Biggest Fear and Threat of Burmese (Myanmar) မြန်မာတို့ရဲ့ အကြီးဆုံး အကြောက်တရားနဲ့ အခြောက်တရား

သပိတ်မှောက်ကျောင်းသားများအား တက်ကြွစွာ တွေ့ရစဉ်။ (photo: EMG)

ကျောင်းသားတို့၏ (ပညာရေးဥပဒေ) လမ်းလျောက်သပိတ်နှင့် တောင်သာမြို့မှ ၄င်းတို့အား ပိတ်ဆို့မှုအရေးတွင် ဆန့်ကျင်ဘက် မြန်မာ့လူ့အဖွဲ့အစည်းနှစ်ခုအကြား တူညီသောအကြောင်းရင်းခံမှလာသည့် အကြောက်တရားနှင့် အခြောက်တရားကို ကျွန်ုပ်တို့ကွက်ကွက်ကွင်းကွင်းကြီး သတိထားမိနိုင်သည်။
ပိတ်ဆို့သည့်လူများကလည်း အခိုင်အမာ ပိတ်ဆို့တားဆီးနေချိန် ၊ ရှေ့ဆက်လျောက်မည့် ကျောင်းသားထုကလည်း ရှေ့ဆက်ရန်ကြိုးစားနေချိန်တွင် လူအတော်များများ၏ အဓိကစိုးရိမ်မှု (အကြောက်တရား)မှာ စစ်တပ်က သေနတ်တကားကားနှင့် လမ်းပေါ်ပြန်တက်ကာ အာဏာပြန်သိမ်းမည့် အရေးကို ဖြစ်၏။ ဤသို့စိုး(ရိမ်)တတ်၊ ကြောက်တတ်အောင်လည်း လုံလောက်သောမြန်မာ့သမိုင်းများက ၄င်းတို့ကို ကောင်းစွာပုံသွင်းခဲ့ပြီး မဟုတ်ပါလား။ ထို့ပြင် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ကလည်း ထိုင်းစစ်တပ်အာဏာသိမ်းသည်ကို ၄င်းအနေဖြင့်ထောက်ခံကြောင်း ဗြောင်ကျကျပင် ဖွင့်ပြောထားသေးသည်လည်း မဟုတ်ပါလား။ တစ်ဖန် (တစ်လောလေးကပင်)ရွေးကောက်ပွဲကော်မရှင်မှ ပုဂ္ဂိုလ်ကြီးကြီးတစ်ဦးက “တည်ငြိမ်မှုမရှိရင်တော့ စစ်တပ်က အာဏာပြန်သိမ်းရမှာပဲ” ဟုလည်း ကြိမ်း(ဝါး)ထားရာ ကျွန်ုပ်တို့အဖို့ ကြောက်မည် ဆိုလျင်လည်း ကြောက်စရာ အခြေအနေပင်ဖြစ်၏။ ဤကား ဤဘက်လူ့အဖွဲ့အစည်း၏ အကြောက်တရားဖြစ်၏။

