ဘိုနီနဲ့ ကလိုက်ဒ် သို့မဟုတ် ကမ္ဘာကျော် ဓားပြစုံတွဲ
ကျွန်တော်တို့ လူအများစုက စိတ်တူကိုယ်တူ ဝါသနာတူသူ ချစ်သူရည်စား စုံတွဲတွေကို တွေ့မိရင် အားကျမိကြ ကြည်နူးမိတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုထပ်တူကျတိုင်း တကယ် ကြည်နူးအားကျစရာ ကောင်းရဲ့လား။ ကမ္ဘာပေါ်မှာ လက်တွဲညီညီနဲ့ အတူ ဆိုးခဲ့မိုက်ခဲ့ကြတဲ့ စုံတွဲတွေလည်း အများကြီး ရှိကြပါတယ်။ အဲဒီထဲမှာမှ ဘိုနီပါကာနဲ့ ကလိုက်ဒ်ဘာရိုးဆိုတဲ့ စုံတွဲကတော့ အမေရိကန်သမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ဓားပြစုံတွဲလို့ ဆိုနိုင်ပါတယ်။ တချို့က သူတို့ စုံတွဲကို ရောဘင်ဟုဒ်လို့ တင်စားချင်ကြတဲ့ သူတို့ စုံတွဲဟာ ကမ်းကုန်အောင် ကြမ်းရမ်းခဲ့ကြရင်း အသက် ၂၀ ကျော် အရွယ်တွေမှာပဲ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အတူ သေပွဲဝင်ခဲ့ကြရပါတယ်။ သူတို့အကြောင်း ရုပ်ရှင်တွေလည်း အတော်များများ ရိုက်ကူးခဲ့ကြဖူးပေမယ့် မသိသေးသူတွေအတွက် သူတို့ စုံတွဲအကြောင်းကို ရှာဖွေ ဖတ်ရှုပြီး ပြန်ဖောက်သည်ချလိုက်ပါတယ်။
တက္ကဆက်မှာစပြီး လူဝီစီယားနားမှာ ဇာတ်သိမ်းခဲ့
အမေရိကန် နိုင်ငံက တက္ကဆက်ပြည်နယ်လို့ ပြောလိုက်ရင် အများစုက သေနတ်ခါးကြားထိုးပြီး တဒိုင်းဒိုင်း ပစ်ကြတဲ့ ကောင်းဘွိုင်ရုပ်ရှင်တွေကို ပြေးမြင်ကြပါလိမ့်မယ်။ ဘိုနီနဲ့ ကလိုက်ဒ်တို့ စုံတွဲဟာလည်း ဒီလို ကြမ်းကြမ်းရမ်းရမ်း တက္ကဆက်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ကြသူတွေပါ။ ဘိုနီပါကာကို တက္ကဆက်ပြည်နယ်ရဲ့ ရိုဝီနာဆိုတဲ့ မြို့ကလေးမှာ ၁၉၁၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး၊ ကလိုက်ဒ်ဘာရိုးကိုတော့ တက္ကဆက်ပြည်နယ် တယ်လီကိုမြို့လေးမှာ ၁၉၀၉ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အသက် ၂၄ နဲ့ ၂၅ နှစ် အရွယ် ၁၉၃၄ ခုနှစ် မေလ ၂၃ ရက်နေ့ လူဝီစီယားနားပြည်နယ် ဗီယန်းဗီးလ် ပဲရိရှ်မြို့နယ် ဆေးလ်မြို့ငယ်လေးအနီး လမ်းပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကြပါတယ်။
သူတို့ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ နေရာကို ခုချိန်ထိ အမှတ်တရ ကျောက်တိုင် စိုက်ထူထားတာ တွေ့နိုင်ပါသေးတယ်။ အမှန်တကယ် အခင်းဖြစ်ခဲ့တဲ့ နေရာက လက်ရှိကျောက်တိုက်နဲ့ ပေ ၃၀ လောက်ကွာပြီး လမ်းမကြီးကို ချဲ့ဖို့ လိုတဲ့အတွက် ခုလို လမ်းဘေးရောက်အောင် ပြန်ရွှေ့ထားတာလို့ သိရပါတယ်။
ရွှေဖူးစာ ဆုံပုံကဆန်း
