Laravel ဘာလို့ ပေါက်?

Kelvin Morris
In burmese
Published in
3 min readOct 25, 2016
April 1, 2016 ကရေးခဲ့ပါသည်။

ဟိုတနေ့က ကိုကိုရဲတို့ နဲ့ တွေ့တော့ Laravel ဘာလို့ ပေါက်သလဲ ဆိုတော့ Open Source သမားတွေ ဝန်းရံကြလို့  ဆိုပြီး ပြောကြတော့ ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး ထင်တာရယ် ၊ ပြောဖို့ ရာကလည်း စာနဲ့ရေးပြမှ အဆင်ပြေမယ်ထင်လို့  အတွေးတွေကို ပြန်စီပြီးရေးလိုက်ပါတယ်။ Laravel အကြောင်းမပြောခင် အဲဒီမတိုင်ခင် ခေတ်ကာလက PHP Framework တွေအကြောင်း ပြောမှ ရမယ်။ ဒါမှ ဟပ်မိမှာလေ။

အဲဒီတုံးက အခု Javascript Framework တွေပွထနေသလို PHP framework တွေကအများကြီးပဲ တရုတ်က သုံးပြည်ထောင်မင်း တွေမတိုင်ခင် သူတလူငါတမင်း အုပ်ချုပ်နေသလို PHP Community ကလည်း Framework တွေပေါ်မှာကွဲနေလိုက်တာ။ ဒီကြားထဲ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကလည်း သိပ်ကြလိုက်တာ မြင်မကောင်းဘူး။ အဲဒီတုံးက Tutsplus ဆိုတာ အခုလို ခြောက်တီးခြောက်ချက် မဟုတ်။ တစ်ယောက်ယောက်က Framework တစ်ခု အကြောင်း tutsplus မှာတင်လိုက်တာနဲ့  အောက်မှာ သတ်ကြ သတ်ကြတဲ့ comment တွေက ရာချီ။ Tutsplus မှ မဟုတ် တခြားဆိုဒ်တွေမှာလည်း ထိုနည်းတူပါပဲ။ အလုပ်အတွက် သုံးနေတဲ့သူတွေရဲ့ ပြဿနာက ဘယ် Framework သုံးမလဲ စဉ်းစားရတာက အလုပ်တစ်ခု။ တခါတလေ ဟို framework က ဟို feature လေး ဒီမှာပါရင် သိပ်ကောင်းမှာပဲ ဆုတောင်းမိတာ အကြိမ်ကြိမ် ၊ တခုနဲ့ တခုကလည်း ရေးတဲ့ပုံစံက တူတာမဟုတ်။ နောက်ဆိုးတာက Library တွေသုံးမယ် ဆိုရင် ချိတ်ဖို့ အတွက် Adaptor လိုမျိုးရေးရတာ အလုပ်တစ်ခု။

အဲဒီနောက်ပိုင်းမှာမှ မှတ်မိသလောက် PHP 5.2 မှာ autoloading ပါလာတယ်။ Composer ပေါ်လာတယ်။ PSR တွေစဖြစ်လာတယ်။ ရှိပြီး community တွေက ရေးပြီးသားဆိုတော့ ဒါတွေကို adapt မလုပ်ချင်ကြဘူး။ အဲဒီ အချိန်မှာ Laravel က စပေါ်တော့ ပေါ်နေပြီ။ 2 လား 3 လားတော့ မပြောတက်။ ကျွန်တော်က 3 မှာ စသုံးတယ်။ အဲဒီတုံးက ကိုယ်ရေးနေကြ Framework က Controller to Route ဆိုတော့ Route to Controller ဖြစ်နေတာနဲ့  တိုင်ပတ်လိုက်သေးတယ်။ ဒါပေမယ့် Route to Controller က ပိုကောင်းပါတယ်။ သို့ သော် အဲဒီတုံးက ဘယ်ဟာပိုကောင်းသလဲ အငြင်းအခုန် ဖြစ်လိုက်ကြတာ သောက်သောက်လဲ။ နောက်ဆုံး အခုခေတ်မှာတော့ Route to Controller က နိုင်သွားတာပေါ့။ ဒါပေမယ့် အဲဒီတုံးက နှစ်ဖက်စလုံးက အချက်အလက်တွေနဲ့ ငြင်းကြတာ ဆိုတော့ ကိုယ်လို ကလေးတစ်ယောက် ဘယ်ဟာပိုကောင်းသလဲ ဆိုတာ ဝေဝေဝါးဝါး။