အခြားတစ်ဖက်၏ တုန့်ပြန်မှုကလည်း အံသြဖို့ကောင်း၏။ ဖေ့ဘွတ်ခ်ပေါ်မှ ဗိုလ်လောင်းကျောင်းဆင်းဟုဆိုသော လူရွယ်အချို့က ယခင်ဗိုလ်ချုပ်မှူးကြီးပုံကို ပြန်လည်ဖေါ်ကာ ခေါင်းစဉ်တပ်ပေးလိုက်၏ — “စောင့်ကြည့်နေတယ်”။ အချို့ကလည်း “သူ့ကိုလွမ်းလိုက်တာ” ဟူ၍။ ဤလူ့အဖွဲ့အစည်းကမူ ဒီကျောင်းသားသပိတ်လှုပ်ရှားမှုကို (နည်းနည်းလေးမျှ) အကောင်းမြင်ထားပုံမရ။ လူတွေလမ်းပေါ်တက်ကာ အကြမ်းမဖက်ဘဲ လက်သီးလက်မောင်းတန်း၊ နဖူးစီးတွေစည်းကာ ဆန္ဒထုတ်ဖော် ဟစ်အော်ခြင်းကို ၄င်းတို့၏စိတ်သန္ဓေထဲကပင် လက်ခံချင်ပုံမရချေ။ လူငယ်အရာရှိတွေမို့ စိတ်တွေကြွကာ လက်ယားနေသလိုများ ဖြစ်သလား မပြောတတ်။ စိုးထိတ်စရာကောင်းသည်မှာ ထိုလူ့အဖွဲ့အစည်းထဲမှ တစ်ယောက်သောပုဂ္ဂိုလ်က မှတ်ချက်တစ်ခုဝင်ပေး၏ “ငါ့ကိုသာ commander ပေးလိုက်၊ မန္တလေးတောင် မကျော်စေရဘူး” ဟူ၍ဖြစ်သည်။ စိတ်ထဲမှမပါဘဲ ဤမှတ်ချက်ကိုပေးသည်ဆိုစေဦးတော့ လူတွေအပေါ်ယခုကဲ့သို့ သဘောထားသောစိတ်အခြေခံသည် လုံးဝမကောင်းချေ။ ဤကား ဤလူ့အဖွဲ့အစည်း၏ အခြောက်တရားဖြစ်၏။

ဤတရားနှစ်ခု၏ တူညီသောအကြာင်းရင်းခံကို ပြန်လှန်စီစစ်သော် — ကြောက်ခြင်းမှာ အာဏာရှင်စနစ်ကိုဖြစ်၍၊ ခြောက်ခြင်းသည်လည်း အာဏာရှင်စနစ်ပင်ဖြစ်နေသည်ပင်။ အာဏာရှင်စနစ်ကို ကြောက်ခြင်းဆိုသည်မှာ သဘာဝကျ၏။ အဘယ့်ကြောင့်ဆိုသော် ယဉ်ကျေးသော (civilized ဖြစ်သော) လူသားတိုင်း အာဏာရှင်စနစ်ကိုကြောက်ကြ၏။ ထို့ကြောင့်သဘာဝကျ၏။ သို့သော် ထိုယဉ်ကျေးသောလူများကို အာဏာရှင်စနစ်ဖြင့်ပင် ပြန်လှန်ခြောက်လှန့်ခြင်းသည် မယဉ်ကျေးခြင်း (uncivilized ဖြစ်ခြင်း) ဖြစ်၏။

ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ်၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်ဖြစ် လူသားတို့စိတ်ကြိုက်တည်ဆောက်ကြရာတွင် နိုင်ငံသားအားလုံး(အားလုံး) ယဉ်ကျေးဖို့ (civilized ဖြစ်ဖို့) လိုသည်။ လူပီသဖို့လိုသည်။ လူသားတစ်ယောက်၊ နိုင်ငံသားတစ်ယောက်တိုင်း၏တန်ဖိုးကို လူတိုင်းလူတိုင်းက၊ နိုင်ငံသားတိုင်းကလေးစားကာ အပြည့်အဝတန်ဖိုးထားတတ်ဖို့လိုသည်။ သို့မှသာ ဒီမိုကရေစီဆီ ကျွန်ုပ်တို့ရောက်နိုင်မည်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း အသီးသီးတွင် ဤကဲ့သို့ အာဏာရှင်စနစ်ဟူသည့် အကြောင်းရင်းခံကိုတည်သော အကြောက်တရားမျိုးနှင့်အခြောက်တရားမျိုးတို့ မရှိနိုင်တော့သော နေ့ကိုရောက်မှသာ ကျွန်ုပ်တို့မြန်မာနိုင်ငံသည် (အမှန်ဧကန်) ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိသောနေ့ဖြစ်ပေလိမ့်မည် ဖြစ်သည်။ ။

သပိတ်မှောက်ကျောင်းသားများအား တက်ကြွစွာတွေ့ရစဉ်။ (photo: EMG)

--

--