်။ ကလေးဘဝကထက်စာရင် Code ရေးတာ ပိုနှေးလာတယ်။ အရင်တုံးက မစဉ်းမစားပဲ လွတ်လွတ်ရေးမယ့်အစား သေသေချာချာ စဉ်းစားပြီးမှပဲ ရေးဖြစ်တော့တယ်။ နောက်ကြရင် ကိုယ်ရေးတာ ကိုယ်ပြန်မဖတ်တက်လို့ မဖြစ်ဘူးလေ။ ကပေါက်တိကပေါက်ချာ Code တွေကို ဖတ်ရင်းနဲ့ ကိုယ်ချင်းစာလာတာလည်း ပါပါတယ်။ အရင်ကထက်စာရင်လည်း Refractor ပြန်လုပ်ဖြစ်တယ်လို့ ပြောရမှာပဲ။

Hipster ဘဝကနေ တဖြည်းဖြည်း အထိုင်လာကြတာတယ်လို့လည်း ပြောရမှာပဲ။ အရင်ကဆိုရင် နောက်ဆုံး ဟာ အလန်းဆုံး ဘယ်လိုရေးရမလဲ စဉ်းစားပေမယ့် နောက်ပိုင်းမှာက အသက်ရှည်ရှည် နေရလောက်မယ့် Code မျိုးကို ပိုရေးချင်လာတယ်။ Code တွေလည်း အိုတာပဲလေ။ ကိုယ်တိုင် မကြုံရပေမယ့် ပတ်ဝန်းကျင် ကလူတွေ Legacy Code တွေကို ပြင်ရတာ ကြည့်ရင်းနဲ့ ကိုယ်ချင်းစာလာတယ်။ ငါရေးတာ ဘယ်လောက်ကြာကြာခံမလဲနဲ့ ပြန်ပြင်ရလွယ်မလား ဆိုတာမျိုးတွေပေါ့။ သူများကြည့်ရင် အဆင်ပြေအောင် ဆိုပြီးတော့ ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်တာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကိုယ်ကိုယ်ကို ဆေးမထိုးချင်တာပဲ။

ဘယ်စာအုပ်ဖတ်ရမလဲ ဆိုတာ မေးလာရင် တိုင်ပတ်တာ များတယ်။ များသောအားဖြင့်က သီးသန်ဖြစ်တာတွေကို Documentation မဖတ်ပဲနဲ့ Ebook ဖတ်ဖို့ ကြိုးစားနေတာကိုး။ ကိုယ်ညွန်းလိုက်တဲ့ စာအုပ်ကြပြန်တော့ သူတို့နဲ့က မအပ်စပ်သလို ဖြစ်ဖြစ်နေတယ်။ ဒါကလည်း ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလည်း ပါတာပေါ့။ ကိုယ်က အများအားဖြင့် talk တွေနားထောင် conf တွေကြည့်ရင်းနဲ့ ဒီဘဲမိုက်တယ်ဆိုပြီး စာအုပ်ကို ရှာဖတ်တာကိုး။

ပြန်ဆက်ရရင် Code Complete က စာမျက်နာတော်တော်များတယ်။ စာအုပ်များထုတ်ရင် ကျောင်းတုံးက DBMS စာအုပ်နီးနီးလောက် ရှိမလား မသိ။ ခေါင်းအုံးလုပ်လို့ရလောက်တယ်။ ibook မှာဖတ်တာတောင် စာမျက်နာ ၁၈၀၀ ကျော်။ Cover to Cover ဖတ်လို့ရလို့ တော်သေးတယ်။ Rework လိုမျိုး ဆက်တိုက်လည်း မဖတ်နိုင်ပေမယ့် ဖတ်ရတာ လေးလေးပင်ပင် ရှိတော့ တမျိုးမိုက်တာပဲ။ ဘိုးအေတွေ စာအုပ်ဖတ်ရင်းနဲက Generation နှစ်ခုရဲ့ အမြင်ကို တဖြည်းဖြည်းသဘောပေါက်လာတယ်။ ဒီဘက်မှာလည်း X နဲ့ Y ရှိတာပဲ။ Uncle Bob တို့ Linus Torvald တို့က X ဆိုရင် DHH တို့က Y ဖြစ်မယ်။ ကိုယ်က Z ထဲမှာမှ တကယ့်ကို ပိစိညှောက်တောက်လေးပေါ့။

--

--