အိမ်သုံး ကိုယ်တိုက်ဆပ်ပြာတွေမှာ ဘက်တီးရီးယား သေစေတဲ့ အာနိသင် မထည့်ကြတော့ဖို့ အမေရိကန် FDA က ညွှန်ကြားသတဲ့

Mie Maung
Moments of My Life
Published in
2 min readSep 2, 2016

“Antibacterial” ဆပ်ပြာတွေကို နှုတ်ဆက်ကြဖို့ အချိန်တန်ပြီလား။ ဒီအာနိသင်က ဆပ်ပြာတွေကို သာမန်ထက် နည်းနည်းသာ ပိုကောင်းစေ သို့မဟုတ် လုံးဝ ပိုမကောင်းစေဘဲ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း ဆပ်ပြာတွေမှာ ဒီအာနိသင်ထည့်ခြင်းက ဘေးကင်းကြောင်း အထောက်အထား အလုံအလောက် မပြနိုင်ကြဘူးရယ်လို့ အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန်နဲ့ ဆေးဝါးများ စီမံမှုဌာန (FDA) က ပြောလိုက်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကနေ တချို့ ပါဝင်ပစ္စည်းတွေကို ဖယ်ရှားဖို့ အချိန် တစ်နှစ် ရပါမယ်လို့ FDA က ဆိုပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ထရိုင် ကလိုဆန်နဲ့ ထရိုင် ကလို ကာဘန်တို့ ပါဝင်ပါတယ်။ ဆပ်ပြာထုတ်လုပ်သူတွေအနေနဲ့ တခြား အသုံးမများတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဘန်ဇယ်ကိုနီယမ် ကလိုရိုက်ကို ဖယ်ရှားဖို့အတွက်တော့ နောက်ထပ် အချိန်တစ်နှစ် ထပ်ဆောင်း ရရှိပါတယ်။

“ကုမ္ပဏီတွေအနေနဲ့ ပါဝင်ပစ္စည်းတွေက ရေရှည် နေ့စဉ် သုံးစွဲမှုအတွက် ဘေးကင်းပါတယ် ဆိုတာနဲ့ ဒီဆပ်ပြာတွေက ရိုးရိုး ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သန့်စင်တာထက် ရောဂါပိုးမွှားတွေကို ပိုမိုကာကွယ်ပေးနိုင်ပါတယ် ဆိုတာကို လက်တွေ့ မပြနိုင်ခဲ့ကြလို့ ဒီပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ antibacterial ဆပ်ပြာတွေကို ဈေးကွက်ထဲ ဖြန့်ချိခွင့် ရတော့မှာ မဟုတ်ပါဘူး။” လို့ FDA ရဲ့ ကြေငြာချက်ထဲမှာ ရေးထားပါတယ်။

တချို့ ထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ ထုတ်ကုန်တွေကနေ ဒီ ပါဝင်ပစ္စည်းတွေကို စတင် ဖယ်ရှားနေကြပါပြီ။

ထရိုင်ကလိုဆန်ကို “antibacterial” သို့မဟုတ် “antimicrobial” လို့ နာမည်တပ်ထားတဲ့ ဆပ်ပြာအရည်တွေရဲ့ ၉၃ ရာခိုင်နှုန်းမှာ အသုံးပြုထားပြီး အမေရိကန်နိုင်ငံထဲမှာ ထုတ်ကုန် အမျိုးကွဲပေါင်း အနည်းဆုံး ၂၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်အတွင်းမှာ FDA က ဆပ်ပြာထဲမှာ ဘက်တီးရီးယား သေစေတဲ့ ဓာတုပစ္စည်းတွေ ထည့်ခြင်းက ရောဂါပိုးမွှားတွေကို သတ်ဖို့ အမှန်တကယ် အကျိုးပြုတယ်ဆိုတာ သက်သေပြဖို့ ဆပ်ပြာကုမ္ပဏီတွေကို တစ်နှစ် အချိန်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီသောကြာနေ့မှာ ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

“အသုံးပြုသူတွေကတော့ ဒီ antibacterial ဆပ်ပြာတွေက ရောဂါပိုးမွှားတွေ ပျံ့နှံ့တာကို ကာကွယ်ရာမှာ ပိုထိရောက်တယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီဆပ်ပြာတွေက သာမန် ဆပ်ပြာနဲ့ ရေကို သုံးပြီး သန့်စင်တာထက် ပိုထိရောက်ကြောင်း သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။ တကယ်တော့ တချို့ သုတေသန ရလဒ်တွေက ဒီဆပ်ပြာတွေကို ရေရှည် သုံးစွဲတာက ကောင်းကျိုးထက် ဆိုးကျိုးတောင် ပိုများနိုင်တယ်လို့ ပြနေပါတယ်။” လို့ FDA ရဲ့ ဆေးဝါးများ အကဲဖြတ်ရေးနဲ့ သုတေသနပြုရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ ဂျနက် ဝုဒ်ကော့က ရှင်းပြပါတယ်။

FDA အနေနဲ့ ထရိုင်ကလိုဆန်နဲ့ ပတ်သက်ပြီး ၁၉၇၈ ခုနှစ်ကတည်းက မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ တချို့ အမေရိကန် ကွန်ဂရက် အမတ်တွေက ထရိုင်ကလိုဆန် အသုံးပြုမှုကို ကန့်သတ်ဖို့တောင် တောင်းဆိုနေခဲ့ကြတာပါ။ သဘာဝအရင်းအမြစ်များ ကာကွယ်ရေး ကောင်စီ (NRDC) က တိုင်ကြားခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ ထရိုင်ကလိုဆန်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ FDA က သဘောတူခဲ့ပါတယ်။

