ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး တဖန်နီးကပ်လာပြန်ပြီဖြစ်ရာ ကျွန်ုပ်တို့ကိုယ်တွင်းမှ “ဘောလုံးပိုး” များကား မိုးသံလေသံကြားသောကြောင့် မရိုးမရွဖြစ်လာတတ်သော ဖားသူငယ်များကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်လာရပြန်ချေပြီ။ ၄နှစ်ကြာမှတစ်ကြိမ် ထရသောရောဂါဖြစ်သော်လည်း ကမ္ဘာ့တစ်လွှား သန်းထောင်ချီသောလူများလည်း ပျော်ပျော်ရွှင်ရွှင်ကူးစက်ခံလျက်ရှိသောကြောင့် အလွန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသော အခါသမယလည်းဖြစ်၏။ တချို့ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက်လောက်အောင်အားပေးရသော beautiful game ဖြစ်ရာ ကျွန်ုပ်မှာလည်းပင်ကိုယ်ဗီဇ၊ ဝါသနာကြီးသူတစ်ဦးဖြစ်သောကြောင့် ဝါသနာတူရာ မိတ်ဆွေအပေါင်းအသင်းများအား အဖော်ညှိကာ ဤပြိုင်ပွဲကြီးကား မည်ကဲ့သို့ဖြစ်မည်နည်းဟု တွေးတောလျက်ရှိသည်။
အိမ်ရှင်နိုင်ငံအဖြစ်သာမက ဘောလုံးအစဉ်အလာပါ အလွန်ကြီးမားသော အချိန်ပြည့်ချံပီယံကြီး ဘရာဇီးလ်ကား ထုံးစံအတိုင်းတကမ္ဘာလုံးကြိုက်သော နှင်းဆီခိုင်ဖြစ်၏။
တောင်၊မြောက် အမေရိကတိုက်တွင်ကျင်းပသမျှ ပြိုင်ပွဲတိုင်းတွင် ဥရောပအသင်းများဗိုလ်မစွဲဟူသော အစဉ်အလာကလည်း အားကောင်းခိုင်မာလျက်ရှိနေရာ ဒုတိယရေပန်းစားသောအသင်းမှာ အာဂျင်တီးနားအသင်းဖြစ်၏။
အချို့ကလည်း ဥရုဂွေးကိုပါ အမေရိကသားဖြစ်သောကြောင့် ကြိုက်ကြ၏။
ကျွန်ုပ်ကတော့ အမြဲတမ်းအားပေးနေကြ အီတလီအသင်းကိုသာ ဘယ်မြေတွင်ကန်ကန်၊ ဘယ်အသင်းနှင့်တွေ့တွေ့၊ ဘယ်သူနှင့်ကန်ကန် ပုံမှန်အားပေးရမည်ဖြစ်သည်။ ပြီးခဲ့သည့်ပြိုင်ပွဲတွင် အဇူရီတို့ခမျာ အုပ်စုအဆင့်မှပင် တပ်ခေါက်ခဲ့သောကြောင့် ရှုံးထွက်အဆင့်မှစတင်ကာ ၄င်းပြိုင်ပွဲ၏အရသာသည် ဆားမပါသော ဟင်းကဲ့သို့ဖြစ်ခဲ့ရ၏။ ဤပြိုင်ပွဲတွင်ကား အီတလီတို့သည် ဗိုလ်လုပွဲထိသို့ တိုင်အောင်ဆားထုတ်သယ်ကာ ပြိုင်ပွဲအရသာမပေါ့အောင် ဆားခတ်မည်ဟု ခပ်သဲ့သဲ့မျှော်လင့်ရပေသည်။
သို့သော်အကြောင်းကြောင်းကြောင့် အီတလီမဟုတ်ပဲ ဘရာဇီးလ်အသင်းဗိုလ်စွဲခဲ့သည်ရှိသော် ဝမ်းသာစရာပင်ဖြစ်ဦးမည် ဖြစ်သည်။ (စာညှပ်။ ။ ကျွန်ုပ်၏မိတ်ဆွေရောင်းရင်းအချို့နှင့် ဗိုလ်စွဲမည့်အသင်းကို သူနိုင်ကိုယ်ပြိုင်ရွေးချယ်ထားကြရာတွင် ဘရာဇီးလ်နှင့်အီတလီကို ကျွန်ုပ်အရအမိ အသာစီးရယူထားခဲ့နိုင်သည်။) ထို့ကြောင့်လည်း ကျွန်ုပ်၏ပင်ရင်းသဘောကိုသာ အားမနာပပြောရလျှင် လွန်ခဲ့သော အနှစ်၂၀ကာလက အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော ၁၉၉၄ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကကဲ့သို့ပင် ယခု၂၀၁၄ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတွင်ဘရာဇီးလ်နင့် အီတလီကိုသာတွေ့စေချင်သည်။
ဘာပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကောင်းယုံမျှဖြင့် အောင်မြင်မှုမရရှိနိုင်သော၊ teamworkနှင့်အနုပညာကို လှလှပပ ပေါင်းစပ်ထားနိုင်သော အားကစားပြိုင်ပွဲကြီးကား ဝါသနာထုံသူများရူးသွပ်ဖို့ ဇွန်လ ၁၂ရက်နေ့တွင် အချိန်ကျရောက်လာပြီဖြစ်လေသည်။ ကြည့်ရှု့ရင်ခုန်ကြပါစို့။ ။
Email me when New Myanmar အသစ်တစ်ဖန်မြန်မာ publishes stories

