ကမ္ဘာ့အသက်အငယ်ဆုံး DJ

Mie Maung
Moments of My Life
Published in
2 min readNov 8, 2016

အသက် နှစ်နှစ်အရွယ်သာရှိသေးတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး DJ လေးကတော့ သူ့ရဲ့ အံ့ဖွယ် တီးလုံးတွေကြောင့် ပရိသတ် ထောင်ပေါင်းများစွာ ရရှိနေပြီ ဖြစ်ပါတယ်။

DJ AJ လို့ခေါ်တဲ့ အိုရာတီဝဲ လှောင်ဝါနီ (Oratilwe Hlongwane) ဟာ စကားလုံးတွေတောင် မှန်ကန်အောင် တွဲစပ်ပြောနိုင်ဖို့ သင်ယူနေဆဲအချိန်မှာ လက်ပ်တော့ကိုင်ပြီး သီချင်းတွေကို ကောင်းစွာ ရွေးချယ် ဖွင့်တတ်နေပြီဖြစ်ပြီး တောင်အာဖရိကမှာတော့ ထူးခြားသတင်းတစ်ပုဒ် ဖြစ်လို့နေပါတယ်။

သူ့ရဲ့ အရည်အချင်းကြောင့် အခုဆိုရင် အထူး ပါဝင်ဖျော်ဖြေဖို့ ဖိတ်ခေါ်မှုတွေ၊ စပွန်ဆာတွေအပြင် သူ့ရဲ့ ဘေ့စ်သံပြင်းပြင်း house music ပုံစံ သီချင်းဖွင့်မှုကို နားဆင်လိုတဲ့ ပရိသတ်တွေကိုလည်း ရရှိနေပြီ ဖြစ်ပါတယ်။

မကြာသေးမီက မွေးရပ်မြေ ဂျိုဟမ်နစ္စဘက် (Johannesburg) မြို့ရဲ့ ရှော့ပင်းမောတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေနဲ့ လူအုပ်စုကြီး ဖြစ်ခဲ့ပြီး နားကြပ်အကြီးကြီးကို လည်ပင်းမှာ ချိတ်ရင်း စည်းချက်အလိုက် ခေါင်းတစ်ညိတ်ညိတ်နဲ့ ဖျော်ဖြေနေတဲ့ သူ့ရဲ့ ဂီတာကို နားဆင်ခဲ့ကြပါတယ်။

သူ့အမေ ရီဖီလို မာရူမို (Refiloe Marumo) က ဒီကလေး ခုလို ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ မမွေးခင်ကတည်းက သားငယ်အတွက် iPad တစ်လုံး ဝယ်ပေးခဲ့တဲ့ ဖခင်ဖြစ်သူ ဂလန် လှောင်ဝါနီ (Glen Hlongwane) ပါပဲလို့ ဆိုပါတယ်။

ကိုယ်ကာယ လေ့ကျင့်ရေး နည်းပြနဲ့ DJ ဝါသနာရှင် မစ္စတာ လှောင်ဝါနီဟာ သားဖြစ်သူ ပညာရေးအတွက် ပညာရေးဆိုင်ရာ app တွေကို download ဆွဲခဲ့သလို သူကိုယ်တိုင်သုံးဖို့ DJ app တစ်ခုကိုလည်း download ဆွဲခဲ့ပါတယ်။

အိုရာတီဝဲလေး တစ်နှစ်သားအရွယ် ရောက်လာတဲ့အခါမှာတော့ အီလက်ထရောနစ် ပစ္စည်းလေးတွေကို သုံးတတ်လာပြီး ဖခင်ဖြစ်သူရဲ့ DJ app ကိုလည်း စမ်းသပ် ဆော့ကစားနေပါပြီ။

သွားရည်ခံဝတ်ထားရတုန်း သားငယ်လေးဟာ app ကိုသုံးပြီး သူလေ့လာခဲ့တာတွေကို တကယ့် DJ စက်ပေါ်မှာ ပြန်လည်အသုံးချရင်း အသံအထူးပြုလုပ်ချက်တွေ၊ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် ကူးပြောင်းတာတွေကို လုပ်ပြလိုက်တဲ့အခါမှာတော့ မိဘနှစ်ဦးစလုံး မှင်သက်သွားခဲ့ရပါတော့တယ်။

သူ သီချင်းတွေ ဖွင့်ပြီး ဂီတမှာ စီးမျောနေပုံကို ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းကို တင်လိုက်ချိန်ကစလို့ ခုဆိုရင် သူ့မှာ Facebook ပရိသတ်ပေါင်း ၂၅၀၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

သို့သော်လည်း သူ့ရဲ့ ပရိသတ်အင်အား တိုးလာတာနဲ့အတူ သူ့ရဲ့အောင်မြင်မှုမှာ ဝေဖန်သံတွေပါ ကပ်ပါလာခဲ့ပါတယ်။ တချို့သူတွေက သူ့ရဲ့မိဘနှစ်ဦးဟာ ကလေးရဲ့ အချိန်စောပြီး ရလာတဲ့ အရည်အသွေးကို အသုံးချ အမြတ်ထုတ်နေတယ်ရယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

မစ္စတာ လှောင်ဝါနီက သူ့အနေနဲ့ ကလေးကို အသုံးချမှာ မဟုတ်ကြောင့် ခုလည်း ကလေးရဲ့ အသက်အရွယ်ကြောင့် ကလပ်တွေနဲ့ ပါတီပွဲတွေမှာ သွားရောက် တီးခတ်ခွင့် ပြုမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ချာတိတ် ကြီးလာတဲ့အခါမှာလည်း DJ ဖြစ်ရမယ်ရယ်လို့လည်း မိဘတွေက ဖိအားပေးသွားမှာ မဟုတ်ကြောင်း ပြောကားခဲ့ပေမယ့် ချာတိတ်ရဲ့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ထိတွေ့ အသားကျနေပုံက သူ့အနာဂါတ်အတွက် ဆုံးဖြတ်ချက် ချပြီးပုံပါပဲ။

မစ္စတာ လှောင်ဝါနီကတော့ “အနာဂါတ်ရဲ့ ဘီလ်ဂိတ်လေးကို ဒီမှာ တွေ့နေရပါပြီ” လို့လည်း ပြောခဲ့ပါသေးတယ်။

Ref: Glanfield E. Mail Online. 2015. World’s youngest DJ is just two years old but already has a dedicated following of thousands of fans. [Online] Available at: http://www.dailymail.co.uk/news/article-3035120/A-toddler-disc-jockey-fascinates-South-African-fans.html [Accessed 13 April 2015].

--

--

Mie Maung
Moments of My Life

I’m a freelance translator, writer and photographer base in Yangon, Myanmar.