ဥ များများ စားသင့်ရခြင်း အကြောင်းအရင်း ၇ ချက်
လူ အတော်များများက ကြက်ဥ ဘဲဥ စတဲ့ ဥတွေမှာ သွေးကြော ပိတ်စေနိုင်တဲ့ ကိုလက်စထရောဓာတ် အများအပြား ပါဝင်လို့ များများစားရင် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်စေနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာသေးခင်က ဝိတ် သစ်တော တက္ကသိုလ်က သုတေသီတွေက ထိပ်တန်း သိပ္ပံ သုတေသန စာတမ်းတွေကို အပြန်ပြန်အလှန်လှန် လေ့လာသုံးသပ်ကြည့်တဲ့အခါ ဥ စားတာနဲ့ နှလုံးရောဂါကြားမှာ ဆက်စပ်မှု မရှိတာ တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဥ ကို ကမ္ဘာ့အကောင်းဆုံး အစားအစာလို့တောင် ထိပ်တန်း ကျန်းမာရေး ပညာရှင်တွေက ခေါ်ဝေါ် သုံးစွဲကြပါတယ်။ အဖြူရောင် အကာနဲ့ အနှစ်တို့ ပူးပေါင်းပြီး သင့်အတွက် အရေးကြီးတဲ့ ဗီတာမင်တွေ၊ ကျန်းမာရေးအတွက် ကောင်းတဲ့ အဆီဓာတ်၊ သတ္တုဓာတ်မျိုးစုံနဲ့ အခြား အာဟာရဓာတ်တွေ ပေးစွမ်းနိုင်လို့ ကယ်လိုရီနည်းတဲ့ all-in-one အစားအစာလို့တောင် ခေါ်နိုင်ပါတယ်။ ဥတွေကို ဘာကြောင့် ပိုစားသင့်ရလဲ ဆိုတဲ့ အကြောင်းအရင်း ၇ ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။
ချက်ချင်းလက်ငင်း လန်းဆန်းတက်ကြွစေတယ်
ဥတွေမှာ အိုမီဂါ-၃ အက်ဆစ်နှော အဆီဓာတ်၊ သွပ်ဓာတ်၊ ဗီတာမင် ဘီနဲ့ အိုင်အိုဒင်းဓာတ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်မကြည်လင်မှုတို့ကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
ကြွက်သားစနစ်ကို အားဖြည့်ပေးပါတယ်
ဥတွေဟာ ကမ္ဘာ့အကောင်းစား အစာရင်းမြစ် ဖြစ်ပြီး ကြွက်သားကို အကာအကွယ် ပေးတဲ့ ပရိုတင်းဓာတ် ကြွယ်ဝပြီး ကယ်လိုရီနည်းတဲ့ အစားအစာ ဖြစ်ပါတယ်။ ဥတွေမှာ ပါတဲ့ ဘီ ၁၂ ဓာတ်ဟာ ကြွက်သား ညောင်းညာ ကိုက်ခဲတာကို ကုစားပေးပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်
ကြက်ဥမှာ ပါတဲ့ ကိုလိုင်းဓာတ် အများအပြား စားသုံးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်း လျော့နည်းတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ဥ ကြီးကြီး တစ်လုံးမှာ သင် တစ်နေ့တာ စားသင့်တဲ့ ကိုလိုင်း ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ကိုလိုင်းဓာတ် အများစုဟာ အနှစ်ထဲမှာ ပျော်ဝင်နေတာမို့ အနှစ်ပါ စားဖို့ လိုပါတယ်။
ဦးနှောက်ကို အားဖြည့်ပေးပါတယ်
ဥတွေမှာ ပါဝင်တဲ့ ကိုလိုင်းဓာတ်ဟာ မှတ်ဉာဏ် ဆက်လက် ကောင်းနေအောင် ထိန်းထားပေးဖို့အတွက် ဦးနှောက်ရဲ့ အချက်အလက် သိုလှောင်တာနဲ့ ပြန်ခေါ်ထုတ်တာကို အထောက်အကူပြုတဲ့ အက်ဆီတိုင် ကိုလိုင်းလို့ခေါ်တဲ့ အာရုံပို့လွှတ်ပစ္စည်းတွေကို ထုတ်လွှတ်မှု မြင့်တက်စေပါတယ်။ မြက်ခင်းပြင်မှာ လွှတ်ပြီး မွေးထားတဲ့ ကြက်ရဲ့ ဥဟာ အိုမီဂါ-၃ အက်ဆီနှော အဆီဓာတ် ပိုများများ ပါဝင်လို့ သင့် ဦးနှောက်ကို အားဖြည့်ပေးပါတယ်။