နောက်တော့ Laravel 4 မှာ အမှတ်မမှားဘူးဆိုရင် composer စသုံးတယ်။ အဲဒီတုံးက composer က တက်ခါစ။ CI တို့  Cakephp တို့ က လူတွေကတော့ ဘာဂရုစိုက်စရာ လိုသလဲ ဆိုပြီး အဲဒီလောက်ကြီး အမူမထားဘူး။ ဒါပေမယ့် Composer ကြောင့် PHP Community မှာ package အသေးလေးတွေစပေါ်လာတယ်။ node.js က package တွေလောက်တော့ သေးချင်မှ သေးမှာပေါ့လေ။ အသေးလေးတွေဖြစ်တော့ ကိုယ်တနိုင်ရေးကြရင်းနဲ့  အသုံးဝင်တဲ့ package တွေအများကြီးပေါ်လာရော။ တဖက်မှာလည်း Symfony က သူ့  Project တွေကို composer မှာသုံးလို့ ရအောင် PSR standard နဲ့ ညှိပေးတယ်။ အဲဒီတော့ Laravel 4 မှာ Symfony Package တွေတွေ့ ရမယ်။ တကယ်တော့ 3 မှာကတည်းက မှတ်မိသလောက် Symfony ရဲ့  Routing လိုမျိုးသုံးခဲ့တယ်။ 4 မှာတော့ Form တွေရော HTTP foundation ကြီးတစ်ခုလုံးပါ သုံးလိုက်တယ်။ နောက်တော့ Taylor Otwell က သူ့  Eloquent ကို Illuminate ရဲ့  အောက်မှာ package တစ်ခုအနေနဲ့ ထားပြီး ခွဲထုတ်လိုက်တယ်။ အဲဒီမှာ Laravel မသုံးချင်လည်း Illuminate ကိုသုံးချင်တဲ့သူတွေ အတွက် အလွယ်တကူသုံးလို့ ရသွားတာပေါ့။ အဲဒီမှာ Modularity Concept ထွန်းကားလာတာနဲ့ အမျှ Laravel နဲ့ တွဲသုံးတဲ့ package တွေတချို့ က Laravel ထဲပါလာတယ်။ တချိန်တည်းမှာပဲ အပေါ်ကပြောသလို Laravel ကိုပိုပြီး ဝန်းရံဖြစ်ကုန်တာပေါ့။ ဒါကလည်း အရင်တုံးက တခြား Framework တွေလုပ်တဲ့ အချိုးဖြစ်တဲ့ “စားပွဲပေါ်က ကိတ်မှန် ကုန်အောင်စား” ဆိုတဲ့ Concept ထက်စာရင် “နိုင်သလောက်စား မကုန်ရင် အိမ်သယ်သွား” ဆိုတာမျိုးကို လူတွေက ပိုသဘောကျကျတာပဲလေ။ အဲဒီတော့ Laravel ကို မသုံးရင်တောင် Eloquent သုံးတဲ့သူကလည်း Eloquent ကို contribute လုပ်ဖြစ်ရင်းနဲ့  ကြီးလာတာပဲလေ။ နောက်ပိုင်းမှာတော့ Selenium လို ရှေးကျတဲ့ ဘိုးတော် Library တွေတောင် Packagist ကို ရွေ့တဲ့နောက်မှာတော့ Framework အဟောင်းတွေက သိပ်နောက်ကျသွားပါပြီ။