သူတို့နှစ်ယောက် တွေ့ဆုံချိန်မှာ ဘိုနီက ၁၉ နှစ်၊ ကလိုက်ဒ်က ၂၁ နှစ်အရွယ်ပဲ ရှိကြပါသေးတယ်။ ဆုံတွေ့တဲ့ နေရာက တက္ကဆက် အကျဉ်းထောင်မှာ။ ကလိုက်ဒ်တစ်ယောက် ဖောက်ထွင်းမှုနဲ့ ထောင်ကျနေခဲ့ချိန်ပေါ့။ ဘိုနီမှာ ပထမအိမ်ထောင်ရှိပြီး လူသတ်မှုနဲ့ ထောင်ကျနေတဲ့ သူမယောက်ျားကို လာတွေ့ရာက ကလိုက်ဒ်နဲ့ ဆုံခဲ့ကြတာပါ။ သူတို့နှစ်ယောက် ဆုံစည်းပုံက စကတည်းက ယဉ်သကို ဆိုသလိုပါပဲ။ ကလိုက်ဒ်ဟာ ဘိုနီ လျှို့ဝှက်သယ်လာပေးတဲ့ သေနတ်နဲ့ ထောင်ဖောက်ပြေးခဲ့ပေမယ့် ပြန်အဖမ်းခံခဲ့ရပြီး ၁၉၃၂ ဖေဖော်ဝါရီလမှာ ခံဝန်ချုပ်နဲ့ ထောင်က လွတ်လာချိန်မှာတော့ ဘိုနီနဲ့ လက်တွဲဖြစ်ခဲ့ပါတော့တယ်။ အဲဒီအချိန်ကစလို့ သူတို့ စုံတွဲရဲ့ ၂၁ လကြာ ဒုစရိုက်ခရီးရှည်ကြီး ဖြစ်တည်လာခဲ့ပါတယ်။
ကြမ်းကြမ်းရမ်းရမ်း ဒုစရိုက်လမ်း
သူတို့စုံတွဲဟာ ကားတွေ တစ်စီးပြီး တစ်စီး ခိုးလို့ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းမကြီးတွေကနေ တစ်မြို့ဝင် တစ်မြို့ထွက် ဓားပြတိုက်၊ လုယက်၊ ပြန်ပေးဆွဲတာတွေ လုပ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက သူတို့ကို တစ်ချို့က အမြတ်ကြီးစား အရင်းရှင်တွေဆီက လုယက်ဓားပြတိုက်ပြီး ဆင်းရဲသားတွေကို ဝေငှပေးတဲ့ ရော်ဘင်ဟုဒ်နဲ့ တင်စားကြပေမယ့်လည်း သူတို့ ဓားပြတိုက်ခဲ့တာတွေက မြို့ငယ်လေးတွေက ဘဏ်လေးတွေ၊ အဝေးပြေးလမ်းမကြီးတလျှောက် လူပြတ်တဲ့နေရာက တစ်နိုင်တစ်ပိုင် ဓာတ်ဆီဆိုင်လေးတွေနဲ့ စားသောက်ဆိုင်လေးတွေလောက်ပဲ များပြီး ဘဏ်ကြီးတွေ လုပ်ငန်းကြီးတွေ မပါပါဘူး။ သူတို့ တစ်ကြိမ် ဓားပြတိုက်တိုင်း ယူသွားတဲ့ ငွေပမာဏက ဘယ်တော့မှ ဒေါ်လာ ၁၅၀၀ မကျော်ခဲ့ပါဘူး။ (ဒေါ်လာ ၁၅၀၀ ဆိုတာ ကျွန်တော်တို့အတွက် နည်းတဲ့ ပမာဏ မဟုတ်ပေမယ့်လည်း သူတို့နိုင်ငံအတွက် ဒါက အကြီးစား ဓားပြမှု မမည်သေးပါ။) မကြာမကြာဆိုသလို ပြည်နယ်ရဲတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပြီး သီသီလေး လွတ်ခဲ့ကြပါတယ်။ ဒီလို ပစ်ခတ်မှုတွေထဲမှာ ထင်ရှားတာ တစ်ခုက ၁၉၃၄ ဇန်နဝါရီ ၁၆ ရက်နေ့မှာ တက္ကဆက်ပြည်နယ် ဝါလ်ဒိုမြို့လေးက အိစ်ဟမ်အကျဉ်းထောင် စိုက်ပျိုးရေးစခန်းကနေ ထောင်ဒဏ် နှစ် ၂၀၀ ကျော် ကျခံနေရတဲ့ ရေမွန်ဟာမီတန် အပါအဝင် အကျဉ်းသား ငါးဦးကို ကယ်ထုတ်ပြီး အကျဉ်းစခန်း လုံခြုံရေးဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ၁၉၃၄ ဧပြီ ၁ ရက်နေ့မှာလည်း အမြန်လမ်းရဲတပ်ဖွဲ့က အရာရှိငယ်နှစ်ဦးကို တက္ကဆက်ပြည်နယ် ဂရိတ်ဗိုင်းမြို့အနီး လမ်းမပေါ်မှာ လက်ဦးမှု ရယူပြီး ပစ်ခတ် သတ်ဖြတ်ခဲ့ပြန်ပါသေးတယ်။ နောက် ငါးရက်အကြာမှာ အိုကလာဟိုးမားပြည်နယ် မိုင်ယာမီမြို့က ပုလိပ်တစ်ယောက်ကို သေလောက်တဲ့ ဒဏ်ရာရစေခဲ့ပြီး ရဲမှူးကို ပြန်ပေးဆွဲခဲ့ကြပါတယ်။
ရာဇဝတ်ဘေး ပြေးမလွတ်နိုင်
