SpaceX ရဲ့ ဒုံးပျံကို ဂြိုဟ်သားတွေက ဖျက်ဆီးပစ်ခဲ့သတဲ့လား

Mie Maung
Moments of My Life
Published in
2 min readSep 5, 2016

SpaceX ကုမ္ပဏီရဲ့ Falcon 9 အာကာသယာဉ်ဟာ Facebook ရဲ့ ဂြိုဟ်တုကို အာကာသအတွင်း လွှတ်တင်ပေးဖို့အတွက် ခရီးစဉ် မစမီ အကြိုစစ်ဆေးမှု ပြုလုပ်နေစဉ်မှာပဲ ကိပ် ကာနာဗရယ်က လွှတ်တင်ရေးစင်ပေါ်မှာ မီးလောင် ပေါက်ကွယ်သွားခဲ့ရတာကို စက်တင်ဘာလ ၁ ရက်နေ့က အားလုံး တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။

SpaceX ရဲ့ စီအီးအို အီလွန် မက်စ်ကတော့ ပေါက်ကွဲမှုဟာ ဒုံးပျံရဲ့ အပေါ်ပိုင်းအဆင့် အောက်ဆီဂျင်ကန် ဝန်းကျင်က စတင်ခဲ့တာ ဖြစ်တယ်လို့ ပြောပြခဲ့ပေမယ့် ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။

သို့ပေမယ့်လဲ သံသယဝါဒီများကတော့ ပေါက်ကွဲမှု ဖြစ်ပေါ်ချိန်နဲ့ တစ်ပြိုင်တည်းမှာပဲ အနားက “အမျိုးအမည်မသိ အရာဝတ္ထုတစ်ခု” ပျံသန်းသွားတာကို မြင်တွေ့ရပြီးနောက်မှာ ဒါဟာ ခရီးစဉ်ကို ဟန့်တားလိုတဲ့ ဂြိုဟ်သားတွေရဲ့ လေကြောင်း တိုက်ခိုက်မှုဖြစ်တယ်လို့ သီဝရီ ထုတ်ခဲ့ကြပါတယ်။

အောက်မှာ ဗီဒီယိုဖိုင်ကို ကြည့်နိုင်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ချိန်တွင် ဖြတ်သန်းပျံဝဲသွားသည့် အမည်မသိ အရာဝတ္ထုတစ်ခု

ဒေသစံတော်ချိန် နံနက် ၉ နာရီခဲ့က မီးလောင် ပေါက်ကွဲခဲ့ချိန်မှာ ၆၀၄ တန် လေးတဲ့ ဒုံးပျံကို အောက်ဆီဂျင် အရည်နဲ့ ဒုံးပျံသုံး တွန်းအားပေး ရေနံဆီ အရောအနှောကို ဖြည့်သွင်းနေခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အာဖရိကတိုက်ကို အင်တာနက် ချိတ်ဆက်ပေးဖို့ အဓိက ရည်ရွယ်ထားခဲ့တဲ့ Facebook ရဲ့ ဒေါ်လာ သန်း ၂၀၀ တန် ဆက်သွယ်ရေးဂြိုဟ်တု အပါအဝင် ဒုံးပျံတစ်စင်းလုံးဟာ စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

Falcon 9 ကို တည်ဆောက်ခဲ့သူတွေက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေခွဲမရနိုင် ဖြစ်နေချိန်မှာပဲ အဖြေလို့ ပြောနိုင်လောက်တဲ့ သီဝရီတစ်ခုက ပေါ်ထွက်လာခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်မှာ လွှတ်တင်ရေးစင်ပေါ်တွင် ပေါက်ကွဲမှု မဖြစ်မီ၊ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်မှာ Falcon 9 ရဲ့ အပေါ်ကနေ ဖြတ်သန်း ပျံဝဲနေတဲ့ အမည်မသိ အရာဝတ္ထုတစ်ခုကို သတိပြုနိုင်ဖို့အတွက် အနှေးပြကွက် ပြုလုပ်ထားတဲ့ ရုပ်သံဖိုင်တစ်ခု Youtube မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီ ရုပ်သံဖိုင်ကို Graphics King ဆိုတဲ့ အကောင့်က တင်ခဲ့တာဖြစ်ပြီး ဂြိုဟ်သားရှာဖွေသူ၊ ဂြိုဟ်သားအကြောင်း လေ့လာသူတွေနဲ့ ကိုးကွယ်ယုံကြည်ချက် ကင်းမဲ့သူတွေက အမျိုးမျိုး ထင်မြင်ယူဆချက်တွေ ပေးခဲ့ကြပါတယ်။

အီလွန် ကက်စ်ကတော့ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို မသိသေးပါဘူးတဲ့

မယုံကြည်သူတွေကတော့ ဒါဟာ ငှက်တစ်ကောင်သာဖြစ်ပြီး ပုံမှန် နှုန်းနဲ့ ကြည့်ရင်လည်း ဗီဒီယိုထဲမှာ ငှက်တွေကို တွေ့နိုင်ကြောင်း ပြောကြပါတယ်။ တစ်ချို့ကတော့ ဒီအရာဝတ္ထုရဲ့ ရွေ့လျားတဲ့ နှုန်းဟာ တွက်ချက်ကြည့်ရင် တစ်နာရီ ၃၆၀၀ မိုင်ခန့် ရှိတဲ့အတွက် ဘယ်လိုမှ ငှက်မဖြစ်နိုင်ကြောင်း ငြင်းချက် ထုတ်ခဲ့ကြပါတယ်။

ဒီအချိန်မှာပဲ လွှတ်တင်ရေး ဝန်ထမ်းတွေထဲက ထူးဆန်းတဲ့ အလင်းတန်းတွေ တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ သူတွေ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။

ဝန်ထမ်းတစ်ယောက်ကဆိုရင် ပေါက်ကွဲမှု မဖြစ်ခင် မိနစ် ၂၀ ခန့်အလိုမှာ အပြာရောင် ကောင်းကင်ထဲမှာ ရှည်မြောမြောသဏ္ဍာန်တစ်ခုကို တွေ့မြင်ခဲ့ရပြီး အဲဒီသဏ္ဍာန်ရဲ့ အလယ်ဗဟိုမှာ အလင်းစက် သုံးခုကို တွေ့မြင်ရပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက လွှတ်တင်စင်အနီးမှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေကို ဘေးကင်းရေးအတွက် တယ်လီဖုန်း ယူဆောင်သွားခွင့် မပြုခဲ့တာမို့ ဒီတွေ့မြင်ရမှုကို မှတ်တမ်းတင်နိုင်တဲ့သူ မရှိခဲ့ပါဘူး။

Ref: Liberatore, S. (2016) UFOlogists claim aliens sabotaged falcon 9’s launch. Available at: http://www.dailymail.co.uk/sciencetech/article-3771601/Conspiracy-theorists-claim-ALIENS-sabotaged-SpaceX-launch-bizarre-theory-says-anomaly-flew-rocket-went-flames.html (Accessed: 5 September 2016).

Originally published at www.miemaung.info on September 5, 2016.

--

--

Mie Maung
Moments of My Life

I’m a freelance translator, writer and photographer base in Yangon, Myanmar.