ဒီကြားထဲမှာ တစ်ဖက်ကပြန်ကြည့်ရင် CI ရဲ့  Downfall တွေလည်း အများကြီးပါတယ် ပြောရမယ်။ CI ကို ExpressEngine က ဝယ်ပြီးနောက်ပိုင်းမှာ ပိုင်ဆိုင်မှုကိစ္စ မရှင်းမရှင်းဖြစ်တော့ အဲဒီက Software Engineer တော်တော်များများက တခြား Framework တွေကို ရောက်ကုန်ကြရော။ Fuelphp လိုမျိုး framework တွေစပေါ်လာတယ်။ ဒါပေမယ့် Laravel ပေါ်ပြီးနောက်ပိုင်းမှာ အဲဒီလောက်ကြီး သုံးတဲ့သူ မတွေ့ မိတော့ဘူး။ အခု ဒီနှစ်ပိုင်းမှာလည်း Laravel ဟာ 4 ကနေ 5 အကူးအပြောင်းကို ကောင်းကောင်းမွန်မွန် ကျော်ဖြတ်နိုင်ခဲ့တယ်။ အဲဒီအချိန်က ကုမ္ဗဏီကြီးတွေမှာ Senior Engineer တွေက Laravel ကိုသုံးချင်ပေမယ့် မသုံးရဲသေးဘူး။ CI နောက်ပိုင်း 2.xx version တွေမှာလို အကြီးအကျယ် ပြောင်းရင် ဘယ်လိုလုပ်မလဲ ဆိုတာကို လန့် ကြတယ်။ စရေးတဲ့သူတွေ အနေနဲ့ က ဘယ်လိုမှ မနေပေမယ့် ရှိပြီးသား Project ကို version upgrade လုပ်ဖို့ ရာ အထဲက Code တွေ ခဏခဏပြောင်းနေရင်လည်း ခဏခဏ လိုက် fix နေရမှာ မဟုတ်သေးဘူး။ လုံးဝမပြောင်းရင်လည်း ကိုယ်တွေလို ပေါက်စ developer တွေက မကြိုက်ကြဘူး၊ ဘာမှမှ မထူးတာ ဆိုပြီးတော့။ အဲဒီတော့ နှစ်ဖက်စလုံး အဆင်ပြေအောင် ဆိုပြီးတော့ Laravel 5 ကို LTS ပေးမယ်ဆိုပြီးတော့ ကြေညာလိုက်တယ်။ အဲဒီမှာ Enterprise application ကပါ Laravel ကို သုံးလာကြတယ်။ နောက်တော့ Laravel သုံးရင် overkill ဖြစ်မယ်လို့ ယူဆတဲ့ဟာတွေအတွက် Taylor က Lumen ကို ကောက်ထုတ်လိုက်တယ်။ Lumen ကိုထုတ်တာ ကြေညာလိုက်တာနဲ့  Silex လို mini-framework က သူတို့ က ဆက်မထုတ်တော့ဘူးကြေညာလိုက်တယ်။ အဓိကကတော့ မလိုတော့ဘူး ဆိုတဲ့သဘောပေါ့။ အဲဒီမှာ laravel ဟာ mini-framework,framework နဲ့  enterprise level အတွက် target သုံးခုစလုံးကိုပါ အဆင်ပြေစေနိုင်တဲ့ framework ဖြစ်လာတော့တာပါပဲ။

နောက်အရွေ့တစ်ခုကတော့ Jeffery Way က Tutsplus ကနေထွက်ပြီး Laravel ကိုအာရုံစိုက်မယ့် ScreenCast site တစ်ခုလုပ်လိုက်တယ်။ အဲဒါကတော့ အခု အားလုံးသိနေကြတဲ့ Laracast ပါပဲ။ Jeffery အကြောင်းသိတဲ့လူတွေက အဲဒီမှာ Laravel ကိုသုံးလာကြတယ်။ Jeffery way ကတော့ အားလိုသိတဲ့အတိုင်း သူနဲ့ ထိတဲ့ အရာတိုင်း ရွှေဖြစ်ပြောလို့ ရအောင် ၊ သူ့ tutorial မှာပါတာ အကုန်လူသုံးများကြတယ်။ teaching skill လည်းပါတာပေါ။