တစ်နေ့မှာတော့ သူတို့နှစ်ယောက်ကို မိတ်ဆွေတစ်ယောက်ကပဲ သစ္စာဖောက်ပြီး ထောင်ချောက်ဆင် ဖမ်းခဲ့ပါတယ်။ ၁၉၃၄ မေလ ၂၃ ရက်နေ့ အရုဏ်တက်ချိန်မှာ ဖော်ကောင်မိတ်ဆွေနဲ့ တွေ့ဆုံဖို့အတွက် ရောက်လာမယ့် သူတို့နှစ်ဦးက ဖမ်းဖို့အတွက် တက္ကဆက် တိုက်ခိုက်ရေးရဲ (Texas Ranger) ဖရန့်ဟမ်မာ အပါအဝင် လူဝီစီယားနားနဲ့ တက္ကဆက် ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၆ ဦးဟာ လူဝီစီယားနားပြည်နယ် ဗီယန်းဗီးလ် ပဲရိရှ်မြို့နယ် ဆေးလ်နဲ့ ဂစ်ဘ်လန်းဆိုတဲ့ မြို့ငယ်လေး နှစ်ခုကြားက အဝေးပြေးလမ်း တစ်နေရာမှာ ခြုံခို စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဒါကို မသိသေးတဲ့ ဘိုနီနဲ့ ကလိုက်ဒ် စုံတွဲဟာ သူတို့ ခိုးယူလာတဲ့ Ford V-8 sedan ကားလေးကို မောင်းနှင်ပြီး နေရာကို ရောက်ရှိလာပါတယ်။ ရဲတပ်ဖွဲ့က လမ်းပိတ်ပြီး ဖမ်းဆီးတဲ့အခါမှာတော့ ထွက်ပြေးဖို့ ကြိုးစားရင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင်း ကားအတွင်းမှာပဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြပါတယ်။
အနေဆိုးခဲ့သလို အသေလည်း မလှပခဲ့
ကြမ်းရမ်းခဲ့တဲ့ သူတို့ နှစ်ဦးရဲ့ ဘဝဇာတ်သိမ်းကလည်း မလှပခဲ့ပါဘူး။ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့ဝင် ၆ ဦးက ဝိုင်းဝန်း ပစ်ခတ်ကြရာမှာ သူတို့ရဲ့ ကားကို ကျည်ဆံပေါင်း ၁၃၀ ကျော် ထိမှန်ခဲ့ပါတယ်။ သူတို့ရဲ့ အလောင်းတွေကို ကားထဲမှာ သေဆုံးလျှက်အနေအထားအတိုင်း ကားကို မြို့ထဲ ဆွဲယူလာတဲ့အခါမှာ လူအများအပြား ဝိုင်းအုံ ကြည့်ရှုခဲ့ကြပြီး တချို့သူတွေက အမှတ်တရ သိမ်းဆည်းဖို့ဆိုပြီး သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက် ယူခဲ့ကြပါသတဲ့။ ရဲတပ်ဖွဲ့ဝင်တွေ ဘေးက စောင့်ကြပ် တားဆီးနေတဲ့ကြားက လူတစ်ယောက်ဟာ ကလိုက်ဒ်ရဲ့ နားရွက်တစ်ဖက်ကို အိတ်ဆောင်ဓားနဲ့ ဖြတ်တောက် ယူသွားခဲ့ပြီး ညာလက်ညှိုးကို ဖြတ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း ဘိုနီရဲ့ ဆံပင်တစ်ဆုတ်နဲ့ သွေးစွန်းနေတဲ့ အင်္ကျီတစ်စတို့ကို ဖြတ်တောက် ယူသွားပါသေးသတဲ့။
သေမင်းတမန်ကား
သူတို့ကို စောင့်ဆိုင်း ဖမ်းဆီးစဉ်က ပါဝင်ခဲ့တဲ့ လူဝီစီယားနား နယ်ထိန်းတစ်ယောက်က သူတို့ရဲ့ သွေးတွေ စွန်းပေနေတဲ့ Ford V-8 sedan ကားလေးကို ပိုင်ရှင်ထံ ပြန်မအပ်ဘဲ ယူဆောင်သွားခဲ့ပြီး ရာဇဝတ်မှု ကင်းစင်ရေ နယ်လှည့်ဟောပြောတဲ့ ချားလ်စ်စတန်လေ ဆိုသူထံ ရောင်းစားခဲ့ပါတယ်။ ချားလ်စ်စတန်လေက အဲဒီကားလေးကို သေမင်းတမန်ကား (Death Car) ရယ်လို့ အမည်ပေးလို့ နယ်တကာလှည့် ပြစားခဲ့ပါတယ်။ အခုတော့ အဲဒီ သေမင်းတမန်ကားလေးကို နီဗားဒါးပြည်နယ် ပရင်းမ်မြို့လေးက Whiskey Pete’s Casino ရဲ့ အဝင်ဝမှာ ပြသထားပါတယ်။
References:
Encyclopaedia Britannica, Federal Bureau of Investigation, History Channel