Google Pixel သို့မဟုတ် စက်ရုပ်ပရိသတ်များအတွက် အိပ်မက်သစ်
ရုတ်တရက် ကြည့်လိုက်ရင်တော့ iPhone နဲ့ ခပ်ဆင်ဆင်ပါပဲ။ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ iPhone ကို ယှဉ်ပြိုင်ဖို့က Google ရဲ့ ရည်ရွယ်ချက် တစ်ခုပါပဲလေ။ အသစ်ထွက်မိတ်ဆက်ပေးလိုက်တဲ့ ၅ လက်မအရွယ် Pixel နဲ့ ၅.၅ လက်မအရွယ် Pixel XL တို့ကတော့ ထွက်ဖို့သမျှ android ဖုန်း အားလုံးရဲ့ ထိပ်ခေါင် ဖြစ်လာမယ့်ပုံပါပဲ။
ဈေးနှုန်းကလည်း iPhone နဲ့ သိပ်မကွာပါဘူး။ တစ်ခုက ၆၄၉ ဒေါ်လာ ရှိပြီး ပိုကြီးတဲ့ တစ်မျိုးကတော့ ၇၆၉ ဒေါ်လာပါတဲ့။ Pixel မှာ 1080p screen ပါပြီး Pixel XL ကတော့ 1440 x 2160 screen နဲ့ပါ။ နှစ်ခုစလုံးက Snapdragon 821 processor ကို သုံးထားပြီး ကျောဘက်မှာ လက်ဗွေဖတ် ကိရိယာလည်းပါပါတယ်။ RAM က 4GB နဲ့ အမြဲတမ်း မှတ်ဉာဏ် 32 နဲ့ 128 GB ကိုယ်စီ ပါပြီး ဘက္ထရီလည်း ခပ်ကြီးကြီး ပါရှိပါတယ်။ အရောင်ကတော့ အပြာစစ်စစ် (Really Blue)၊ အရမ်း ငွေ (Very Silver) နဲ့ တော်တော်နက် (Quite Black) ထူးထူးဆန်းဆန်း နာမည်တွေနဲ့ သုံးရောင် ရွေးချယ်နိုင်မှာပါ။
Google က ထုတ်ခဲ့တဲ့ ဖုန်းတွေကို သတိပြုလေ့လာခဲ့ဖူးကြရင် သူတစ်ဦးတည်း ထုတ်ခဲ့တာမျိုး ရှားတာ တွေ့ပါလိမ့်မယ်။ ဒီတစ်ခါလည်း HTC နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် အရင်လို တစ်ဖက်လူက စက်ပစ္စည်းပေး၊ Google က software နဲ့ ဒီဇိုင်း အိုင်ဒီယာနည်းနည်း ပေးပြီး ပေါင်းစပ်တာမျိုးမဟုတ်ဘဲ ဖုန်းရဲ့ တစ်မီလီမီတာ ပတ်လည် အကွက်ကလေး တစ်ကွက်ကအစ Google က စစ်ဆေး အတည်ပြုပြီး ထုတ်လုပ်ထားခဲ့တာလို့ ဆိုပါတယ်။ HTC က တပ်ဆင်ပေးရုံလောက်သာ ရှိပါသတဲ့။ ခက်တာက iPhone နဲ့ အတော် တူနေတာပါပဲ။ ဩော် မတူတာက သူ့မှာ နားကြပ်ပေါက် ပါပြီး အဲ့ဒီအတွက်ကြောင့် ရေစိမ် မခံပါဘူးတဲ့။
ဒါဆို သူ့မှာ ဘာထူးခြားချက်တွေ ပါနေမလဲ ကြည့်ရအောင်။ ပထမဆုံး အချက်အနေနဲ့ ပြောရရင် လောလော လတ်လတ် မိတ်ဆက်ထားတဲ့ Google ရဲ့ အကောင်းဆုံး VR ခံစားမှုကို ပေးစွမ်းနိုင်မယ့် Daydream နဲ့ အဆင်သင့်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ နောက် DxO Mark ရဲ့ စမ်းသပ်မှုအရ သူ့ရဲ့ 12-megapixel ကင်မရာက iPhone ရဲ့ 12-megapixel ကင်မရာထက် ပိုကောင်းပါသတဲ့ တကယ်တော့ ဒီစမ်းသပ်မှုမှာ Pixel က iPhone သာမကဘဲ ထွက်ထားသမျှ ဖုန်းအားလုံးရဲ့ ကင်မရာ အရည်အသွေး အားလုံးကို ဖြတ်ကျော်တက်ပြီး အကောင်းဆုံး ကင်မရာအဖြစ် ရပ်တည်ခဲ့တာပါ။ ကင်မရာက ကောင်းလွန်းတော့ ဓာတ်ပုံတွေ စွတ်ရိုက်ပြီး မှတ်ဉာဏ် မလောက်ရင် ဘယ်လို လုပ်မလဲရယ်လို့လည်း တွေးမပူပါနဲ့။ Pixel ဖုန်း ပိုင်ရှင်တွေကို Google Photo က အကန့်အသတ်မရှိ ဓာတ်ပုံ သိမ်းဆည်းခွင့် ပေးထားပါသတဲ့။
Pixel မှာ android ရဲ့ နောက်ဆုံးပါ Nougat 7.1 စနစ်ကို အသုံးပြုထားပြီး အသစ်ထွက်ထားတဲ့ Allo နဲ့ Duo စာတိုပို့စနစ်တွေလည်း တစ်ပါတည်း ထည့်သွင်း ပါရှိလာမှာပါတဲ့။ Google အတွက်ရော အသုံးပြုသူတွေအတွက်ပါ အရေးအကြီးဆုံး ကိစ္စကတော့ Google Assistant စနစ် တွဲဖက် ပါဝင်လာမယ့် ကိစ္စပါပဲ။ ဘယ်သူမှ မသုံးတဲ့ Google Now အစား Google Assistant ကို ထည့်သွင်းပေးလိုက်တာပါ။ စက်ရုပ် ပရိသတ်တွေကို အမြဲ နောက်ကောက်ချထားခဲ့တဲ့ iPhone ရဲ့ Siri ကို အမှီလိုက်မယ့် စနစ်တစ်ခုလို့ ဆိုထားပါတယ်။
ခုဆိုရင် Pixel ကို pre-order မှာလို့ ရနေပါပြီ။ Android စနစ်ကိုလည်း ကြိုက်တယ် Samsung တို့ Huawei တို့နဲ့လည်း မတူတာကို သုံးချင်တယ်ဆိုရင်တော့ စဉ်းစားသင့်တဲ့ အမြင့်ပိုင်း ဖုန်းတစ်လုံးလို့ ဆိုရမှာပါပဲ။
Ref: Pierce, D. (2016) Google Pixel, Pixel XL Smartphone price and details. Available at: https://www.wired.com/2016/10/google-pixel-sounds-like-android-phone-dreams/ (Accessed: 6 October 2016).
Originally published at www.miemaung.info on October 6, 2016.