ဖြစ်နိုင်ရင် ကြက်ငှက်တွေကို ခြံဝင်းထဲမှာ လွှတ်ထားပြီး ဩော်ဂဲနစ် အစားအစာပဲ ကျွေးပြီး မွေးမြူတဲ့ မွေးမြူရေးခြံကို ရှာဖွေပြီး ဥတွေကို ဝယ်ပါ။ စားကျက်မြေမှာ လွှတ်ပြီး မွေးမြူထားတဲ့ ကြက်တွေက ဥတဲ့ ဥတွေမှာ ဗီတာမင် အီး များများ ပိုပါတဲ့အတွက် အယ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အမြင်အာရုံကို ထိန်းသိမ်းပေးပါတယ်
ဥတွေမှာ အတွင်းတိမ်နဲ့ သူငယ်အိမ် ကြွက်သားတွေ လျော့ရဲလာတာကို ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဇီဇန်သင်းနဲ့ လူတိန်းတို့ အများအပြား ပါဝင်ပြီး အနှစ်ကိုပါ စားပေးဖို့တော့ လိုပါတယ်။
ကြက်/ဘဲဥကြော်ကို တခြား ဇီဇန်သင်းနဲ့ လူတိန်း ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကိုက်လန် သို့မဟုတ် ဟင်းနုနွယ်ရွက်နဲ့ တွဲဖက်စားမယ်ဆိုရင် သင့် မျက်လုံးအတွက် ပိုလို့တောင် ကောင်းပါလိမ့်မယ်။
အဆီကျ သွယ်လျစေပါတယ်
အရသာရှိရှိနဲ့ ကိုယ်အလေးချိန်ချနည်းတော့ လာပါပြီ။ လူဝီစီယားနားပြည်နယ်တက္ကသိုလ်က သုတေသီတွေက အဝလွန်နေသူတွေဟာ တစ်ပတ်မှာ ငါးရက်လောက်ကို မနက်စာအတွက် ဘေဂယ် ပေါင်မုန့်ခွေအစား ကြက်/ဘဲဥ တစ်လုံးလုံးကိုသာ ပြောင်းစားမယ်ဆိုရင် ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်း ပိုလျှော့ချနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့ပြင် စိန့်လူးဝစ်တက္ကသိုလ်က ပညာရှင်တွေကလည်း မနက်ခင်းမှာ ဥ တစ်ခုခု စားတာက တစ်နေ့တာလုံးမှာ ကယ်လိုရီပမာဏ နည်းနည်းသာ စားဖြစ်စေတယ်လို့ ဆိုထားပါတယ်။
မျိုးသုဉ်းမှုကို တားဆီးနိုင်ပါတယ်
ဥ အမျိုးအစားကို အထက်မှာ ပြောထားသလိုသာ ရွေးချယ်ပြီး စားမယ်ဆိုရင် ရှေးရိုး ကြက်မွေးမြူရေး နည်းလမ်းကို ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းတွေက ကြက်အမျိုးအစား တစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်ကိုသာ မွေးမြူကြတော့လို့ မျိုးစိတ်တွေ အမျိုးမျိုး ကွဲပြားမှုကို ခြိမ်းခြောက်လာနေပါတယ်။ ရှေးရိုးနည်းနဲ့ မွေးမြူတဲ့ ကြက်ဥတွေကို ဝယ်လိုအား မြင့်တက်လာရင် မျိုးသုဉ်းလုတောင် ဖြစ်နေတဲ့ တစ်ချို့မျိုးစိတ်တွေကိုလည်း ရွေးချယ် မွေးမြူထုတ်လုပ်လာကြစေနိုင်ပါတယ်။
Ref: Rodale’s Organic Life (2016) 7 reasons you need to eat more eggs. Available at: http://www.rodalesorganiclife.com/wellbeing/7-reasons-you-need-eat-more-eggs/slide/7 (Accessed: 17 September 2016).