Myanmar’s Unconstitutional Law Against Citizen Rights မြန်မာရဲ့ မဆိုင်းမတွ အမြန်ဆုံးဖျက်သိမ်းသင့်တဲ့ ဥပဒေနဲ့ပုဒ်မ

“အစိုးရကိုအကြည်ညိုပျက်စေသော” တဲ့။ ထိုစကားစုကို ခဏခဏတွေ့မိသော်လည်း ကျွန်ုပ်ကောင်းကောင်းနားမလည်။ အစိုးရကိုကြည်ညိုခြင်း၊ မကြည်ညိုခြင်းသည် နိုင်ငံသားတိုင်း၏ ကိုယ်ပိုင်လွှတ်လပ်ခွင့်ဖြစ်သည်။ အမှန်စင်စစ် အစိုးရဆိုသည်မှာ နိုင်ငံ့ကိစ္စအထွေထွေများကို (၄နှစ် ၊သို့၊ ၅နှစ်တာ) စီမံခန့်ခွဲအုပ်ချုပ်ခွင့်ရသည် အဖွဲ့အစည်းသက်သက်မျှသာဖြစ်သည်။ လူတွေက ၄င်းကိုလေးစားလျှင် အမြင်ကြည်မည်၊ အကောင်းပြောမည်။ မကြိုက်လျှင်အဆိုးပြောမည်၊ ဝေဖန်မည်၊ ရှိသည်အသိပညာနှင့်ဝေဖန်စစ်ကြောမည်။ ဤမျှအခြေခံသဘောငှာ ရိုးစင်းခြင်းအတိရှိ၏။

ဤမျှရိုးစင်းလှသော ထိုသဘောသည် ဒီမိုကရေစီစနစ်၏ အခြေခံကျသောတန်ဖိုးတစ်ခုလည်းဖြစ်သည်။ ကိုယ်ကရွေးချယ်လိုက်သော (သို့မဟုတ်၊ ကိုယ်က မရွေးချယ်လိုက်သော) အစိုးရတစ်ရပ်ကို လွတ်လပ်စွာ (သဘောရှိ၊ မနောရှိ) ဝေဖန်ခွင့်ရှိခြင်းသည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအတွက် အခြေခံကျသောဆုလာဘ်လည်းဖြစ်၏။ ထိုနည်းဖြင့်လည်း အစိုးရတစ်ရပ်သည်အာဏာကို အလွှဲသုံးစားမလုပ်ရန်၊ အာဏာကိုမရစ်မူးမိစေရန်၊ လမ်းမလွှဲသွားစေရန် ပြည်သူပြည်သားများက ဝိုင်းဝန်းထိမ်းကျောင်းပေးနိုင်သည်။

လက်ရှိကျင့်သုံးနေသော အခြေခံဥပဒေတွင်လည်း နိုင်ငံသားတို့၏ အခွင့်အရေးနှင့်ပက်သက်ပြီး “နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်” ရှိသည်ဟု ပြဌာန်းထားရာ ထိုရှိရင်းစွဲအခြေခံဥပဒေ၏အချက်ကိုပင် မလိုက်နာသောဥပဒေ(unconstitutional laws)များ၊ ပုဒ်မများကို အမြန်ဆုံးမဆိုင်းမတွ ပယ်ဖျက်ပစ်နိုင်မှသာလျှင် ကျွန်ုပ်တို့သည် လွှတ်လပ်မှု၏အရသာကို အမှန်ခံစားရနိုင်မည်ဖြစ်၏။ နို့မဟုတ်ချေက ကျွန်ုပ်တို့နိုင်ငံသည် နိုင်ငံသားတို့၏လွတ်လပ်ခွင့်(freedom)ကိုပင် ကနေ့အချိန်အထိ တိုင်အောင် တောင်းဆိုနေရသောအဆင့်က တက်နိုင်ဦးမည် မဟုတ်သေးချေ။ ထိုအခါ နိုင်ငံတိုးတက်အောင် ဝိုင်းဝန်းလုပ်ဆောင်ရမည့် အရေးများလည်း အလိုအလျောက်နှောင့်နှေးတော့မည်သာဖြစ်၏။ အထူးနစ်နာမည်ကား နောင်လာလတ္တံသော မြန်မာတို့၏မျိုးဆက်များပင် ဖြစ်ပေသည် မဟုတ်ပါလား။ ။

၂၀၀၈ အခြေခံဥပဒေမှ မြန်မာနိုင်ငံသားတို့၏ အခွင့်အရေးနှင့်ပက်သက်သော အချက်အချို့။

--

--