Myanmar’s Anarchic Tuesday မြန်မာ့ရဲ့ မင်းမဲ့စရိုက်နဲ့ အကြမ်းဖက်တဲ့ အင်္ဂါနေ့

Myanmar’s police violently attack a student protester. (10.3.2015, Tuesday)

ကုန်းဘောင်ခေတ်ကုန်ကာနီးတွင် မင်းညီမင်းသားများစွာကို (နောင်ခါ ထီးနန်းအရေးအတွက် စိုးရိမ်လို့) တစ်ခါတည်းမှာ ရိုက်သတ်ပစ်လိုက်တယ် ဆိုတဲ့သတင်းကို ကိုလိုနီအင်္ဂလိပ်အရာရှိများ ကြားသိရတဲ့အခါမှာ “မြန်မာတွေဟာ လူ့ယဉ်ကျေးမှုတောင်မရသေးတဲ့ အရိုင်းအစိုင်းတွေ (barbarian)” အဆင့်ပဲ ရှိသေးပါလားလို့ ပြောခဲ့တဲ့စကားကို ကျွန်ုပ် အလွန်ပင်မခံချိ၊ မခံသာ ခံစားခဲ့ရဖူးလေ၏။ ၄င်းတို့မြန်မာပြည်ကို အလျင်သိမ်းပိုက်လို၍ မြန်မာတွေကို တမင်နှိမ်ခဲ့သောသဘောဟုသာ မြင်ခဲ့မိ၏။ သို့သော် ကျွန်ုပ်၏ထိုအမြင်မှာ မတ်လ ၁၀ရက်နေ့၊ ၂၀၁၅တွင် တမုတ်ဟုတ်ခြင်း ပြောင်းရမည်ကဲ့သို့ဖြစ်သွား၏။ ထိုနေ့တွင် လက်ပံတန်းရှိကျောင်းသားသပိတ်ကို မြန်မာအာဏာပိုင်များက ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွင်းရာတွင် မြန်မာတွေရဲ့ ဝိဥာည်(ဗီဇ)တွေထဲမှာ တကယ်ပင်ထိုအရိုင်းအစိုင်းစိတ်တွေ များစွာကျန်နေသေးသည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခွင့် ရလိုက်သောကြောင့်ဖြစ်၏။

Myanmar police aggressively charge to peaceful protester (10.3.2015, Tuesday: Photo Irrawaddy Media )

မှန်ခြင်း၊ မှားခြင်းများကိုအပထား။ မည်သည့်လက်နက်ပစ္စည်းမှ ကိုင်ဆောင်ထားခြင်းမရှိပဲ မိမိဆန္ဒကို ထုတ်ဖော်သော ကိုယ့်နိုင်ငံသားများကို ဥပဒေစိုးမိုးစေရန် တာဝန်ပေးအပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်း(ရဲ)များက ၄င်းတို့၏ မဟာရန်သူတော်ကြီးများသဖွယ် သဘောပိုက်ပြီး နံပါတ်တုတ်များဖြင့် မညှာမတာ လက်စွမ်းပြရိုက်နှက်ကြလေ၏။ အချို့ရဲများမှာ ရိုက်ရင်း၊နှက်ရင်း ဘာကိုဒေါသထွက်နေမှန်း မသိအောင်ပင် (ဗွီဒီယိုမှတ်တမ်းအရမြင်ရသည်မှာ လူစိတ်တောင်ပြောက်နေသည့်ပမာ) သွေးရူးသွေးတမ်းဖြစ်နေလေ၏။ သပိတ်မှောက်ကျောင်းသားကော၊ သာမာန်ပြည်သူကော၊ သတင်းထောက်ကော ဘာကိုမှ ကွဲကွဲပြားပြားသိပုံ၊ ခွဲခြမ်းနိုင်ပုံမရသည့်အပြင် မြင်မြင်ရာကို ဂရူးမူးထိုးလိုက်သည့် ဆင်ရိုင်းများသဖွယ်လည်း ဖြစ်နေလေ၏။ ကျောင်းသားများကား ဝဲပျံနေသောနံပါတ်တုတ်များကို (မိမိတံတောင်ဖြင့်ပင်) ပြန်လည်ကာကွယ်ခြင်းအလျင်းမပြုနိုင် ခေါင်းကိုသာထိုး၍ ခံနေရသလိုရှိ၏။ အမောင်ပြည်သူ့ရဲသားများသည် လူတစ်ယောက်ကို ရိပ်ကနဲတွေ့လိုက်လေလျှင် ထိုလူကို ’ခွေးအ’များကအမဲကို ဝိုင်းဝန်းလိုက်သလို လိုက်ကာ စုပြုံပြီး နှက်ကြလေ၏။ ၄င်းတို့ကိုကြည့်ရသည်မှာ တောဆင်ရိုင်းကို ချွန်းဖွင့်ပေးလိုက်သကဲ့သို့လည်းရှိ၏။ ကားကော၊ လူကော၊ ကားမှန်ကော၊ ကားတံခါးကော၊ အမှိုက်ကော၊ ဘူးခွံ၊ပုလင်းခွံလော ဘာဆိုဘာမှ သိပုံမရ တွေ့သမျှရိုက်၊ တွေ့သမျှခွဲ၊ တွေ့သမျှနှက်ဖြင့် ရိုင်းခြင်တိုင်းရိုင်းနေလေ၏။ တကယ့်ကို မင်းမဲ့စရိုက်အသွင်ဆန်နေလေ၏။

