This Book is Just Going Viral in Myanmar Community: But It Won’t be Legendary

This groundbreaking erotica book is provoking Burmese people and testing the new democracy in Myanmar. They says “It’s too much!”

အခုတစ်လော ဟိုးလေးတစ်ကျော်ဖြစ်နေသော အောင်ရင်ငြိမ်း၏ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာစာအုပ်သည် အမှန်တော့ ဗိုင်ရယ်လ် (Viral) ဖြစ်ခြင်းမျှသာဖြစ်၏။ ထို့ထက်မပို။ အနုပညာလက်ရာတစ်ခု (သို့) အပြုအမူတစ်ခုသည် တမုဟုတ်ခြင်း (လူသတင်းလူခြင်းဆောင်ကာဖြစ်စေ၊ အင်တာနက်၊ အီးမေးလ်သုံးကာဖြစ်စေ) ပြန့်ပွားသွားခြင်း၊ ပျံ့နှံ့ရောက်ရှိသွားခြင်း၊ လူများ၏ပါးစပ်ဖျားတွင် ရေပန်းစားသလိုဖြစ်ခြင်းကို ဗိုင်ရယ်လ် (viral) ဖြစ်ခြင်း (မြန်မာလို ရုတ်တရက်ဟိုးလေးတစ်ကျော်ဖြစ်ခြင်း)ဟုခေါ်သည်။
ဆန်းသောကြောင့်ဖြစ်စေ၊ လက်မခံနိုင်သောကြောင့်ဖြစ်စေ၊ လူပြောများသောကြောင့်ဖြစ်စေ လူတိုင်းကသိချင်(ဖတ်ချင်) သလိုမျိုးဖြစ်ယုံသက်သက်သာဖြစ်၏။ ၄င်းစာအုပ်သည် “ပေါက်” ခြင်းမဟုတ်။

“ပေါက်” သွားသောစာအုပ်ဆိုသည်မှာ သူ့ခေတ်သူ့ခါက ဆရာကြီးဒဂုန်တာရာ၏ “မေ”၊ ဆရာသိန်းဖေမြင့်၏ “အရှေ့ကနေဝန်းထွက်သည့်ပမာ” တို့လိုစာအုပ်မျိုးကိုမှ သတ်မှတ်ရပေမည်။ မျိုးဆက်အဆက်ဆက် အကြိမ်ကြိမ်ရိုက်နှိပ်၊ ထုတ်ဝေရလောက်အောင် (မြန်မာဖြစ်ပြီး ဤစာအုပ်များကို မဖတ်ဘူးသေးလျင် လူဖြစ်ရကျိုးမနပ်ဟု ဆိုရမတတ်) ကောင်းမွန်သောကြောင့်ဖြစ်၏။

ဗိုင်ရယ်လ်သည် ကောက်ရိုးမီးသာဖြစ်ကာ၊ ၄င်းသည်ဖွဲမီးမဟုတ်သည်ကို ကျွန်ုပ်တို့သတိချပ်သင့်ပေသည်။

ထို့ပြင် ဤဗိုင်ရယ်လ်ဖြစ်သောအရာကို လူများကနောင်တစ်ချိန်တွင် အကြိမ်ကြိမ်ပြန်လည်ခံစားကြလေ့ မရှိတတ်ပေ။ ၄င်းသည် သိပြီးလျင်လုံလောက်သွားသော ဓလေ့ရှိတတ်သည်။ (မသိသေးလျင် ခေတ်မမှီဟုလူအများက အထင်ရောက်တတ်သဖြင့် လူတွေကသိယုံသာသိအောင် ခံစားခြင်းမျိုးဖြစ်၏) ဤသည်ကို ဥပမာ၊ ဥပမေယျဖြင့်ညွန်ပြရလျင် ကိုရီးယားအဆိုကျော် PSY ၏ Gangnam style သီချင်းသည် Youtube တွင်ကမ္ဘာ့တစ်လွှားသန်းထောင်ချီအောင် ကြည့်ရသော သီချင်းဖြစ်သည်။ ၄င်းသည် ဗိုင်ရယ်လ်ဖြစ်ခြင်းဖြစ်သည်။ နောင်တွင် အားအားရှိတိုင်း လူအများစုပြန်လည်ခံစားနားထောင်ဖို့ရာတော့ ဤသီချင်းသည် ထိုမျှလောက်အဖြစ်မရှိ။ သို့သော် လူငယ်အမျိုးသမီးအဆိုတော် Adele ၏သီချင်းခွေ “21" ထဲကသီချင်းများကတော့ “ပေါက်” သွားခြင်းဟုသတ်မှတ်နိုင်သည်။ လူအများစု အကြိမ်ကြိမ်အခါခါ ပြန်လည်ခံစားနိုင်သော(ခံစားချင်သော) အနုပညာများကို ဖြည့်စွက်ထားသောကြောင့်ဖြစ်၏။ ။

--

--