ထရိုင်ကလိုဆန်က လူတွေအတွက် အန္တရာယ်ရှိတယ်လို့တော့ သက်သေမပြနိုင်သေးပေမယ့်လည်း တိရစ္ဆာန်တွေနဲ့ စမ်းသပ်မှုတချို့မှာ သူ့ကို အများအပြား သုံးရင် ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေရဲ့ အလုပ်လုပ်ပုံအပေါ် သက်ရောက်မှုရှိတာကို တွေ့ကြရပါတယ်။

အခုကြေငြာလိုက်တဲ့ ညွှန်ကြားချက်က လက်ဆေးဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာတွေကိုပဲ သက်ရောက်မှု ရှိပါသေးတယ်။ ထရိုင်ကလိုဆန်ကို သွားတိုက်ဆေးတွေမှာလည်း သုံးကြသေးပြီး သွားဖုံးရောဂါကို ဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေတယ်လို့ သိရပါတယ်။

ထုတ်လုပ်မှု လုပ်ငန်းတွေက တင်ပြလာတဲ့ မှတ်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ FDA က အိမ်သုံး ဆေးကြောရေး အသုံးအဆောင်တွေမှာ သုံးလေ့ရှိတဲ့ ဘန်ဇယ်ကိုနီယမ် ကလိုရိုက်၊ ဘန်ဇယ်သိုနီယမ် ကလိုရိုက်နဲ့ ကလိုရိုဇိုင်လီနော (PCMX) ဆိုတဲ့ ပါဝင်ပစ္စည်း သုံးမျိုးကိုတော့ ဆက်လက် သုတေသန ပြုလုပ်ပြီး သူတို့ရဲ့ ဘေးကင်းမှုနဲ့ ထိရောက်အကျိုးရှိမှုတွေကို တင်ပြနိုင်ဖို့ တစ်နှစ် အချိန်ထပ်ပေးထားပါတယ်။

အချက်အလက် ကောက်ယူနေဆဲ အချိန်မှာတော့ ဒီပစ္စည်းတွေ ပါဝင်တဲ့ အိမ်သုံး ဘက်တီးရီးယားရှင်း ဆေးကြောရေးပစ္စည်းတွေကို ဈေးကွက်အတွင်း ဆက်လက် ဖြန့်ချိနိုင်မှာပါ။

“အဓိက မှတ်သားရမှာက FDA ရဲ့ ညွှန်ကြားချက်က လက် သန့်စင်ရည် (hand sanitizer)၊ ကျန်းမားရေးစောင့်ရှောက်မှုသုံး ပိုးသတ် ပစ္စည်းတွေနဲ့ အစားအစာ ဆေးကြောသန့်စင်တဲ့ ပစ္စည်းတွေအပေါ် သက်ရောက်မှု မရှိဘူး ဆိုတာပါပဲ။ FDA ဆီမှာ ဒီ antibacterial ဆပ်ပြာတွေရဲ့ ဘေးကင်းမှုနဲ့ ထိရောက်အကျိုးရှိမှုဆိုင်ရာ အချက်အလက်တွေ ရှိပြီးဖြစ်ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ ကုန်စည်တွေနဲ့ ပတ်သက်ပြီး FDA က မှတ်တမ်းမတင်ရသေးတဲ့ ပိုမို သိပ္ပံနည်းကျ လေ့လာမှု ရလာဒ်တွေ ရှိခဲ့ရင်လည်း ပေးပို့ရမှာပါ။” လို့ အမေရိကန် ဆေးကြောသန့်စင်ရေး အဖွဲ့အစည်းက ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Gabriele Ritz / EyeEm / Getty Images/EyeEm

ဆပ်ပြာတွေဟာ ပိုမို အရည်အသွေးကောင်းဖို့အတွက် ပိုးသတ်ဆေးတွေ ထည့်ဖို့ မလိုအပ်ဘူးလို့ FDA ကရော ရောဂါ ထိန်းချုပ်ကာကွယ်ရေး စင်တာကပါ သဘောတူ လက်ခံထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ ရောဂါ ပိုးမွှား ကူးစက်တာနဲ့ ဖျားနာတာတွေကို ရှောင်ကျဉ်ဖို့အတွက် စီးဆင်းတဲ့ ရေနဲ့ ဆပ်ပြာကိုပဲ အဓိက အသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။ တကယ်လို့ ရေနဲ့ ဆပ်ပြာ မရနိုင်ရင် လက် သန့်စင်ရည်ကို အစားထိုး အသုံးပြုနိုင်ပြီး အထူးသဖြင့် အနည်းဆုံး အရက်ဓာတ် ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ အရက်ပြန်အခြေပြု လက် သန့်စင်ရည်ကို အသုံးပြုဖို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာ (CDC) က ဆိုပါတယ်။

ထရိုင်ကလိုဆန်က ဘက်တီးရီးယားပိုးရဲ့ ဆဲလ်နံရံကို ဖောက်ထုတ်ပစ်ပြီး သေစေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အစွမ်းပြနိုင်ဖို့ နာရီအတန်ငယ် လိုအပ်လို့ ရေဆေး သန့်စင်ချိန်လောက် သုံးစွဲရုံနဲ့ ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။

အမေရိကန် FDA အနေနဲ့ လက် သန့်စင်ရည်နဲ့ ဆေးရုံသုံး ထုတ်ကုန်တွေကိုလည်း လေ့လာ သုတေသနပြုလျှက် ရှိပါတယ်။

Ref: Fox, M. (2016) FDA Orders Antibacterials Removed From Consumer Soaps. Available at: http://www.nbcnews.com/health/health-news/fda-orders-antibacterials-removed-consumer-soaps-n642036 (Accessed: 2 September 2016).

--

--

Mie Maung
Moments of My Life

I’m a freelance translator, writer and photographer base in Yangon, Myanmar.