အာဏာသိမ်းထိုင်းစစ်တပ်ကို မည်သည့်ဒီမိုကရက်တစ်နိုင်ငံကမှ အသိအမှတ်ပြု မထောက်ခံပဲ မည်ကဲ့သို့ဒဏ်ခတ်ရမည်ကို စဉ်းစားချင့်ချိန်နေကြချိန်တွင် ကျွန်ုပ်တို့မြန်မာပြည်အစိုးရ၏ နိုင်ငံခြားရေးဌာနကမူ — အာဏာသိမ်းထိုင်းစစ်တပ်အား မြန်မာအစိုးရက အသိအမှတ်ပြုကြောင်း ထုတ်ပြန်လိုက်လေ၏။ ဆိုးလေစွ။ ယခုအချိန်အထိ ဤအာဏာသိမ်းလုပ်ရပ်အား အသိအမှတ်ပြုဖို့အသာထား ထောက်ခံကြောင်းပြသသောနိုင်ငံတောင် ရှားရှားပါးပါး နှစ်နိုင်ငံသာရှိ၏ — တရုတ်နှင့်ဗီယက်နမ်ဖြစ်သည်။
ယဉ်ကျေးသော၊ အကျင့်သိက္ခာမြင့်မားသော (ဤနေရာတွင် civilized ဖြစ်ခြင်းကိုဆိုလိုသည်) ဘယ်လူ့အဖွဲ့အစည်းကမှ စစ်သားများ ကျဉ်ဆံအသင့်ထည့်ထားသော (ရန်သူကို တစ်မဟုတ်အတွင်းသေစေနိုင်သည့်) လက်နက်များကိုင်ဆောင်ကာ မြို့ထဲလမ်းမပေါ်တက်လာခြင်းကို မကြိုဆို၊ မထောက်ခံ — အသိအမှတ်ပြုဖို့ဆိုသည်မှာ ဝေလာဝေးဖြစ်သည်။ ယခု ဒီမိုကရေစီကိုသက်ဝင်ယုံကြည်သည်ဟု အမည်ခံထားသော မြန်မာအစိုးရမှ ဤလုပ်ရပ်မျိုးကို အသိအမှတ်ပြုခြင်းကား လုံးဝမသင့်သော ကိစ္စမျိုးဖြစ်သည်။ အဘယ်ကဲ့သို့သော နိုင်ငံခြားရေးမူဝါဒ၊ ဒီမိုကရက်တစ်ပေါ်လစီကို ကျင့်သုံးနေသည်ဆိုစေကာမူ စစ်တပ်မှအာဏာသိမ်းသော လုပ်ရပ်မျိုးအား ၂၁ရာစုတွင် မထောက်ခံ၊ အသိအမှတ်မပြုသင့်တော့ချေ။
တစ်နေ့ထက်တစ်နေ့ ပိုမိုအမြင်ကျယ်လာသော၊ လွတ်လပ်မှု၊၊ ကိုယ်ပိုင်လုံခြုံမှုကို အလွန်တန်ဖိုးထားလာသော မြန်မာများအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများသည် ဤလုပ်ရပ်များကို ငြီးငွေ့၊ ရွံ့ရှာ၊ စက်ဆုပ်နေကြပေပီ။
သမိုင်းတကွေ့တွင်ကြုံခဲ့ဖူးသည့်လူများကပင် — တော်ပါတော့၊ တော်ပါတော့ဟုဆိုနေကြချေပီ။ ဤနေရာတွင် လက်ရှိအမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက (ထိုင်းစစ်တပ်က အာဏာသိမ်းကြောင်းသိပြီးပြီးခြင်း) တုန့်ပြန်လိုက်သော မှတ်ချက်တစ်ရပ်ကို မှတ်သားသင့်ပေသည် — “ဘယ်လိုအကြောင်းပြချက်မျိုးကမှ စစ်တပ်ကအာဏာသိမ်းရလောက်အောင် မလုံလောက်ဘူး (No justification for the military coup)” ဟုဖြစ်သည်။ ဤသို့သောမှတ်ချက်သည် ယဉ်ကျေးသော၊ အကျင့်သိက္ခာမြင့်မားသော လူ့အဖွဲ့အစည်းအတွက်သာဖြစ်ရာ မြန်မာအစိုးရသည်လည်း ၄င်းလူ့အဖွဲ့အစည်းအတွင်းတွင် မြန်မာပြည်သည် အခိုင်အမာရပ်တည်နေပြီဖြစ်ကြောင်း ပြသဖို့လိုပေသည်။ သို့သော် မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာန၏ director-general ဆိုသူ ဦးအောင်လင်း၏ ဤသို့သောမှတ်ချက်မျိုးဖြင့်တော့မဟုတ်ချေ — “Of course we do recognise them” ဖြစ်၏။ ။
Email me when New Myanmar အသစ်တစ်ဖန်မြန်မာ publishes stories