ဤအခြင်းအရာများကို ဓါတ်ပုံ၊ ဗွီဒီယိုများမှ မြင်ရ၊ကြည့်ရသော ပြည်သူများမှာ ရင်ကွဲမတတ် ဝမ်းနည်းကြေကွဲခြင်း(heartwrenching) ဖြစ်ကြရ၏။ အရောင်ရှင်းသောပြည်သူများ၏ နှလုံးသားများကိုအမုန်းများဖြင့် ထပ်ကာထပ်ကာ ချယ်သနေသကဲ့သို့လည်းဖြစ်၏။ ဤသို့အကြမ်းဖက်တတ်သော အရိုင်းအစိုင်းများကို ဥပဒေစိုးမိုးရေးတာဝန်ယူသူများအဖြစ် တွေ့နေရသည်ကိုပင် အကြိမ်ကြိမ်မုန်းတီးခြင်းကို ခံစားရမိစေ၏။ ဤသို့အကြမ်းဖက်တတ်သော အရိုင်းအစိုင်းများကို နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူသူများအဖြစ် တွေ့နေရသည်ကိုပင် အကြိမ်ကြိမ်စက်ဆုပ်ခြင်းကို ခံစားရစေ၏။ အရူးလက်ထဲ မီးတုတ်ပေးလိုက် သကဲ့သို့ ကျိုးကြောင်းဆီလျော်စွာမစဉ်းစားတတ်သော၊ ဆင်ခြင်တုံတရား ကင်းမဲ့သောလူများ လက်နက်ကိုင်ကာအာဏာပြုသောခေတ်တွင် ကြီးပြင်းရခြင်းကိုပင် ရွံရှာမိကြရသည်။

ထိုသို့သော အာဏာကိုအပိုင်ပြုလိုသည့် အစိုးရ၏အောက်မှ နိုင်ငံသားများမှာ မတရားမှုကိုရင်ဆိုင်ရလေတိုင်း၊ မိမိတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ကို ဆွဲဆုပ်ပစ်ခံရသည့်အခါတိုင်းတွင် ‘အမိမဲ့သား၊ ရေနည်းငါး’ပမာ ခိုကိုးရာ မဲ့လေတော့သည်။ ‘လင်ဆိုးမယား၊ တဖားဖား’ကဲ့သို့ အစိုးရဆိုးသောအခါတွင် နိုင်ငံသားများမှာ အကွဲကွဲ၊အပြားပြား အပြေးပြေး၊အလွှားလွှား ဖြစ်ရလေ၏။

Police threaten a civilian nearby. (10.3.2015, Tuesday: Photo: The Voice)