အဲဒီတော့ community ကြီးစည်ကားလာတာ မဆန်းပါဘူး။ Taylor နဲ့လည်းက Tutplsu မှာသူလုပ်ကတည်းက ခင်တော့ Laravel ရဲ့  တချို့  feature တွေ ရှေ့ ဆက်သွားမယ့် မူဝါဒ လမ်းစဉ်တွေ (အလဲ့ :D ) ကို သူ့ က ကြိုသိနေတာများတယ်။ အဲဒီတော့ သူက course တွေပြင်ထားတာပေါ့။ ဟိုက version တစ်ခုထုတ်လိုက်တာနဲ့  သူဆီမှာက series တစ်ခုက ပြီးပြီးသား။ အဲဒီတော့ လေ့လာချင်မယ့်လူက အဆင်သင့်။

တဖက်ကပြန်ကြည့်ရင် ဒီအရွေ့တွေဟာ PHP community အနေနဲ့ ပြောတာဖြစ်ပြီးတော့ တခြား community အနေကပြန်ကြည့် ဒီပြောင်းလဲမှုက ဘာမှ ထူးခြားဆန်းကြယ်တာ မဟုတ်ဘူးလို့ ထင်ကောင်းထင်မယ်။ ဥပမာ ruby မှာဆို gem တွေဟာ ရှိတာဖြင့်ကြာလှပြီ။ ထိုနည်းတူပဲ Node.js စထွက်ပြီး သိပ်မကြာခင်မှာပဲ npm ကပါလာတာပဲ။ python မှာလည်း pip နဲ့ easy_install ရှိတယ်။ ဒီတော့ အဆန်းတကြယ်တော့ မဟုတ်ဘူး။ သို့ သော် ဒီအခြေအနေထိ ရောက်အောင် အတော်လေးကို ကြိုးစားခဲ့ရတာ။ PHP 5 မတိုင်ခင်က PHP ဟာ လူတိုင်း လက်ညိုးထိုးခံရတဲ့ language။ Coding Standard ကလည်းမယ်မယ်ရရမရှိ ၊ Composer လိုမျိုးကလည်း မပေါ်သေး ၊OOP လည်း မဟုတ်တဲ့ အနေအထားကနေ အခုလို Design Pattern တွေ ထွန်းကားဖို့ ကို ကြာခဲ့ပါသေးတယ်။

နောက်ပြီး Taylor Otwell က Github မှာ Pull request တွေ အများကြီးလာပေမယ့် သူ့ ကောင်းမယ်ထင်တာ ၊ သူရဲ့  vision နဲ့ ကိုက်ညီတာပဲရွေးခဲ့တာ။ ပြောသမျှလိုက်လုပ်ခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ စိတ်တိုင်းမကျတာတော့ရှိရင်ရှိမှာပေါ့။ တဖက်ကပြန်ကြည့်ရင်လည်း နိုမို့ ဆို အကုန်လုပ်လို့ ရတဲ့ အစုံသုတ်ကြီးဖြစ်သွားမှာပေါ့။ တကယ့်တကယ် သူကလည်း DHH လိုပါပဲ။ တော်ကီမကြမ်းတာသာရှိမယ်။ အာဏာရှင်တော့ ဆန်ပါလိမ့်မယ်။ သို့ သော် အဲဒီလိုမှ မလုပ်ရင်လည်း လမ်းကြောင်းက တနည်းတဖုံ ပြောင်းသွားဦးမှာ။ ဒီဲကြားထဲမှာ ကျန်ခဲ့တာတွေ အများကြီးရှိနိုင်ပါသေးတယ်။ မှတ်မိသလောက် ပြန်ရေးတာ ဆိုတော့ အမှားပါတာ ရှိရင် ဒါမှမဟုတ် Laravel နဲ့ ပတ်သတ်ပြီး ဘယ်လို ထင်သလဲ ဆိုတာ ကောမန့် ပေးနိုင်ပါတယ်

--

--