ကျွန်ုပ်တို့ကား အမှောင်ခေတ်ထဲတွင်ပင် အရိုင်းအစိုင်းများအဖြစ် ရှင်သန်နေရတုန်းလည်း ရှိသေး၏။ အဘယ်ကြောင့်ဆိုသော် ဤသို့သော အကြမ်းဖက်မှုကြီးကို ဝမ်းသာအားရထောက်ခံသော လူ့အန္ဓများစွာ၊ များစွာကို တွေ့မြင်ရသောကြောင့် ဖြစ်၏။ ဤသို့သော မတရားမှုကို မတရားမှုဟုမမြင်နိုင်ခြင်း၊ လူ့ယဉ်ကျေးများလက်မခံသော အကြမ်းဖက်မှုမျိုးကို ကျိုးကြောင်းဆင်ခြေမျိုးစုံပေးနေခြင်း (justification)များက ၄င်းတို့သည် ကြမ်းတမ်းမှု၊ ညစ်ပတ်မှု၊ ဖောက်ပြန်မှု၊ သစ္စာမတည်မှုတွေကို ခုံမင်နေဆဲရှိသော အရိုင်းအစိုင်း(barbarian) များအဖြစ်သာ ရှိနေဆဲဖြစ်သည်ကို အများသိအောင် သက်သေတည်နေသကဲ့သို့ရှိ၏။ ထို့ပြင် ထိုလူ့အန္ဓများသည် အစိုးရဆိုသည်ကို မိဘဟု ထင်မှတ်နေသူများလည်း ဖြစ်တတ်၏။ အစိုးရသည် မိဘဖြစ်သောကြောင့် သားသမီးကဲ့သို့ဖြစ်သော ပြည်သူများကို တစ်ခါတစ်ရံ ရိုက်နှက်နှိပ်စက် တတ်ရသည်ဟု မှတ်ယူတတ်ကြသေး၏။ ထိုသို့သောအခါ ၄င်းတို့မှာ လူသားတစ်ယောက်၏ ဂုဏ်သိက္ခာ၊ နိုင်ငံသားတစ်ယောက်၏ ဂုဏ်သိက္ခာ၊ လူသားတစ်ယောက်၏ အခြေခံအခွင့်အရေး၊ နိုင်ငံသားတစ်ယောက်၏ အခြေခံအခွင့်အရေး စသည်ဆိုသည်ကိုမျှ သိခွင့်မရ၊ သိနိုင်စွမ်း မရှိကြတော့ပဲ အရိုင်းအစိုင်းများအဖြစ်သာ ဘဝကိုဇတ်သိမ်းသွားကြလေတော့၏။ ထိုသူတို့သည် နွားခြေရာခွက်ကိုပင် ပင်လယ်ဟု ထင်မှတ်နေသူများလည်းဖြစ်ရာ တကယ့်ပင်လယ်ပြင်ကဲ့သို့ဖြစ်သော ကမ္ဘာ့အလယ်သို့ရောက်သောအခါ ညိုးငယ်ကြရလေ၏။ ရှက်စရာကို ရှက်စရာဟုမသိခဲ့သူများဖြစ်ရာ ထိုအခါမှသာရှက်တတ်ကြလေသည်။ ရှက်ခြင်းဆိုသည်ကို သိကြလေသည်။

Myanmar government overuse the police force to break up student protest. (10.3.2015, Tuesday)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီးများသည် ထိုမယဉ်ကျေးသော၊ ရိုင်းစိုင်းသော လူအန္ဓများ မြန်မာနိုင်ငံအားထာဝရအုပ်ချုပ်သွားမည်ကို အလွန်ပင်စိုးရိမ်ခဲ့ကြသည်။ ၄င်းတို့အသက်ပေးတိုက်ယူသွားခဲ့သော လွတ်လပ်ရေးဆိုသည်မှာ မြန်မာနိုင်ငံသားတို့ သာတူညီမျှခွင့်၊ လွတ်လပ်စွာရပ်တည်ခွင့်၊ လွတ်လပ်စွာ မိမိအမြင်ကိုဖော်ထုတ်ခွင့်၊ ကမ္ဘာ့အလယ်တွင် မြန်မာတို့သိက္ခာရှိစွာ ရပ်တည်နိုင်ခွင့်၊ မိမိကံကြမ္မာမိမိပြဌာန်းနိုင်ခွင့် စသည်…စသည်တို့သော လူယဉ်ကျေးတို့၏စံနှုန်းများစွာအတွက်ဖြစ်ခဲ့ရာ ထိုလွတ်လပ်ရေး၏ အခြေခံပန်းတိုင်ကိုရောက်ဖို့ကိုပင် ကျွန်ုပ်တို့ယခုအများကြီး ကြိုးစားကြရဦးမည် ဖြစ်၏။
ယခုအခါ ထိုခရီးတွင် ကျွန်ုပ်တို့အတွက်အလုပ်တစ်ခု ပိုလာရပေ၏။ ၄င်းမှာ မယဉ်ကျေးသေးသော(uncivilized) အရိုင်းအစိုင်း(barbarian) များကို ယဉ်ကျေးသောလူများဖြစ်လာအောင်၊ ယဉ်ပါးလာအောင် လက်ရှိခေတ် လူ့အဖွဲ့အစည်း (civilization)ထဲသို့ အရင်ဆုံး ကျုံးသွင်း၊ သိမ်းသွင်းရမည့် အလုပ်ပင်ဖြစ်တော့သည်။ ။

--

--